တင့်ကားတွေ စစ်ရေးလေ့ကျင့်မှုမှာ ကိုယ်တိုင် ဝင်ပါခဲ့တဲ့ ကင်ဂျုံအန်း

မတ်၊ ၁၅

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းဟာ တင့်ကားတွေ လက်တွေ့ သရုပ်ပြ ချီတက် တိုက်ခိုက်တဲ့ လေ့ကျင့်မှု တခုမှာ ကိုယ်တိုင် ပါဝင်ပြီး တင့်ကားမောင်းခဲ့တယ်လို့ ဆိုပါတယ်။

 အစိုးရပိုင် KCNA သတင်းဌာနက ကင်ဟာ အခုသီတင်းပတ် လေ့ကျင့်မှုမှာ အစောပိုင်းတုန်းက ထိန်းချုပ်ရေး စင်တာကနေ စောင့်ကြည့် ကွပ်ကဲခဲ့ပေမယ့် နောက်တော့ တင့်ကားတစီးထဲ ကိုယ်တိုင်ဝင်ရောက် မောင်းနှင်ခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။ ဒါ့အပြင် ကင်က တင့်ကားတစီးရှေ့မှာ မြောက်ကိုရီးယား စစ်သားတွေနဲ့ တွဲရိုက်ထားတဲ့ ဓာတ်ပုံရယ်၊ တင့်ကားတစီး မောင်းနှင်နေချိန် ရှေ့ဖက် အပေါက်ကနေ ကင်က ခေါင်းပြူကြည့်နေတဲ့ ဓာတ်ပုံရယ်ကိုလည်း ​KCNAက ထုတ်ပြန် ပြသခဲ့ပါသေးတယ်။

 ကင်ဟာ ၂၀၂၀ ပြည့်နှစ်မှာ စတင်ပွဲထုတ် မိတ်ဆက်လာခဲ့တဲ့ မြောက်ကိုရီးယားရဲ့ ပင်မ တိုက်ခိုက်ရေး တင့်ကားအသစ်တွေရဲ့ စွမ်းဆောင်ရည်ကိုလည်း အထူး ကျေနပ်နေတယ်လို့ ဆိုပါတယ်။ မြောက်ကိုရီးယား စစ်တပ်က အဲဒီ တင့်ကားတွေရဲ့ နာမည်ကို တရားဝင် မကြေညာသေးဘဲ အမေရိကန်ကတော့ M2020လို့ ယာယီ ကုတ်ဒ်နာမည်နဲ့ ခေါ်ဝေါ်ပါတယ်။

 ကင်ဟာ ပြီးခဲ့တဲ့ သီတင်းပတ်တုန်းကလည်း မြောက်ကိုရီးယားရဲ့ လက်နက်ကြီးတွေ လက်တွေ့ ပစ်ခတ် လေ့ကျင့်မှု အစီအစဉ် တခုမှာ ပါဝင် ကြီးမှူးခဲ့ပါသေးတယ်။

 အမေရိကန်နဲ့ တောင်ကိုရီးယားတို့က ကိုရီးယားကျွန်းဆွယ် တဝိုက်မှာ နှစ်ပတ်လည် စစ်ရေးလေ့ကျင့်မှု အစီအစဉ်တွေ လုပ်ဆောင်နေချိန်မှာ မြောက်ကိုရီးယားဖက်ကလည်း စစ်အင်အားပြတဲ့ လှုပ်ရှားမှုတွေကို ပိုမို အရှိန်မြှင့်လာတာ ဖြစ်ပါတယ်။

 မကြာသေးခင်မှာ ကင်က မြောက်ကိုရီးယား စစ်တပ်အနေနဲ့ တိုက်ပွဲဝင်ဖို့ အသင့်အနေအထား ပြင်ဆင်မှုတွေကို ပိုမိုအာရုံစိုက်ကြဖို့ အမိန့်ပေးခဲ့သလို တောင်ကိုရီးယားအပေါ် ပိုမိုတင်းမာတဲ့ သဘောထားတွေကိုလည်း ဆက်တိုက် ပြသနေခဲ့ပါတယ်။

 မြောက်ကိုရီးယားရဲ့ တင့်ကားအသစ်ဟာ သမားရိုးကျ ဆုံလည်အမြောက်အပြင် ဒုံးကျည် ပစ်စင်တွေနဲ့ တခြား နည်းပညာ အစိတ်အပိုင်းတွေ ပေါင်းစပ် ပါဝင်နေတာကို တွေ့ရပေမယ့် အလုံးအရင်း ထုတ်လုပ်နိုင်တဲ့ အဆင့်ထိ ရည်ရွယ်ထားသလား ဆိုတာကိုတော့ မသိရသေးပါဘူး။

 Ref: AFP