ဂါဇာစစ်ပွဲ အသေအပျောက် ကိန်းဂဏန်းတွေကို ဟားမားစ်တွေက ချဲ့ကားထားကြောင်း စွပ်စွဲမှုတွေ ထွက်ပေါ်

မတ်၊ ၁၃

ဂါဇာ စစ်ပွဲကြောင့် ဖြစ်ပေါ်ခဲ့တဲ့ အသေအပျောက် စာရင်းတွေကို ဟားမားစ် ပြောက်ကျားတွေက လက်တွေ့ထက် ချဲ့ကား ဖော်ပြထားကြောင်း လေ့လာသူတွေက သုံးသပ် ပြောကြားခဲ့ပါတယ်။

အောက်တိုဘာ ၇ ရက်နေ့က ဂါဇာမှာ စစ်ပွဲ စတင်လာချိန် ကတည်းက ဟားမားစ် လက်အောက်ခံ ဂါဇာ ကျန်းမာရေး ဝန်ကြီးဌာနက နေ့စဉ် ပါလက်စတိုင်း အသေအပျောက် အရေအတွက်ကို ထုတ်ပြန်နေခဲ့ပြီး အခုဆိုရင် ၃၁၀၀၀ ကျော်ထိ ရှိလာပြီလို့ ကြေညာထားပါတယ်။

ဒါပေမဲ့ ဂါဇာစစ်ပွဲရဲ့ အသေအပျောက် အရေအတွက်ကို ဆန်းစစ် လေ့လာနေတဲ့ အမေရိကန်နိုင်ငံ၊ ပင်ဆယ်လ်ဗေးနီးယား တက္ကသိုလ်ရဲ့ ဝှာတန်ကျောင်းက အချက်အလက်ဗေဒ ပညာရှင် ပါမောက္ခ အေဘရာဟမ် ဝိုင်နာက ပြောကြားခဲ့ပါတယ်။ သူနဲ့ လုပ်ဖော်ကိုင်ဖက်တွေက “ဂါဇာ ကျန်းမာရေး ဝန်ကြီးဌာနက သေဆုံးမှု ကိန်းဂဏန်းတွေကို ဘယ်လို လိမ်လည်ခဲ့သလဲ”ဆိုတဲ့ အစီရင်ခံစာထဲမှာ အသေအပျောက် စာရင်းတွေ ဘယ်လို လွဲမှားနေသလဲ ဆိုတာတွေကို ကျယ်ကျယ်ပြန့်ပြန့် ဆန်းစစ် ပြထားခဲ့ပါတယ်။

ဂါဇာဖက်က ထုတ်ပြန်နေတဲ့ ကိန်းဂဏန်းတွေဟာ စစ်မှန်မှု မရှိကြောင်း၊ လူတွေ အနေနဲ့ ကိန်းဂဏန်း နံပါတ်တွေရဲ့ အလုပ်လုပ်ပုံတွေနဲ့ သက်ရောက်မှုတွေ ဘယ်လို ရှိသလဲ ဆိုတာကို သတိမမူမိကြကြောင်း၊ ဟားမားစ်တွေဖက်က ပြောကြားထားသလို သေဆုံးသူ အများစုဟာ ကလေးတွေနဲ့ အမျိုးသမီးတွေ ဆိုတာထက် တိုက်ခိုက်ရေး ပြောက်ကျား အဖွဲ့ဝင်တွေသာ ဖြစ်နိုင်ခြေများပြီး အရပ်သား အသေအပျောက်နဲ့ ရောနှော ဖော်ပြထားတာမျိုးလို့ ယုံကြည်ရကြောင်း သူက ဆိုပါတယ်။

သူက အမေရိကန် အစိုးရဟာ ဟားမားစ်တွေ ထုတ်ပြန်ထားပြီး အချက်အလက်အားဖြင့် မခိုင်မာလှတဲ့ ကိန်းဂဏန်းတွေကို တရားဝင် အသိအမှတ် ပြုပေးသလို ဖြစ်နေတာကိုလည်း ထောက်ပြခဲ့ပါတယ်။ ဖေဖော်ဝါရီ ၂၉ ရက်နေ့တုန်းက အမေရိကန် ကာကွယ်ရေးဝန်ကြီး လွိုက်ဒ် အော်စတင်က ဂါဇာ စစ်ပွဲအတွင်း ပါလက်စတိုင်း အမျိုးသမီးတွေနဲ့ ကလေးတွေ သေဆုံးမှုဟာ ၂၅၀၀၀ ကျော်ထိ ရှိနိုင်တယ်လို့ ပြောကြားခဲ့ဖူးပါတယ်။

အဲဒီ ကိစ္စနဲ့ ပတ်သက်ပြီး ပင်တဂွန် စစ်ဌာနချုပ်က အော်စတင်ဟာ ဟားမားစ် ထိန်းချုပ်ထားရာ ကျန်းမာရေး ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက် ကိန်းဂဏန်းတွေကို ကိုးကားမိခဲ့တာ ဖြစ်တယ်လို့ ပြန်လည် ရှင်းလင်းခဲ့ရဖူးပါတယ်။

ဒါပေမဲ့ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန် ကိုယ်တိုင်က ဟားမားစ်တွေဖက်ကပဲ ထုတ်ပြန်ပြီး အစ္စရေးက အသိအမှတ် မပြုတဲ့ အသေအပျောက် ကိန်းဂဏန်းတွေကို ယုံကြည်လက်ခံတဲ့ သဘောမျိုး ပြောဆိုတာတွေ ရှိခဲ့ဖူးပါတယ်။

 

Ref: JNS