စစ်တွေမှာ လက်နက်ကြီးကျလို့ စာမေးပွဲဖြေနေတဲ့ ကျောင်းသူ၊ ကျောင်းသားနှစ်ဦး ဒဏ်ရာရ

မတ်၊ ၁၂
 
စစ်တွေမြို့နယ်၊ ပါဒလိတ်ကျေးရွာ စာသင်ကျောင်းအနီးကို လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲလို့ တက္ကသိုလ်ဝင် (၁၂ တန်း)စာမေးပွဲ ဖြေဆိုနေကြတဲ့ ကျောင်းသူတဦးနဲ့ ကျောင်းသားတဦးတို့ ဒဏ်ရာရသွားခဲ့တယ်လို့ ဒေသခံတွေက DNA ကို ပြောကြပါတယ်။
 
တက္ကသိုလ်ဝင်စာမေးပွဲ စဖြေရတဲ့ မနေ့က မတ်လ ၁၁ ရက် နေ့လယ် ၁၂ နာရီဝန်းကျင်မှာ ရွာထဲ ကျရောက်ပေါက်ကွဲခဲ့တာလို့ ဆိုပါတယ်။
 
“လက်နက်ကြီး အစတွေ ကျောင်းထဲ စင်လာပြီး ကလေးတွေ ဒဏ်ရာရသွားတာ၊ ဒဏ်ရာတော့ သိပ်မများဘူး၊ ကျောင်းသူလေးမှာတော့ နည်းနည်းများတယ်၊ လက်နက်ကြီးက စစ်တွေ (မြို့)ဘက်က လာတာပါ” လို့ ပါဒလိတ်အနီးရှိ ကျေးရွာတခုက ဒေသခံတဦးက DNA ကို ပြောပါတယ်။
 
လက်နက်ကြီးကြောင့် ဒဏ်ရာရခဲ့တဲ့ အဲဒီကျောင်းသူ၊ ကျောင်းသားနှစ်ဦးတို့ကို ပါဒလိတ်ရွာမှာ အခြေစိုက်ထားတဲ့ စစ်ကောင်စီတပ်ရင်းက စစ်တွေမြို့ စစ်ဆေးရုံကို ပို့ပြီး ကုသထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
 
အဲဒီလက်နက်ကြီးကျည်ဟာ ဘယ်ကပစ်ခတ်တယ်ဆိုတာ တိတိကျကျ မသိကြပေမယ့် စစ်တွေမြို့အခြေစိုက် စစ်ကောင်စီ လက်အောက်ခံ တပ်ရင်းနဲ့ စစ်တွေမြစ်ထဲရှိ စစ်ကောင်စီစစ်ရေယာဉ်တို့ကနေ ပစ်ခတ်တာ ဖြစ်နိုင်တယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။
 
စစ်တွေမြို့ပေါ်မှာ အမှတ်(၁၂)ရဲတပ်ရင်း၊ ရေတပ်စခန်းနဲ့ ဒေသကွက်ကဲမှုစစ်ဌာနချုပ်တို့ တည်ရှိပြီး အဲဒီနေရာတွေမှာ စစ်ကောင်စီတပ်က လက်နက်ကြီး အမြှောက်တွေ အထိုင်ချထားပါတယ်။
 
စစ်ကောင်စီက ထိန်းချုပ်ထားတဲ့ နိုင်ငံပိုင် မီဒီယာတွေမှာတော့ ပါဒလိတ်ရွာထဲ ကျရောက်တဲ့ လက်နက်ကြီးကျည်ဟာ ပါဒလိတ်ရွာရဲ့အနောက်မြောက်ဘက်မီတာ ငါးထောင်လောက်အကွာက ပစ်ခတ်တာဖြစ်ပြီး ရက္ခိုင့်တပ်တော် (AA)ရဲ့ လက်ချက်လို့ စွပ်စွဲထားပါတယ်။
 
ဒါပေမယ့် DNA က ဆက်သွယ်မေးမြန်းတဲ့ စစ်တွေဒေသခံလေးဦးကတော့ ပါဒလိတ်ရွာထဲ ကျရောက်တဲ့ လက်နက်ကြီးကျည်ဟာ စစ်တွေမြို့အခြေစိုက် စစ်ကောင်စီတပ်ရင်းတွေဘက်က လာတာဖြစ်ပြီး AA ဘက်က ပစ်ခတ်တာ မဖြစ်နိုင်ဘူးလို့ ဆိုကြပါတယ်။
 
