ပန်ဆေးပြည်သူ့စစ် ထိန်းချုပ်ခဲ့တဲ့ဒေသက ဘိန်းစိုက်ဧက တထောင်ကျော်ကို TNLA ဖျက်ဆီး၊ အစားထိုးသီးနှံစီစဉ်ပေးမယ်လို့ဆို

မတ်၊ ၁၃
 
ရှမ်းမြောက် ၁၀၂၇ စစ်ဆင်ရေးအတွင်း တအာင်းတပ် TNLA သိမ်းပိုက်ခဲ့တဲ့ နမ့်ခမ်းမြို့နယ်ထဲက ကျေးရွာ ၁၅ ရွာမှာရှိနေတဲ့ ဘိန်းစိုက်ခင်း ဧကတထောင်ကျော်ကို အခုလအတွင်း ဖျက်ဆီးခဲ့တယ်လို့ TNLA က ဒီကနေ့ထုတ်ပြန် အသိပေးပါတယ်။
 
“အဓိကတော့ တအာင်းဒေသမှာ မူးယစ်ဆေးဝါး ပပျောက်ဖို့ရယ် မူးယစ်ကင်းစင်တဲ့ ဒေသဖြစ်ဖို့ ကျွန်မတို့ နမ့်ခမ်းဘက်မှာရှိနေတဲ့ ဘိန်းခင်းတွေကို သွားရောက်ဖျက်ဆီးခဲ့တာ ဖြစ်ပါတယ်” လို့ TNLA သတင်းနဲ့ပြန်ကြားရေးရုံး တာဝန်ခံ အမျိုးသမီးတဦးက ပြောပါတယ်။
 
TNLA တပ်မဟာ (၁)စစ်ဒေသ နမ့်ခမ်းမြို့နယ်ထဲက တာကွမ့်၊ ရှောက်ကုန်းကန်၊ မန်ပန်း (ထက်၊အောက်) ပန်ဆေး စတဲ့ရွာတွေအပါအဝင် ကျေးရွာ ၁၅ ရွာမှာရှိနေတဲ့ ဘိန်းစိုက်ခင်း ၁၁၂၅ ဧကကို ကိုးရက်ကြာ ဖျက်ဆီးခဲ့တာလို့ သိရပါတယ်။
 
“အခက်အခဲတွေတော့ ရှိတယ်၊ အထူးသဖြင့် ဒေသခံတွေက သူတို့စိုက်ထားတဲ့ သူတို့လည်း အရင်းအနှီးထည့်ထားပြီးတော့မှ လုပ်ကိုင်တဲ့ဟာ ဖြစ်တယ်၊ ဒီလိုသွားရောက်ဖျက်ဆီးလိုက်တော့ သူတို့နဲ့ သွားဆွေးနွေးတဲ့အခါမှာ အခက်အခဲ စိန်ခေါ်မှုတော့ ရှိတယ်၊ သူတို့ပူးပေါင်းဆောင်ရွက်မှုတွေကို အချိန်အကြာယူပြီးတော့မှ ဆောင်ရွက်ရတာ” လို့ အထက်ပါ TNLA ပြန်ကြားရေးတာဝန်ရှိသူက ရှင်းပြပါတယ်။
 
အဲဒီဒေသတွေဟာ အရင်က စစ်ကောင်စီလက်အောက်ခံ ပန်ဆေးပြည်သူ့စစ် ထိန်းချုပ်ခဲ့တဲ့ ဒေသတွေဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။ သတင်းမှတ်တမ်းတွေအရလည်း နမ့်ခမ်းမြို့နယ်အတွင်းမှာ ပန်ဆေးပြည်သူ့စစ်၊ စစ်တပ်နဲ့ TNLA တပ်တွေ တိုက်ပွဲဖြစ်ခဲ့တဲ့ မှတ်တမ်းတွေ ရှိပါတယ်။
 
“ဒီဘိန်းခင်းတွေ ဖျက်ဖို့ သူတို့နဲ့ ပြန်ပြီးတော့ တိုက်ပွဲတွေ ပြန်ဖြစ်ရာကနေ ဘိန်းခင်းတွေကို တိုက်ဖျက်ခဲ့ရတာတွေ ရှိတယ်၊ ဘိန်းခင်းတွေက စကစ လက်အောက်ခံ ပြည်သူ့စစ်တွေ ထိန်းချုပ်ထားတဲ့နေရာဖြစ်တယ်၊ သူတို့က သူတို့(စစ်တပ်) ခွင့်ပြုချက်နဲ့ ဒီဟာတွေကို စိုက်ထားတာဖြစ်တယ်” လို့ TNLA ပြန်ကြားရေးတာဝန်ရှိ အမျိုးသမီး က ဆိုပါတယ်။
 
