ယူကရိန်း စစ်ပွဲကြောင့် ဥရောပ နိုင်ငံတွေရဲ့ လက်နက် ဝယ်ယူတင်သွင်းမှု နှစ်ဆတိုးလာ

မတ်၊ ၁၂

ယူကရိန်းအပေါ် ရုရှားက ကျူးကျော် စစ်ပြုခဲ့တဲ့ ဂယက်ကြောင့် ဥရောပ နိုင်ငံတွေရဲ့ လက်နက် ဝယ်ယူမှုတွေဟာ နှစ်ဆလောက် တိုးလာတယ်လို့ သိရပါတယ်။

၂၀၁၉ ခုနှစ်နဲ့ ယှဉ်ကြည့်မယ်ဆိုရင် ဥရောပ နိုင်ငံတွေရဲ့ လက်နက်တင်သွင်း ဝယ်ယူမှုဟာ ၂၀၂၃ ခုနှစ်ထဲမှာ တန်ဖိုး နှစ်ဆ ခုန်တက်ခဲ့တယ်လို့ မကြာသေးခင်က ထုတ်ပြန်တဲ့ စစ်တမ်း တခုမှာ ဖော်ပြထားပါတယ်။ အဲဒီ နှစ်အပိုင်းအခြားအတွင်း စစ်လက်နက် ဝယ်ယူမှု စရိတ်တွေဟာ ၉၄ ရာခိုင်နှုန်း မြင့်တက်သွားခဲ့တာ ဖြစ်တယ်လို့ စတော့ခ်ဟုမ်း နိုင်ငံတကာ ငြိမ်းချမ်းရေး သုတေသန ဌာန (SIPRI)က ကြေညာခဲ့ပါတယ်။

စစ်ပွဲ စတင်လာချိန်မှာ ဥရောပ နိုင်ငံ အများအပြားဟာ ယူကရိန်းဆီ စစ်လက်နက်တွေ လွှဲပြောင်းပေးခဲ့ပြီး အဲဒီ အခြေအနေကို ပြန်ကုစားဖို့ အတွက်လည်း လက်နက် တင်သွင်း ဝယ်ယူမှုတွေကို မြှင့်တင်ခဲ့တယ်လို့ ဆိုပါတယ်။

ဥရောပ နှစ်နိုင်ငံဖြစ်တဲ့ ပြင်သစ်နဲ့ အီတလီတို့ဟာ အဲဒီ အလှည့်အပြောင်းမှာ စီးပွားရေးအရ အဓိက အကျိုးဖြစ်ထွန်းခဲ့ကြပြီး ဥရောပအပြင် အာရှနဲ့ အရှေ့အလယ်ပိုင်းက ဝယ်လက်တွေဆီ စစ်လက်နက်တွေ ပိုမို ရောင်းချပေးနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ပြင်သစ်ဟာ ရုရှားကို ကျော်တက်ပြီး ကမ္ဘာပေါ်မှာ လက်နက် တင်ပို့ရောင်းချမှု ဒုတိယ အများဆုံး နိုင်ငံအဖြစ်လည်း အမေရိကန် နောက်ကနေ ရပ်တည်လာနိုင်ခဲ့တယ်လို့ သိရပါတယ်။

၂၀၁၉ နဲ့ ၂၀၂၃ ခုနှစ်အတွင်း ဥရောပမှာ စစ်လက်နက် အများဆုံး ဝယ်ယူတဲ့ နိုင်ငံကတော့ ယူကရိန်း ဖြစ်ခဲ့ပြီး ဥရောပ တတိုက်လုံးစာရဲ့ ၂၃ ရာခိုင်နှုန်းလောက်နဲ့ ညီမျှတဲ့ လက်နက်တွေ တင်သွင်းခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက် ဗြိတိန်က ၁၁ ရာခိုင်နှုန်း၊ နယ်သာလန်က ၉ ရာခိုင်နှုန်း ခွဲတမ်းတွေနဲ့ အသီးသီး ရပ်တည်ခဲ့ပါတယ်။

အမေရိကန်နဲ့ ပြင်သစ်တို့ကတော့ လက်ရှိ ကမ္ဘာ့ လက်နက်တင်ပို့ရောင်းချမှု စျေးကွက်ကို လွှမ်းမိုး ချုပ်ကိုင်ထားပြီး အမေရိကန် တနိုင်ငံတည်းကတင် တကမ္ဘာလုံး အတိုင်းအတာနဲ့ လက်နက်တင်ပို့မှု စုစုပေါင်းရဲ့ ၄၂ ရာခိုင်နှုန်း ဝေစုကို ရရှိထားပါတယ်။ ၂၀၁၉ ကနေ ၂၀၂၃ ခုနှစ်အတွင်း အမေရိကန် စစ်လက်နက်တွေကို နိုင်ငံပေါင်း ၁၀၇ ခုက မှာယူ အသုံးပြုခဲ့တယ်လို့လည်း သိရပါတယ်။

 

Ref: Euro News