မတ်၊ ၁၁
လုပ်ငန်းခွင် မဝင်ဘဲ ဆန္ဒပြနေတဲ့ ဆရာဝန်ပေါင်း ၅၀၀၀ နီးပါးလောက်ရဲ့ ဆေးကုသခွင့် လိုင်စင်တွေကို တောင်ကိုရီးယား အစိုးရက ဆိုင်းငံ့ထားလိုက်ပါတယ်။
တောင်ကိုရီးယားမှာ နိုင်ငံလူဦးရေနဲ့ ဆရာဝန် အချိုးအစား ကွာဟချက် ကြီးမားနေတာကို ကုစားတဲ့ အနေနဲ့ နှစ်စဉ် ဆေးကျောင်းသားသစ်တွေ တိုးမြှင့် လက်ခံဖို့ အစိုးရက စီစဉ်ခဲ့တာကို လူငယ် ဆရာဝန်တွေ၊ အလုပ်သင် ဆရာဝန်တွေ ဆန္ဒပြကြပြီး လုပ်ငန်းခွင်တွေကို မသွားဘဲ နေကြတဲ့အတွက် ကျန်းမာရေး စောင့်ရှောက်မှု ယန္တရားမှာ အကျပ်အတည်းတွေ ကြုံနေရပါတယ်။
တောင်ကိုရီးယား ဆရာဝန်ငယ်တွေက ဆေးကျောင်းသားသစ်တွေ တိုးမြှင့် လက်ခံမယ့် ကိစ္စဟာ လုပ်ငန်းခွင် ပြိုင်ဆိုင်မှုတွေ တိုးလာစေတယ်လို့ ယူဆထားပြီး အစိုးရရဲ့ အစီအစဉ်ကို အပြင်းအထန် ကန့်ကွက်နေကြတာ ဖြစ်ပါတယ်။
အစိုးရဖက်ကလည်း လုံးဝ အလျှော့မပေးဘဲ လုပ်ငန်းခွင် မဝင်တဲ့ ဆရာဝန်တွေကို ဆေးကုသခွင့် လိုင်စင်တွေ သိမ်းယူမယ်လို့ ခြိမ်းခြောက်ထားပြီး အခုဆိုရင် ဆရာဝန်ပေါင်း ၄၉၀၀ လောက်ရဲ့ လိုင်စင်တွေကို ဆိုင်းငံ့ထားလိုက်တာပါ။
ဖေဖော်ဝါရီ ၂၀ ကစလို့ ဆရာဝန်တွေက လုပ်ငန်းခွင်တွေကနေ အသီးသီး ထွက်ခွာခဲ့တာကြောင့် တောင်ကိုရီးယားမှာ ခွဲစိတ်မှုတွေနဲ့ တခြားကုထုံးတွေ အများအပြားကို ဆိုင်းငံ့ထားရတဲ့ထိ ဖြစ်လာပါတယ်။ အလုပ်သင် ဆရာဝန်တွေနဲ့ ဆရာဝန်ငယ်တွေ စုစုပေါင်းရဲ့ ၉၃ ရာခိုင်နှုန်းလောက်နဲ့ ညီမျှတဲ့ အရေအတွက် ၁၂၀၀၀ ဝန်းကျင်လောက်ဟာ ဆေးရုံတွေကို မသွားဘဲ ဆန္ဒပြနေကြတာ ဖြစ်ပါတယ်။
လောလောဆယ်မှာတော့ အစိုးရဟာ ပြဿနာကို ရေတို ကုစားမှုအဖြစ် စစ်ဆရာဝန်တွေကို အရပ်ဖက် ဆေးရုံတွေမှာ ယာယီ တာဝန်ထမ်းဆောင်ပေးဖို့ ရွှေ့ပြောင်းထားပါတယ်။ တဖက်မှာလည်း ဆန္ဒပြ ဆရာဝန်တွေနဲ့ အစိုးရကြား စေ့စပ်ညှိနှိုင်းမှု လမ်းကြောင်းတွေ ဖော်ထုတ်နိုင်ဖို့ မျှော်လင့်ကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက ပြောကြားထားပါတယ်။
နောက်ပြီး ကျန်းမာရေး ဝန်ကြီးဌာနက ဆရာဝန်တွေ အနေနဲ့ ဆန္ဒပြနေတာတွေကို လက်လျှော့ပြီး လူနာတွေကို ငဲ့ကွက်တဲ့ အနေနဲ့ လုပ်ငန်းခွင်တွေ အသီးသီး ပြန်ဝင်ကြဖို့လည်း တိုက်တွန်း တောင်းဆိုထားပါတယ်။ တောင်ကိုရီးယား ဥပဒေတွေအရ ဆရာဝန်တွေဟာ နိုင်ငံရဲ့ ကျန်းမာရေး ကဏ္ဍအပေါ် ထိခိုက်စေနိုင်တဲ့ ဆန္ဒပြမှုတွေမှာ ပါဝင်ခွင့် မရှိဘူးလို့ ကန့်သတ် တားမြစ်ထားကြောင်းလည်း သိရပါတယ်။
Ref: CNA