ပါဒလိတ်ရွာဟာ စစ်တွေမြို့ရဲ့မြောက်ဘက် ဆယ်မိုင်ဝန်းကျင်အကွာ စစ်တွေ-ပုဏ္ဏာကျွန်း ကားလမ်းမပေါ်မှာ တည်ရှိပြီး ပါဒလိတ်ရွာထဲမှာ စစ်ကောင်စီရဲ့ (၂၃၂)၊ (၂၄၄) တပ်ရင်းနဲ့ စစ်တွေဘက်ကို အသွားလမ်းတလျှောက်မှာလည်း စစ်ကောင်စီတပ်ရင်းတွေ တည်ရှိပါတယ်။
“စစ်တွေဘက်မှာ AA က မရှိဘူးလေ၊ AA က လက်နက်ကြီးနဲ့ ပစ်တယ်ဆိုတာကတော့ သူတို့ ပြောနေကျအတိုင်း လိမ်ပြောနေတာပါပဲ၊ မြို့ထဲကိုလည်း သူတို့ပဲ ပစ်နေတာလေ” လို့ ပါဒလိတ်ကျေးရွာအနီးမှာ နေထိုင်တဲ့ နောက်ထပ်ဒေသခံတဦးက ပြောပါတယ်။
 
အစိုးရအဖွဲ့ရုံး တည်ရှိပြီး စစ်ကောင်စီအဖွဲ့ဝင်တွေ နေထိုင်တဲ့ စစ်တွေမြို့ပေါ်နဲ့ စစ်တွေမြို့နယ်အတွင်းမှာ နှစ်ဖက်တိုက်ပွဲဖြစ်တာ မရှိသေးဘဲ စစ်တွေမြို့နယ်နဲ့ အနီးက ပေါက်တော၊ ပုဏ္ဏာကျွန်း မြို့နယ်တို့ကိုတော့ AA သိမ်းပိုက်ထိန်းချုပ်ထားပါတယ်။
 
ပြီးခဲ့တဲ့ မတ်လ ၉ ရက်ညကလည်း စစ်တွေမြို့လယ် ကသဲနဲ့ အင်ဘာလာ ရိုဟင်ဂျာရပ်ကွက်ကို လက်နက်ကြီးကျည်တချို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ရိုဟင်ဂျာ ရှစ်ဦးထက်မနည်း သေဆုံးကာ တဆယ်ကျော် ဒဏ်ရာရခဲ့ပါတယ်။
 
အဲဒီလက်နက်ကြီးကျည်ဟာ စစ်ကောင်စီတပ်က အမြှောက်ထိုင်ထားတဲ့ အမှတ်(၁၂) ရဲတပ်ရင်းက ပစ်ခတ်ခဲ့တာလို့ မျက်မြင်ဒေသခံတွေက DNA ကို ပြောထားပါတယ်။
 
ဒါ့အပြင် ဖေဖော်ဝါရီလ ၂၉ ရက် မနက်အစောပိုင်းကလည်း စစ်တွေမြို့မစျေး ဟင်းသီးရွက်နဲ့ ငါးစျေးတန်းထဲကို လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ပြီး ကလေးငယ်၊ အမျိုးသမီးအပါအဝင် ၁၃ ဦးထက်မနည်း သေဆုံးပြီး ရှစ်ဆယ်ဝန်းကျင် ဒဏ်ရာရခဲ့ပါတယ်။
 
အဲဒီလက်နက်ကြီးကျည်ဟာလည်း စစ်တွေပွိုင့်အနီးမှာ ရပ်ထားတဲ့ စစ်ကောင်စီတပ်ရေယာဉ်ကနေ ပစ်ခတ်ခဲ့တာလို့ မျက်မြင်ဒေသခံတွေက ပြောထားကြပါတယ်။ ဒါပေမယ့် စစ်ကောင်စီကတော့ အဲဒီလိုစွပ်စွဲချက်တွေကို ပယ်ချကာ AA လက်ချက်လို့ တုံ့ပြန်ထားပါတယ်။
 
ဒေသခံတွေကတော့ စစ်ကောင်စီတပ်ဟာ တိုက်ပွဲတစုံတရာ ဖြစ်ပွားတာမရှိဘဲ စစ်တွေမြို့ထဲ လူနေရပ်ကွက်၊ စျေးနဲ့ ကျေးရွာတွေကို အခုလိုပစ်ခတ်နေတာဟာ တိုက်ပွဲတွေမှာ ရှုံးနိမ့်နေတာကြောင့် အရပ်သားတွေကို အစုလိုက်အပြုံလိုက် သေကြေအောင် လုပ်နေတာဖြစ်ပြီး စစ်ရာဇဝတ်မှု မြောက်တယ်လို့ ဝေဖန်ပြောဆိုကြတာ ရှိပါတယ်။
 
