ရုရှားမှာ ရွေးကောက်ပွဲတွေ စတင်ကျင်းပ၊ ပူတင်ပဲ အလွယ်တကူ အနိုင်ရသွားမယ်လို့ လေ့လာသူတွေ ခန့်မှန်း

မတ်၊ ၁၅

ရုရှား ရွေးကောက်ပွဲကို မတ်လ ၁၅ ရက်နေ့မှာ စတင် ကျင်းပနေပြီး ရလဒ်ကတော့ လက်ရှိ သမ္မတ ဗလာဒီမာ ပူတင်အတွက်ပဲ နောက်ထပ် ၆ နှစ်သက်တမ်း တာဝန်ထမ်းဆောင်ဖို့ သေချာနေပြီးသားလို့ လေ့လာသူတွေက ပြောပါတယ်။

 ၃ ရက်ကြာ ကျင်းပမယ့် ရွေးကောက်ပွဲ မဲပေးမှုတွေမှာ ပူတင်ကို အတိအကျ စိန်ခေါ်နိုင်လောက်အောင် အားကောင်းတဲ့ အတိုက်အခံမျိုး မရှိသလို ရွေးကောက်ပွဲရဲ့ သဘောကိုက ပူတင်အလိုကျ စီမံပြင်ဆင်ထားသလို ဖြစ်နေကြောင်း ဝေဖန်မှုတွေ ထွက်ပေါ်နေပါတယ်။

 ရွေးကောက်ပွဲ မတိုင်ခင် ရက်ပိုင်းအလိုတုန်းက ရုရှားရဲ့ အဓိက အတိုက်အခံ နိုင်ငံရေးခေါင်းဆောင် အလက်စီ နယ်ဗယ်လ်နီဟာ အကျဉ်းစခန်း တခုမှာ သေဆုံးသွားတဲ့ ဖြစ်စဉ်ကြောင့် လှုပ်လှုပ်ခတ်ခတ် ဖြစ်ခဲ့ပေမယ့် ရွေးကောက်ပွဲမှာ ပူတင်ရဲ့ တဖက်သတ် အသာစီး ရနေမှုကို ထိခိုက်သက်ရောက်နိုင်ခြေ မရှိဘူးလို့လည်း လေ့လာသူတွေက သုံးသပ်ထားပါတယ်။

 ရုရှားက အိမ်နီးချင်း ယူကရိန်း နိုင်ငံကို ကျူးကျော် တိုက်ခိုက်ခဲ့တဲ့ စစ်ပွဲ ၂ နှစ်ကျော် ကြာမြင့်လာချိန်မှာ ကျင်းပတဲ့ ရွေးကောက်ပွဲနဲ့ တိုက်ဆိုင်ပြီး ရှေ့တန်းမှာ ရုရှားတပ်တွေ အသာစီး ရလာနေမှုကလည်း ပူတင်ရဲ့ လက်ယာစွန်း အမျိုးသားရေး ဝါဒီတွေကို စိတ်ဓာတ်ရေးရာ ပိုမို တက်ကြွစေဖွယ် ရှိနေပါတယ်။

 မော်စကို အပါအဝင် ရုရှားက မြို့ကြီးတွေမှာ မတ်လ ၁၅ ရက်နေ့က စပြီး ပြည်သူတွေက မဲပေးနေကြတာကို တွေ့ရပါတယ်။ မဲရုံတွေကိုတော့ မတ်လ ၁၇ ရက်နေ့ ညနေပိုင်းမှ ပိတ်သိမ်းသွားမှာပါ။

 လေ့လာသူတွေကတော့ ရုရှားရဲ့ ရွေးကောက်ပွဲတွေဟာ လွတ်လပ်ပြီး မျှတတဲ့ အနေအထားမျိုး မမျှော်လင့်နိုင်သလို ပိုမို ဆိုးရွားတဲ့ အချက်ကတော့ ပြည်သူတွေမှာ ရွေးချယ်စရာပါ များများစားစား မရှိခြင်းလို့ ထောက်ပြကြပါတယ်။ နောက်ပြီး မဲရုံတွေမှာ စောင့်ကြည့်ဖို့ ခန့်အပ်ထားသူတွေကလည်း အစိုးရရဲ့ အကြံပေး ကော်မတီဆီမှာ စာရင်းသွင်း မှတ်ပုံတင်ထားရသူတွေ ဖြစ်ပါတယ်။

 နောက်ပြီး ယူကရိန်း စစ်ပွဲကို ဆန့်ကျင်တဲ့ နိုင်ငံရေးသမား နှစ်ဦးကိုလည်း ရုရှား အာဏာပိုင်တွေက ရွေးကောက်ပွဲ ပါဝင်ယှဉ်ပြိုင်ခွင့်ကနေ အကြောင်းပြချက်မျိုးစုံနဲ့ တားမြစ် ပိတ်ပင်ခဲ့ကြောင်းလည်း သိရပါတယ်။

 Ref: AFP