မတ်၊ ၁၁
ပြည်နယ်မြို့တော် စစ်တွေအနီးနဲ့ တောင်ပိုင်းမြို့နယ်တွေထိ ကျယ်ပြန့်လာတဲ့ တိုက်ပွဲတွေကြောင့် ရခိုင်ပြည်နယ်အတွင်းမှာ စစ်ဘေးရှောင်ဒုက္ခသည်တွေ အများအပြား ထပ်တိုးလာနေပြီး နေထိုင်စရာနဲ့ စားနပ်ရိက္ခာ အခက်ကြုံနေကြရတယ်လို့ ပြောကြပါတယ်။
စစ်တွေမြို့ပေါ်၊ မြို့အနီးတဝိုက်ကျေးရွာတွေအပါအဝင် တိုက်ပွဲတချို့ စရှိနေပြီဖြစ်တဲ့ ပြည်နယ်တောင်ပိုင်း တောင်ကုတ်၊ သံတွဲမြို့နယ်တို့က ဒေသခံတွေ တိမ်းရှောင်နေကြရတာကြောင့် စစ်ဘေးရှောင်တွေ ထပ်တိုးလာနေတာပါ။
“စစ်တွေဘက်ကလူတွေ ဆက်တိုက်ပြေးလာကြတယ်၊ တချို့ရွာတွေမှာ လူတွေပြည့်သွားပြီ၊ နေစရာ၊ အိပ်စရာမရှိတော့ဘူး၊ စရောက်တဲ့ ရက်တွေဆို အိပ်စရာမရှိလို့ ဒီအတိုင်း ငုတ်တုတ်ထိုင်နေကြရတယ်၊ စစ်ရှောင်တွေ တအားများလာတယ်” လို့ စစ်တွေမြို့နယ် အနီးတဝိုက် မြို့နယ်တခုမှာ လူမှုကူညီရေးလုပ်နေသူတဦးက ပြောပြပါတယ်။
စစ်တွေမြို့အနီးပတ်လည်မှာရှိတဲ့ မြို့တွေအပါအဝင် ပြည်နယ်မြောက်ပိုင်းက မြို့နယ် ခြောက်ခုသိမ်းပိုက်ထားတဲ့ ရက္ခိုင့်တပ်တော်(AA)ဟာ စစ်တွေမြို့နဲ့ အနီးဆုံးကို ရောက်လာနေပြီး စစ်တွေမြို့မှာ တိုက်ပွဲတွေအချိန်မရွေးဖြစ်လာနိုင်တယ်လို့ ဒေသခံတွေက ခန့်မှန်းပြောဆိုနေကြပါတယ်။
အဲဒီလိုအခြေအနေတွေကြောင့် မြို့ပေါ်နဲ့ မြို့အနီးတဝိုက်ကျေးရွာတွေမှ သောင်းချီတဲ့ ဒေသခံပြည်သူတွေဟာ ဘေးလွတ်မယ်လို့ ယူဆတဲ့ နေရာတွေဆီ မိသားစုလိုက် တိမ်းရှောင်နေကြတာဖြစ်ပြီး အဲဒီဒေသတွေမှာရှိတဲ့ ဘုန်းတော်ကြီးကျောင်း၊ ဓမ္မာရုံ၊ စာသင်ကျောင်းနဲ့ လူနေအိမ်တွေမှာ ခိုလှုံကြတာပါ။
အဲဒီဒေသတွေမှာ အခုတကျော့ပြန်တိုက်ပွဲ အစကာလကတည်းက ရောက်နေတဲ့ စစ်ဘေးရှောင်တွေလည်း ရှိနေတာမို့ နေထိုင်စရာနေရာ အခက်အခဲနဲ့ ကြုံနေကြရတာလို့ ကူညီပေးနေသူတွေနဲ့ စစ်ဘေးရှောင်တွေက ပြောကြပါတယ်။
“အဓိက နေစရာလိုတယ်၊ ယာယီတဲတွေ ဆောက်ပေးဖို့ကလည်း ငွေကြေးလိုတယ်လေ၊ စားဖို့ကတော့ သူတို့မှာ ပါလာတာ လေးတွေနဲ့ ဖြစ်သလို စားနေကြတယ်၊ အိမ်ရှင်ရွာတွေကလည်း ကျွေးနိုင်တဲ့အနေအထားမရှိဘူး” လို့ ရခိုင်မြောက်ပိုင်းမြို့နယ် တခုမှ စစ်ရှောင်ကူညီနေသူတဦးက ပြောပါတယ်။
အလားတူပဲ AA နဲ့ စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲတချို့ ရှိနေပြီဖြစ်တဲ့ တောင်ကုတ်မြို့နယ်နဲ့ သံတွဲမြို့နယ် အစပ်ရှိ ကျေးရွာတွေက ဒေသခံတွေဟာ ဘေးလွတ်ရာတိမ်းရှောင်နေကြရတယ်လို့ ပြောကြပါတယ်။
လက်ရှိမှာ စစ်ကောင်စီဟာ လူသားချင်းစာနာထောက်ရေး အကူအညီပေးတဲ့ ပြည်တွင်း၊ ပြည်ပအဖွဲ့တွေကို ခရီးသွားလာခွင့်တွေ ပိတ်ထားတာကြောင့် ရခိုင်ပြည်နယ်ထဲက စစ်ရှောင်တွေဟာ အကူအညီတွေ လုံး၀မရဖြစ်နေကြတယ်လို့လည်း ကူညီပေးနေသူတွေနဲ့ စစ်ရှောင်တွေက ပြောပါတယ်။
“အင်တာနက်တွေ၊ ဖုန်းလိုင်းတွေ ဖြတ်ထားတော့ ပုဂ္ဂလိကအလှူရှင်တွေဆီကလည်း ရဖို့မလွယ်ဘူး” လို့ နောက်ထပ်စစ်ရှောင်အရေးကူညီပေးနေသူတဦးက ပြောပါတယ်။
