AA သိမ်းပိုက်ထားတဲ့ ပုဏ္ဏားကျွန်းမြို့ထဲ လက်နက်ကြီးနေ့စဉ်ပစ်ခတ်ခံနေရ၊ ဦးရာဇ်တော် ရှေးဟောင်းစေတီ အစိတ်အပိုင်းတချို့ပျက်စီး၊ အရပ်သားသေဆုံးထိခိုက်မှုတွေလည်း ရှိနေ

မတ်၊ ၁၄
 
ရက္ခိုင့်တပ်တော်(AA)က သိမ်းပိုက်ထားတဲ့ ပုဏ္ဏာကျွန်းမြို့ရှိ ရှေးဟောင်းသမိုင်းဝင် ဦးရာဇ်တော်စေတီကို မနေ့က မနက်ပိုင်းက လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် စေတီတော်အစိတ်အပိုင်းတချို့ ပျက်စီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
 
“စေတီမှာထိသွားတာ မနည်းဘူး၊ ကျောက်တွေ ကွာထွက်သွားတယ်၊ ထွင်းသွားတယ်” လို့ စေတီတော် ထိခိုက်မှုအခြေအနေကို ကိုယ်တိုင်သွားကြည့်ခဲ့တဲ့ ဒေသခံတဦးက ပြောပါတယ်။
 
အဲ့ဒီလက်နက်ကြီးဟာ စစ်ကောင်စီဘက်က ပစ်ခတ်တာဖြစ်ပြီး စစ်တွေမြို့နယ် ပါဒလိတ်ကျေးရွာ အခြေစိုက် တပ်ရင်းတွေက ပစ်ခတ်တာလို့ အခိုင်အမာပြောကြပါတယ်။ ဒီအချက်ကိုတော့ DNA အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးသလို စစ်ကောင်စီဘက်ကလည်း တစုံတရာ ထုတ်ပြန်ပြောဆိုထားတာ မရှိပါဘူး။
 
ဦးရာဇ်တော်စေတီဟာ ပုဏ္ဏားကျွန်းမြို့နဲ့ ကပ်လျက် ချောင်းတခုသာခြားတဲ့ သေလာပိဌိဗ္ဗတောင်ထိပ်ပေါ်မှာ တည်ရှိပြီး စစ်တွေနဲ့ ပုဏ္ဏားကျွန်း နှစ်မြို့နယ်အစပ်နားက စစ်ကောင်စီတပ်ရင်းတွေရှိတဲ့ ပါဒလိပ်ကျေးရွာနဲ့ ဆယ်မိုင်ဝန်းကျင်လောက် ဝေးပါတယ်။
 
“ယုတ်မာတာထက်ကို လွန်သွားပြီလို့ ပြောရမယ်၊ မြို့ကို အငြိုးထားရင်တောင်မှ ရှေးဟောင်းဘုရားပုထိုးတွေကို မလုပ်သင့်ဘူး၊ ဒါက သိပ်ကို အောက်တန်းကျတဲ့အလုပ်လို့ ပြောရမယ်၊ ကျွန်တော်တို့တွေမှာ ခဲလေးနဲ့တောင် ပစ်ဖူးတာမဟုတ်ဘူး၊ အဲဒါကို လက်နက်ကြီးနဲ့ပစ်တယ်” လို့ ပုဏ္ဏာကျွန်းမြို့ခံ လူငယ်တဦးက ပြောပါတယ်။
 
ဉာဏ်တော်အမြင့် ၁၅၃ ပေနဲ့ လုံးပတ် ၄၀၁ ပေ ရှိပြီး တတိယဓညဝတီမင်းဆက် သူရိယစက္ကမင်း လက်ထက် သာသနာနှစ် ၂၂၂ ခုနှစ်မှာ တည်ခဲ့ပြီး မြောက်ဦးခေတ် ဘုရင်မင်းဘာက ပြန်လည်မွမ်းမံခဲ့တယ်လို့ သမိုင်းအထောက်အထားတွေက ဖော်ပြတဲ့ ဦးရာဇ်တော်စေတီဟာ ရှေးဟောင်းစေတီတော်အဖြစ် သတ်မှတ်ထားသလို ရခိုင်လူမျိုးတွေကြား ထင်ရှားတဲ့ စေတီ တော်လည်း ဖြစ်ပါတယ်။
 
စစ်ကောင်စီတပ်ဟာ ရခိုင့်တပ်တော် AA သိမ်းပိုက်ထားတဲ့ ပုဏ္ဏာကျွန်းမြို့ဘက်ဆီ လက်နက်ကြီးတွေနဲ့ နေ့စဉ်ရက်ဆက် ပစ်ခတ်နေတာလို့လည်း ဒေသခံတွေက ပြောကြပါတယ်။
 
ရခိုင့်တပ်တော် AA ဟာ ပုဏ္ဏာကျွန်းမြို့ပေါ်ရှိ နောက်ဆုံးလက်ကျန် ၅၅၀ တပ်ရင်းကို မတ်လ ၄ ရက်မှာ အပြီးသတ်သိမ်းပိုက်ကာ မြို့နယ်တခုလုံးကို ထိန်းချုပ်ခဲ့ပါတယ်။ အဲဒီမြို့သိမ်းတိုက်ပွဲအတွင်းနဲ့ တိုက်ပွဲပြီးနောက်ပိုင်းရက်တွေမှာ စစ်ကောင်စီတပ်က လေကြောင်း၊ လက်နက်ကြီး ပစ်ခတ်တာတွေ ဆက်တိုက်ရှိနေတာပါ။
 
