အမျိုးသမီး တဦးကို ကိုယ်ထိလက်ရောက် နှောင့်ယှက်ခဲ့တဲ့ Squid Game သရုပ်ဆောင် ဆိုင်းငံ့ထောင်ဒဏ် ချမှတ်ခံရ

မတ် ၊ ၁၆

ကမ္ဘာကျော် ရုပ်မြင်သံကြား ဇာတ်လမ်းတွဲ Squid Gameမှာ ပါဝင်သရုပ်ဆောင်ခဲ့သူ အိုယုံဆူဟာ ကိုယ်ထိလက်ရောက် နှောင့်ယှက်မှု စွပ်စွဲချက်အတွက် ပြစ်မှုထင်ရှားကြောင်း တရားရုံးက ဆုံးဖြတ်ခဲ့ပါတယ်။

အသက် ၇၉ နှစ် ရှိပြီဖြစ်တဲ့ အိုဟာ အမျိုးသမီး တဦးကို နှစ်ကြိမ်တိုင်တိုင် နှောင့်ယှက်ခဲ့မှုကြောင့် ၂၀၂၂ ခုနှစ်မှာ တရားစွဲဆို ခံခဲ့ရတာပါ။ အဲဒီ ကျူးလွန်မှုတွေဟာ တရားစွဲ မခံရခင် ၅ နှစ်အကြာ ၂၀၁၇ ခုနှစ်ထဲမှာ ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။

အဲဒီ အချိန်တုန်းက အိုဟာ ပြဇာတ်တခု ကပြဖို့ ကိစ္စအတွက် ကျေးလက် ဧရိယာ တခုဆီ ရောက်နေခဲ့တာလို့ သိရပါတယ်။ အခုတော့ သူဟာ စွဲချက်တွေအတွက် ပြစ်မှုထင်ရှားကြောင်း ဆူဝန်ခရိုင် တရားရုံးရဲ့ စီရင်ချက်ကို လက်ခံခဲ့ရပြီး ဆိုင်းငံ့ထောင်ဒဏ် ၈ လ ချမှတ် ခံခဲ့ရပါတယ်။

စွပ်စွဲချက်ထဲမှာတော့ အိုဟာ အမျိုးသမီး တဦးကို ကာယကံရှင် ဆန္ဒမပါဘဲ အတင်းဖက်ပြီး ပါးကို နမ်းခဲ့တယ်လို့ ဖော်ပြထားပါတယ်။ အိုဟာ အလားတူ ပြစ်ဒဏ်မျိုး ထပ်မံ ကျူးလွန်ရင် ဆိုင်းငံ့ထောင်ဒဏ်က အသက်ဝင်လာမယ်လို့ ဆိုပါတယ်။ သူဟာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ဟန့်တားရေး သင်တန်းတွေကိုလည်း တက်ရောက်ဖို့ တရားရုံးရဲ့ ညွှန်ကြားမှုကို ခံခဲ့ရကြောင်း သိရပါတယ်။

အိုက သူဟာ ဘယ်လိုအမှားမှ မကျူးလွန်ခဲ့ဘူးလို့ အစဉ်တစိုက် ထွက်ဆိုခဲ့ပေမယ့် တရားသူကြီးကတော့ စွပ်စွဲသူဖက်က အဆိုတွေနဲ့ တင်ပြချက်တွေဟာ ခိုင်မာ အားကောင်းလွန်းတယ်လို့ လက်ခံခဲ့ပါတယ်။ 

အိုဟာ ကမ္ဘာကျော် တောင်ကိုရီးယား စီးရီးဖြစ်တဲ့​ Squid Gameမှာ ပါဝင် သရုပ်ဆောင်ရင်း လူသိများလာခဲ့ပါတယ်။ Netflixဟာ အဲဒီစီးရီးကို ပြသချိန်မှာ မျှော်လင့်မထားလောက်အောင် အောင်မြင်မှုတွေ ရရှိခဲ့ပြီး ၂၀၂၁ ခုနှစ်တုန်းက စတင် ထုတ်လွှင့်ချိန်မှာ ကမ္ဘာတလွှားက လူပေါင်း သန်း ၁၀၀ ကျော် စောင့်ကြည့်ခဲ့ကြပါတယ်။

Ref: BBC