ကုလသမဂ္ဂရဲ့ လူ့သားချင်းစာနာမှုဆိုင်ရာညှိနှိုင်းပေါင်းစပ်ရေးရုံး (UNOCHA)ကလည်း ရခိုင်ပြည်နယ်မှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသူတွေ ပိုများလာနေပေမယ့် စစ်ကောင်စီရဲ့ကန့်သတ်ထားမှုကြောင့် အကူအညီတွေ ထင်သလောက်မပေးနို င်ဖြစ်နေတယ်လို့ ဆိုထားပါတယ်။
“မိသားစုလိုက် ပြေးလာကြတာ၊ လမ်းစရိတ်တခုတည်းနဲ့တင် ရှိတာကုန်တော့မယ်၊ ဒီတမိုးဘယ်လိုစားကြရမလဲ မသိတော့ ပါဘူး” လို့ စစ်တွေမြို့ကနေ ကျောက်တော်မြို့နယ်ဘက်ကို မိသားစုဝင် ငါးဦးနဲ့အတူ တိမ်းရှောင်လာတဲ့ အမျိုးသမီးတဦးက ပြောပါတယ်။
ရခိုင်ဒေသတကျော့ပြန်တိုက်ပွဲတွေစခဲ့တဲ့ ၂၀၂၃ နိုဝင်ဘာ ၁၃ ရက်ကနေ ၂၀၂၄ ဖေဖော်ဝါရီ ၁၃ ရက်အထိ သုံးလအတွင်း အချက်အလက်အတွေအရ ရခိုင်ပြည်နယ်မှာ စစ်ဘေးရှောင်ဒုက္ခသည် သုံးသိန်းသုံးသောင်းကျော် ရှိတယ်လို့ AA က ဆိုထားပါတယ်။
အဲဒီနောက်ပိုင်းမှာလည်း ထပ်တိုးလာတဲ့စစ်ဘေးရှောင် သောင်းချီရှိနေပြီး အများစုဟာ စစ်တွေမြို့နယ်က ဖြစ်တယ်လို့ ဒေသတွင်းအရပ်ဘက်အဖွဲ့တွေက ပြောကြပါတယ်။
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရဲ့ ၂၀၁၉ ခုနှစ် အချက်အလက်တွေအရ လူဦးရေ တသိန်းခွဲနီးပါးရှိတဲ့ စစ်တွေမြို့ပေါ်က ဒေသခံထက်ဝက်လောက်ဟာ မြို့ကိုစွန့်ခွာတိမ်းရှောင်သွားကြပြီဖြစ်ပြီး နောက်ထပ်ဒေသခံတွေဟာလည်း တိမ်းရှောင်တာ တွေ ဆက်ရှိနေပါတယ်။
စစ်တွေမြို့အနီးဝန်းကျင်ကျေးရွာတွေမှ ဒေသခံတွေအားလုံးနီးပါးဟာလည်း စစ်ကောင်စီတပ်ရဲ့ ရွာထဲ စစ်ကြောင်းထိုး ဖမ်းဆီးတာ၊ နေအိမ်တွေကို မီးရှို့တာ၊ လက်နက်ကြီးပစ်ခတ်တာတို့ကြောင့် တိမ်းရှောင်နေကြရပါတယ်။
“မြို့ထဲမှာက လက်နက်ကြီးတွေလည်း ပစ်တယ်၊ အခြေအနေက မှန်းလို့လည်း မကျတော့ဘူး၊ ပြေးဖို့ ပြင်နေကြပြီ” လို့ စစ်တွေမြို့ပေါ်မှာနေထိုင်တဲ့ ဒေသခံတဦးက ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ နှစ်ဖက်တိုက်ပွဲဖြစ်ပွားမှု လုံး၀မရှိသေးတဲ့ စစ်တွေမြို့ထဲမှာ တဖက်သတ်လက်နက်ကြီးပစ်ခတ်တာတွေ ဆက်တိုက်လုပ်နေပြီး တပတ်ကျော်အတွင်း စစ်တွေမြို့မစျေးနဲ့ လူနေရပ်ကွက်ထဲ လက်နက်ကြီးကျည်လို့ သေဆုံးရသူ ၂၀ ထက်မနည်းနဲ့ ဒဏ်ရာရသူ တရာနီးပါးရှိခဲ့ပါတယ်။
ဒါပေမယ့် စစ်ကောင်စီကတော့ အဲ့ဒီဖြစ်စဉ်တွေဟာ ရခိုင့်တပ်တော် AA ဘက်က ပစ်ခတ်တိုက်ခိုက်တာဆိုပြီးတုံ့ပြန်စွပ်စွဲ ထားပါတယ်။
ရခိုင်ပြည်နယ်မှာ အခုတကျော့ပြန်တိုက်ပွဲမစခင်ကတည်းက စစ်ဘေးရှောင်ဒုက္ခသည် ခြောက်သောင်းဝန်းကျင်ရှိနေခဲ့ပြီး အဲဒီစစ်ရှောင်တွေဟာလည်း အထောက်အပံ့ မရတော့တာ၊ အလုပ်အကိုင်ရှားပါးတာတို့ကြောင့် စားနပ်ရိက္ခာအခက်အခဲနဲ့ ကြုံနေကြရတယ်လို့ ဆိုကြပါတယ်။
ဓာတ်ပုံ – Social Media
ပုံစာ – လက်ရှိရခိုင်တိုက်ပွဲ အစောပိုင်းကာလက တွေ့ရတဲ့ စစ်ဘေးရှောင်များ