ကျိုက်ဒုံဗျူဟာ ဗျူဟာမှူးအပါအဝင် အင်အားခြောက်ဆယ်ကျော် လက်နက်ချ

မတ်၊ ၁၅ 

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် ကျိုက်ဒုံမြို့အခြေစိုက်ဗျူဟာကုန်းကို မနေ့ မတ်လ ၁၄ ရက် ည နေ ပိုင်းမှာ တော်လှန်ရေးအင်အားစုတွေက တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး တိုက်ပွဲအတွင်း ဗျူဟာမှူးပါအဝင် အင်အား ၆၀ ကျော် အလံဖြူထောင်လက်နက်ချအညံ့ခံခဲ့တယ်လို့ ကေအဲန်ယူ – တပ်မဟာ ၆ ပြောရေးဆိုခွင့်ရှိသူ ပဒိုစောလစ္ စတန်က DNA ကို အတည်ပြုပါတယ်။

 “ကျိုက်ဒုံကို မနေ့ ညနေက သိမ်းပြီးပြီခင်ဗျ၊ သူတို့ကို လက်နက်ချခိုင်းတာကြာပြီ၊ တလလောက်ရှိတယ်၊ မီးကုန် ယမ်းကုန်ကြဲပီးမှ လက်နက်ချတာပါ၊ ဗျူဟာမှူးနဲ့ G2 အပါအဝင်ပေါ့”လို့ သူက ပြောပါတယ်။

ကျိုက်ဒုံးဗျူဟာကုန်းစခန်းမှာ ဗျူဟာမှူး ဗိုလ်မှူးကြီး အောင်ကျော်စိုးနဲ့အတူ  စစ်သား၊ရဲတပ်ဖွဲ့ဝင်အပါအဝင်  အင်အားတရာကျော်တပ်စွဲထားတာဖြစ်ပြီး တိုက်ပွဲအတွင်း ဗိုလ်မှူးကြီး အောင်ကျော်စိုးအပါအဝင် တပ်ဖွဲ့ဝင် ခြောက်ဆယ်ကျော်ကို ဖမ်းဆီးထားပေမဲ့ ကျန်တဲ့သူတွေက ထွက်ပြေးသွားတာလားဆိုတာ မသိရသေးဘူးလို့ ဆိုပါတယ်။

အဲဒီကျိုက်ဒုံဗျူဟာစခန်းကုန်းဟာ နှစ်ပေါင်းသုံးဆယ်နီးပါးသက်တမ်းရှိတဲ့ စစ်တပ်စခန်းကုန်းတခုဖြစ်ပြီး ပြီး  ခဲ့တလ ဝန်းကျင်ကတည်းက ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ၊ ပြည်သူ့ကာကွယ်ရေးပူး ပေါင်းအဖွဲ့တွေက စတင်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

စခန်းသိမ်းတိုက်ပွဲဆင်နွှဲနေချိန်မှာ စစ်ကောင်စီတပ်ဖွဲ့တွေကို လက်နက်ချအညံ့ခံဖို့ အသိပေးပြောဆိုခဲ့သလို ရိက္ခာ နဲ့ စစ်ကူမလာနိုင်အောင် တော်လှန်ရေးတပ်ဖွဲ့တွေက ပိတ်ဆို့ထားခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ဖွဲ့တွေက ကျိုက်ဒုံစခန်းကုန်းမကျဖို့အရေး လက်နက်ကြီး လေကြောင်းပစ်ကူတွေပေးခဲ့ပေမဲ့ တလ ကျော်အကြာ မနေ့ မတ်လ ၁၄ ရက် ညနေ လေးနာရီခွဲခန့်မှာ စခန်းကို အလုံးစုံတိုက်ခိုက်သိမ်းပိုက် နိုင်ခဲ့ တာ ဖြစ်ပါတယ်။

အခုဖမ်ဆီးထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ရှေ့ဆက်ဘယ်လိုဆောင်ရွက်သွားမလဲဆိုတာ မဆုံးဖြတ်ရသေး ဘူးလို့ ပြောခွင့်ရ ပဒိုစောလစ္စတန်က ပြောပါတယ်။

“မသိသေးဘူးဗျ၊ ခုတော့ ကျွေးမွေးထားရတာပေါ့၊ သူတို့က ဘာမှမရှိတော့ဘူး၊ အဝတ်တထည်ကိုယ်တခုဘဲဆို တော့ အဝတ်အထည်ဖိုးတောင်ထုတ်ပေးဝယ်ပေးရတာ” လို့ သူက ပြောပါတယ်။

အဲဒီကျိုက်ဒုံဗျူဟာကုန်းစခန်းဟာ ကြာအင်းဆိပ်ကြီးမြို့နယ်ကို အကာအကွယ်ပေးထားတဲ့ ရှေ့တန်းစခန်း တခု ဖြစ်သလို ပိုင်ခလိုင်လို့ခေါ်တဲ့ ထိုင်းနယ်စပ်ထွက်ပေါက်ကိုထိန်းချုပ်နိုင်တဲ့ ရှေ့တန်းစခန်းလည်း ဖြစ်တယ်လို့ သိရ ပါတယ်။

ဒီစခန်းကို သိမ်းပိုက်နိုင်လိုက်တာကြောင့် ကျိုက်ဒုံမြို့ကို ထိန်းချုပ်နိုင်ပြီလို့ ပြောနိုင်ပေမယ့်  လက်ရှိ ကျိုက်ဒုံ မြို့ခံတွေကတော့ တိုက်ပွဲတွေကြောင့် စစ်ရှောင်နေကြတယ်လို့ သိရပါတယ်။

ကျိုက်ဒုံဗျူဟာစခန်းသိမ်းတိုက်ပွဲကာလအတွင်း တော်လှန်ရေးပူးပေါင်းအဖွဲ့ဘက်က သုံးဦးကျဆုံးကာ ငါး ဦး ထက်မနည်းထိခိုက်ဒဏ်ရာရရှိခဲ့ပြီး လက်နက်ခဲယမ်းအမြောက်အများကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါ တယ်။

လက်နက်ခဲယမ်းဘယ်လောက်သိမ်းဆည်းနိုင်ခဲ့တယ်ဆိုတာကိုတော့ မသိရသေးပါဘူး။

ကျိုက်ဒုံဗျူဟာစခန်းကုန်း လက်လွှတ်လိုက်ရပြီးချိန်အထိ စစ်ကောင်စီက လေကြောင်းကနေ ပစ်ခတ်တာတွေ ရှိနေ သေးတဲ့အတွက် လက်ရှိအချိန်ထိ ဒေသခံတွေက နေရပ်မပြန်လာနိုင်ကြသေးဘူးလို့ ဆိုပါတယ်။

ပုံစာ – ကရင်ပြည်နယ်အတွင်းတွေ့ရတဲ့ KNLA ပူးပေါင်းတပ်ဖွဲ့ဝင်များ