ဗီယက်နမ်နိုင်ငံ ဒါနန်းမြို့က ပထမဆုံး သစ်တောလေ့လာရေးကျောင်း

ဒါနန်း ( ၂၅ သြဂုတ် ၂၀၁၉)

ဗီယက်နမ်နိုင်ငံ ဒါနန်းမြို့က ဆွန်ချာ သဘာဝထိန်းသိမ်းရေး ဥယျာဉ်မှာ သစ်တောသဘာဝ လေ့လာရေးကျောင်းကို သြဂုတ်လလယ်ပိုင်းက စတင်ဖွင့်လှစ်လိုက်ပါတယ်။ အထူးသဖြင့်တော့ ကျောင်းသားကလေးငယ်တွေကို ပြင်ပဗဟုသုတနဲ့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာပေးဖို့ ရည်ရွယ်ပြီး ဖွင့်လှစ်ခဲ့တာပါ။

အဲဒီကျောင်းဟာ ကျောင်းသားလူငယ်တွေအတွက် တန်ဖိုးရှိတဲ့ အတွေ့အကြုံတွေ သင်ခန်းစာတွေ ပေးနိုင်တဲ့ ဒါနန်းမြို့ရဲ့ ပထမဆုံး သစ်တော လေ့လာရေးကျောင်း ဖြစ်တယ်လို့ ကျောင်းအုပ်ကြီး ငုယင် သီထ်သိန်းက ပြောပါတယ်။

 

Credit – vietnamnews

သင်တန်းကျောင်းလုပ်ငန်းစဉ်တွေထဲမှာ တောတွင်းလေ့လာရေးကွင်းဆင်း ခရီးစဉ်တွေ အပြင် အဲဒီထိန်းသိမ်းရေး ဥယျာဉ်မှာရှိတဲ့ သစ်ပင်၊ပန်းပင်တွေနဲ့ တိရိစ္ဆာန်မျိုးစိတ်တွေကို သုတေသနလုပ်ရမယ့် လှုပ်ရှားမှုတွေ ပါပါတယ်။

ဒါ့အပြင် ဂေဟစနစ် ပညာပေး ၊ တောတွင်း သုတေသန လက်တွေ့အတွေ့အကြုံတွေနဲ့ red-shanked douc လို့ခေါ်တဲ့မျိုးတုန်းလုနီးပါး အန္တရာယ်ရင်ဆိုင်နေရတဲ့ ရှားပါးမျောက်တွေရဲ့ ဘဝနေထိုင်မှုတွေကိုလည်း လေ့လာခွင့်ပေးသွားမှာပါ။

Credit – vietnamnews

သစ်တောလေ့လာရေးကျောင်း ဖွင့်လှစ်ရတဲ့ ရည်ရွယ်ချက်က  လူငယ် မျိုးဆက်သစ်တွေ သဘာဝကို ချစ်မြတ်နိုးဖို့ ၊ သစ်တောတွေကို ထိန်းသိမ်းဖို့နဲ့ တောရိုင်းတိရိစ္ဆာန်တွေကို ကာကွယ်ဖို့ ဖြစ်တယ်လို့ ကျောင်းအုပ်ကြီး ငုယင် သီထ်သိန်းက ပြောပါတယ်။

ဒါနန်းမြို့က ဆွန်ချာ သဘာဝထိန်းသိမ်းရေး ဥယျာဉ်ဟာ ဧရိယာ ၄,၄၀၀ ဟတ်တာ ကျယ်ဝန်းပြီး အပင်အမျိုးအစားပေါင်း ၁,၀၀၀ကျော်နဲ့ တိရိစ္ဆာန်မျိုးစိတ်ပေါင်း ၃၇၀ကျော် နေထိုင်ကျက်စားကြပါတယ်။ အဲဒီဥယျာဉ်ကို လစဉ် လူပေါင်း ၁သောင်းထက်မနည်း လာရောက်လည်ပတ်ကြတယ်လို့ ဗီယက်နမ်နယူးစ် သတင်းဌာနက ဖော်ပြပါတယ်။

Ref : vietnamnews