၁၀၂၇ စစ်ဆင်ရေးကာလအတွင်းမှာတော့ TNLA တပ်ဖွဲ့ဟာ နမ့်ခမ်းမြို့ကို အပြီးသတ် မသိမ်းပိုက်နိုင်ခင် ပြီးခဲ့တဲ့ နှစ်နိုဝင်ဘာ ၁၉ ရက်ကတည်းက ပန်ဆေးပြည်သူ့စစ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။
 
ပန်ဆေး ကျော်မြင့်လို့ လူသိများတဲ့ ပန်ဆေးပြည်သူ့စစ်ခေါင်းဆောင် ဦးကျော်မြင့်ဟာ ၂၀၁၀ ရွေးကောက်ပွဲမှာ ပြည်ခိုင်ဖြိုး ပါတီဝင်အဖြစ် နမ့်ခမ်းမြို့နယ် အမှတ်(၂) မဲဆန္ဒနယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံရပြီး လွှတ်တော်ကိုယ်စားလှယ် ဖြစ်ခဲ့ပါသေးတယ်။
 
အာဏာသိမ်းပြီးနောက် ၁၀၂၇ စစ်ဆင်ရေး မတိုင်ခင် လပိုင်းအကြာ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလအတွင်း အာဏာသိမ်းစစ်ခေါင်းဆောင်နဲ့ ရှမ်းမြောက် အခြေစိုက် ပြည်သူ့စစ်အဖွဲ့ခေါင်းဆောင်တွေ တွေ့ဆုံကြရာမှာ ပန်ဆေးဦးကျော်မြင့် လည်းပါဝင်ခဲ့ပါတယ်။
 
TNLA တပ်ဖွဲ့ဟာ အရင်ကတည်းက သူတို့နဲ့ မကြာခဏ တိုက်ပွဲတွေ ဖြစ်လေ့ရှိတဲ့ နမ့်ခမ်းအခြေစိုက် ပန်ဆေးပြည်သူ့စစ်စခန်းကို ၁၀၂၇ စစ်ဆင်ရေး စတင်အပြီး တလနီးပါးအကြာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ ၁၉ ရက်မှာ သိမ်းပိုက်နိုင်ခဲ့သလို နမ့်ခမ်းမြို့အနီးက နောက်ဆုံးကျန်နေတဲ့ စစ်ကောင်စီရဲ့စခန်းသစ်ကုန်းကိုလည်း ဒီဇင်ဘာ ၁၈ ရက်မှာ အပြီးသတ်သိမ်းပိုက်ခဲ့တာပါ။
 
နမ့်ခမ်းမြို့နယ်မှာလိုပဲ TNLA သိမ်းပိုက်ထိန်းချုပ်ဒေသတွေအတွင်းက တခြားဒေသတွေမှာလည်း ဘိန်းခင်းတွေ စိုက်ထားတာရှိရင် ဖျက်ဆီးသွားမှာဖြစ်ပြီး နမ့်ခမ်းကတော့ ဘိန်းခင်းအများဆုံး ရှိနေတာကြောင့် ပထမဆုံး ဖျက်ဆီးခဲ့တာလို့ TNLA ဘက်ကပြောပါတယ်။
 
ဖျက်ဆီးလိုက်တဲ့ ဘိန်းခင်းတွေနေရာမှာ အစားထိုးသီးနှံစိုက်ခင်းတွေ အကောင်အထည်ဖော်ပေးဖို့လည်း ရှိတယ်လို့ ဆိုပါတယ်။
 
“ဆီထွက်သီးနှံ ဒါမှမဟုတ် တခြားစိုက်ပျိုးလို့ရမယ့် ပုံစံမျိုးတော့ စီစဉ်ထားတာရှိတယ်၊ နောက်ပိုင်းမှာတော့ အစားထိုးသီးနှံတွေ စိုက်ဖို့လုပ်ပေးတာမျိုး ရှိမှာပေါ့” လို့ TNLA ပြန်ကြားရေးတာဝန်ခံ အမျိုးသမီးက ပြောပါတယ်။
 
ဓာတ်ပုံ – TNLA