အဲဒီလို စစ်ကောင်စီတပ်ရဲ့ပစ်ခတ်မှုတွေကြောင့် ပုဏ္ဏာကျွန်းမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်း၊ ဆေးရုံ၊ စာသင်ကျောင်း၊ လူနေအိမ်တို့အပါအဝင် အဆောက်အဦး ရှစ်ဆယ်ရာခိုင်နှုန်းလောက် ပျက်စီးသွားပြီလို့ မြေပြင်စာရင်း ကောက်ယူနေသူတွေက ပြောကြပါတယ်။
 
“တိုက်ပွဲပြီးရင်လည်း မြို့ထဲမှာ လက်နက်ကြီးကျလို့ မီးလောင်သေးတယ်၊ လေးဆယ်ရာခိုင်နှုန်းလောက်က လုံး၀နေလို့မရတော့ဘူး၊ ကျန်လေးဆယ်ရာခိုင်နှုန်းကလည်း ခဏလောက် နားခိုဖို့ပဲ အဆင်ပြေမယ်၊ နေလို့အဆင်မပြေတော့ဘူး” လို့ မြေပြင်စာရင်းကောက်ယူနေသူ လူငယ်တဦးက ပြောပြပါတယ်။
 
ဒါ့အပြင် မြို့သိမ်းတိုက်ပွဲအတွင်း အရပ်သားထိခိုက်၊ သေဆုံးမှုတွေလည်း တဒါဇင်ဝန်းကျင် ရှိခဲ့တယ်လို့ ဆိုပါတယ်။
 
ဒီကနေ့ နေ့လည်ပိုင်းမှာလည်း ပုဏ္ဏာကျွန်းမြို့တွင်းကို လက်နက်ကြီးကျည်တွေ ကျရောက်ပေါက်ကွဲခဲ့ပြီး ဒေသခံအရပ်သား လေးဦးထက်မနည်း သေဆုံးကာ တဆယ်ဝန်းကျင်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
 
အဲဒီသေဆုံး၊ ဒဏ်ရာရသူတွေရဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ DNA က မသိရသေးပါဘူး။
 
စစ်ကောင်စီတပ်ဟာ ရခိုင်ဒေသတိုက်ပွဲတွေအတွင်း အရပ်သားနဲ့ လူနေရပ်ကွက်၊ ကျေးရွာတွေကို ဦးတည်တိုက်ခိုက်တာအပြင် ဒေသခံတွေတန်ဖိုးထားကြတဲ့ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်တွေကိုလည်း ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးနေတယ်လို့ ဒေသတွင်း အရပ်ဖက်အဖွဲ့တွေနဲ့ တက်ကြွလှုပ်ရှားသူတွေက ထောက်ပြကြပါတယ်။
 
မြောက်ဦးမြို့ တိုက်ပွဲအတွင်းမှာလည်း တိုက်ပွဲနေရာနဲ့ အလှမ်းဝေးတဲ့ မြို့လယ်ရှိ ရှေးဟောင်းနန်းတော်ရာကုန်းနဲ့ အဲဒီကုန်းပေါ်ရှိ ရှေးဟောင်းသမိုင်းပြတိုက်တို့ကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ အချက်ပေါင်းများစွာ ပစ်ခတ်ခဲ့လို့ ရှေးဟောင်းကျောက်စာချပ်တွေ ပျက်စီးခဲ့ပါသေးတယ်။
 
ဒါ့အပြင် မြောက်ဦးမြို့မှာရှိတဲ့ ရှေးဟောင်း သကျမာန်အောင်စေတီတော် ကိုလည်း စစ်ကောင်စီတပ်က လေကြောင်းကနေ ပစ်ခတ်လို့ ထိမှန်ပျက်စီးမှုအချို့ ရှိခဲ့ပါတယ်။ အလားတူပဲ ပြီးခဲ့တဲ့ ၂၀၁၉ တိုက်ပွဲကာလအတွင်းကလည်း စစ်တပ်ရဲ့လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် မြောက်ဦးမြို့ရှိ သျှစ်သောင်း၊ ကိုးသောင်း ဘုရားပုထိုးတွေ ထိခိုက်ပျက်စီးခဲ့ပါသေးတယ်။
 
အဲဒီလို ရှေးဟောင်းသမိုင်းဝင်အဆောက်အဦး၊ ဘုရား၊ ပုထိုးတွေကို ဦးတည်ပစ်ခတ်တာဟာ စစ်ရာဇဝတ်မှုမြောက်တယ်လို့ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်ထိန်းသိမ်းစောင့်ရှောက်ရေးဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေက ထုတ်ပြန်၊ ပြောဆိုထားကြပါတယ်။
 
ဓာတ်ပုံ – CJ/ PYA
ပုံစာ – လက်နက်ကြီး​နဲ့ လေကြောင်းဒဏ်ကြောင့် ပျက်စီးနေတဲ့ ဦးရာဇ်တော်စေတီနဲ့ ပုဏ္ဏာကျွန်းမြို့မြင်ကွင်း။