ဓာတုအဆိပ်ကန်ထဲ ကျခဲ့တဲ့ ကြောင်တကောင်ကြောင့် ဂျပန်က မြို့တမြို့မှာ အရေးပေါ် သတိပေးချက်တွေ ထုတ်ပြန်ထားရ

မတ်၊ ၁၄

ဂျပန်နိုင်ငံ အနောက်ပိုင်းက မြို့တမြို့မှာ ဓာတု အဆိပ်သင့်နေနိုင်တဲ့ ကြောင်တကောင်ကြောင့် အရေးပေါ် သတိပေး ကြေညာချက်တွေ ထုတ်ပြန်ထားရပါတယ်။

ဖူကူယာမာ မြို့ထဲက စက်ရုံတခုမှာ အဆိပ်အတောက် ဓာတုဗေဒ ပစ္စည်းတွေ ထည့်ထားတဲ့ ကန်နားမှာ အဝါရောင် ကြောင်ခြေရာ အစွန်းအထင်းတွေကို ဝန်ထမ်းတဦးက ရှာတွေ့ခဲ့တဲ့နောက် အဲဒီကြောင်ဟာ ကန်ထဲ ပြုတ်ကျပြီးမှ လွတ်မြောက်သွားတယ်ဆိုတာ စစ်ဆေး တွေ့ရှိခဲ့ပါတယ်။

အဲဒီ ဓာတုပစ္စည်းတွေဟာ လူသားတွေကို အဆိပ်သင့် ထိခိုက်စေနိုင်တဲ့ အခြေအနေ ရှိတာကြောင့် မြို့အာဏာပိုင်တွေက အဲဒီကြောင်ကို တွေ့တာနဲ့ ရဲတွေဆီ ဆက်သွယ် အကြောင်းကြားဖို့၊ ပြီးတော့ သွားရောက် ထိတွေ့ ကိုင်တွယ်တာမျိုး မလုပ်ဖို့ လူထုကို အသိပေး နှိုးဆော်ထားပါတယ်။

ကြောင်ရဲ့ ခန္ဓာကိုယ်မှာ ညိုဝါရောင်ရှိပြီး အဆိပ်အတောက် ပြင်းထန်တဲ့ Haxavalent Chromium ဓာတုပစ္စည်းတွေ စွန်းပေနေတယ်လို့ ယူဆရပါတယ်။

ကြောင်ဟာ လူနေ ဧရိယာတွေကြား လှည့်ပတ် သွားလာနေတာမျိုး ဖြစ်နိုင်သလို တနေရာရာမှာ သေဆုံးနှင့်ပြီးသား အခြေအနေမျိုးလည်း ကြုံနိုင်တယ်လို့ ဖူကူယာမာ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့က မှတ်ချက် ပေးထားပါတယ်။

အခုဖြစ်စဉ်ကို အကြောင်းပြုပြီး ဓာတုဗေဒ အဆိပ်အတောက် ပစ္စည်းတွေ ထားရှိရာ နေရာတွေကို သေးငယ်တဲ့ တိရစ္ဆာန်တွေ ဝင်ရောက်နိုင်ခြေနဲ့ ပတ်သက်လို့ အစီအမံတွေ ပိုမိုတင်းကျပ်သင့်ကြော်ငး ထောက်ပြမှုတွေလည်း ရှိလာပါတယ်။

လက်ရှိ အချိန်ထိတော့ ရက်ပိုင်းလောက် ကြာမြင့်လာပေမယ့် ကြောင်ကို ရှာမတွေ့သေးဘူးလို့လည်း သိရပါတယ်။

 

Ref: BBC