ရခိုင်ဒေသတိုက်ပွဲ သုံးလကျော်အတွင်း ပြည်နယ်မြောက်ပိုင်းရှိ ပေါက်တော၊ ပုဏ္ဏာကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံနဲ့ အလယ်ပိုင်းရှိ ရမ်းဗြဲမြို့နယ်တို့ကို AA က အလုံးစုံသိမ်းပိုက်ထားပြီး မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်မြို့နယ်တို့မှာလည်း တိုက်ပွဲတွေ ရက်ဆက်ဖြစ်နေပါတယ်။
 
ဒေသကွပ်ကွဲမှုစစ်ဌာနချုပ် အပါအဝင် စစ်ကောင်စီတပ်ရင်း ဆယ်ခုဝန်းကျင်ရှိတဲ့ ပြည်နယ်မြို့တော်စစ်တွေအနီးအထိ ရက္ခိုင့်တပ်တော်(AA)က ချဉ်းကပ်ဝင်ရောက်လာနေပြီး တောင်ပိုင်းမြို့နယ်တွေမှာပါ စစ်ရေးပြင်ဆင်မှုတွေ လုပ်နေတယ်လို့ စစ်ရေးနီးစပ်သူတွေက ပြောကြပါတယ်။
 
အဲဒီလိုမြို့နဲ့ တပ်စခန်းတွေ တခုပြီး တခုဆက်တိုက်သိမ်းပိုက်ခံနေရတဲ့ စစ်ကောင်စီဟာ သူတို့ရဲ့ ထိန်းချုပ်မှုအောက်မှာရှိ နေသေးတဲ့မြို့နယ်တွေမှာ လမ်း၊ တံတားတွေကို ဖျက်ဆီးတာ၊ အများပြည်သူသွားရာလမ်းတွေနဲ့ ပြည်သူပိုင် လယ်ယာ၊ တောင်မြေတွေမှာ မိုင်းထောင်တာတွေ ဆက်တိုက်လုပ်နေတယ်လို့ ဒေသခံတွေနဲ့ ရခိုင့်တပ်တော် AA တို့က ဆိုထားပါတယ်။
 
စစ်ကောင်စီက တစိတ်တပိုင်း ထိန်းချုပ်နိုင်သေးတဲ့ ကျောက်ဖြူမြို့နယ်မှာဆိုရင် အခုရက်ပိုင်းအတွင်းမှာပဲ စစ်ကောင်စီတပ်က ထောင်ထားတဲ့ မိုင်းတွေကို နင်းမိလို့ ဒေသခံနှစ်ဦး ပြင်းထန်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
 
အလားတူပဲ တိုင်းစစ်ဌာနချုပ်တည်ရှိရာ အမ်းမြို့နယ်၊ စစ်ဆင်ရေးကွပ်ကွဲမှုဌာနချုပ် (စကခ ၅) တည်ရှိရာ တောင်ကုတ်မြို့ နယ်နဲ့ နယ်စပ်မြို့မောင်တော အဝင်တို့ရှိ လမ်း၊ တံတားတွေကိုလည်း စစ်ကောင်စီတပ်က စက်ယန္တရားကြီးတွေသုံးကာ ဖြိုဖျက်ထားတာပါ။
 
ရခိုင်ဒေသတိုက်ပွဲတွေစခဲ့တဲ့ ပြီးခဲ့တဲ့ ၂၀၂၃ နိုဝင်ဘာ ၁၃ ရက်ကနေ အခု ၂၀၂၄ ဖေဖော်ဝါရီ ၁၃ ရက်အထိ သုံးလတာကာ လအတွင်း စစ်ကောင်စီတပ်ရဲ့လက်ချက်ကြောင့် သေဆုံးရသူ အရပ်သား ၁၁၁ ဦးနဲ့ ထိခိုက်ဒဏ်ရာရသူ ၃၅၇ ဦးထိရှိခဲ့တယ် လို့ AA က ထုတ်ပြန်ထားပါတယ်။
 
ကုလသမဂ္ဂ လူသားချင်းစာမှုဆိုင်ရာညှိနှိုင်းပေါင်းစပ်ရေးရုံး (UNOCHA)ကလည်း ရခိုင်ဒေသတိုက်ပွဲတွေကြောင့် အရပ်သား ၁၇၀ ကျော် သေဆုံးရပြီး ထိခိုက်ဒဏ်ရာရသူ လေးရာကျော်ရှိခဲ့တယ်လို့ မတ်လ ၃ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
 
ဓာတ်ပုံ – စစ်ကောင်စီ