အဖမ်းခံထားရတဲ့ ထားဝယ်နည်းပညာတက္ကသိုလ် ကျောင်းအုပ်ကြီးနဲ့ ဌာနမှူးနှစ်ဦး ဆယ်ရက်ကျော်ကြာတဲ့အထိ ပြန်မလွတ်သေး

မတ်၊ ၁၀
 
တော်လှန်ရေးတပ်ဖွဲ့တခုဖြစ်တဲ့ ဗထူးတပ်မတော်က ဖမ်းဆီးထားတဲ့ ထားဝယ်နည်းပညာတက္ကသိုလ် ကျောင်းအုပ်ကြီးနဲ့ ဌာနမှူးနှစ်ဦး ဆယ်ရက်ကျော်အကြာ ဒီကနေ့ မတ်လ ၁၀ ရက်နေ့အထိ ပြန်မလွတ်သေးဘူးလို့ သိရပါတယ်။
 
“လိုအပ်တဲ့ စစ်ဆေးမှုတွေတော့ လုပ်ပြီးပါပြီ၊ စစ်ကောင်စီရဲ့ စစ်ရေးတွေမှာ ဘယ်လို ပူးပေါင်းပါဝင်ခဲ့လဲဆိုတာ အဓိကစစ်တယ်၊ ပြန်လွှတ်မလား၊ အရေးယူမလားဆိုတာ ကျနော်တို့ မဆုံးဖြတ်ရသေးဘူး” လို့ ဗထူးတပ်မတော် ပြောရေးဆိုခွင့်ရှိသူ ရဲဘော်ထက်မြတ်က DNA ကို ပြောပါတယ်။
 
စစ်ဆေးတွေ့ရှိချက်တွေကိုတော့ အဖမ်းခံထားရသူတွေရဲ့ လုံခြုံရေးအရလို့ဆိုကာ ထုတ်ဖော်ပြောဆိုတာ မရှိပါဘူး။
 
ထားဝယ်နည်းပညာတက္ကသိုလ် ကျောင်းအုပ်ကြီး ဒေါက်တာ ကျော်အောင်၊ မြို့ပြအင်ဂျင်နီယာ ဌာနမှူး ဒေါက်တာ နန္ဒာလွင်နဲ့ အင်္ဂလိပ်စာ ဌာနမှူး ဒေါ်စုစုလတ် တို့သုံးဦးကို ဗထူးတပ်မတော်က ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၈ ရက်၊ မနက်ပိုင်းမှာ ကျောင်းဝင်းအတွင်း ဝင်ရောက်ဖမ်းဆီးခဲ့တာပါ။
 
“ကျောင်းနားမှာရှိတဲ့ စစ်ဆေးရေးဂိတ်ကို ဝင်မတိုက်ခင် တပတ်လောက်အလိုမှာ ကျောင်းထဲမှာ စစ်တပ်က တပ်လာစွဲထားတာ၊ ဒါကြောင့် သူတို့ စစ်တပ်ကို ခေါ်ထားတာမျိုးလား ဆိုတာကို စစ်ဆေးချင်လို့ ခဏထိန်းသိမ်းတာပါ။ ကျနော်တို့ တိုက်ဖို့သွားတဲ့အချိန် ကျောင်းထဲမှာတော့ စစ်တပ်မရှိဘူးတော့ဘူး” လို့လည်း ရဲဘော် ထက်မြတ်က ပြောပါတယ်။
 
အဲဒီလို ထားဝယ်နည်းပညာတက္ကသိုလ် ကျောင်းအုပ်ကြီး အပါအဝင် သုံးဦးကို ဝင်ရောက်ဖမ်းဆီးတဲ့ တချိန်တည်းမှာပဲ တက္ကသိုလ်အနီးရှိတဲ့ ဒေသအခေါ် ဘုရားမဲ ဘုရားဝင်းအတွင်း တပ်ချထားတဲ့ စစ်ကောင်စီတပ်စခန်းငယ်နဲ့ စစ်ဆေးရေးဂိတ်ကိုလည်း ဗထူးတပ်မတော်က ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။
 
အဲဒီတိုက်ခိုက်မှုမှာတော့ စစ်ကောင်စီတပ်ဖွဲ့ဝင် ငါးဦးသေဆုံးပြီး သေနတ်နှစ်လက်နဲ့ ဆက်စပ်ပစ္စည်းတချို့ သိမ်းဆည်းရမိခဲ့တယ်လို့ ရရှိလာတဲ့ သေနတ်နှစ်လက် ဓာတ်ပုံနဲ့ ဗထူးတပ်မတော်က သတင်းထုတ်ပြန်ခဲ့ပါသေးတယ်။
 
ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီ (DDMSC)ကတော့ ဖမ်းဆီးထားခံထားရသူ သုံးဦးဟာ စစ်ကောင်စီတပ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေမှာ ပါဝင်ပတ်သက်တာ၊ CDM ဝန်ထမ်းတွေ၊ ကျောင်းသားတွေအပေါ် ပြစ်မှုကျူးလွန်တာ၊ ခြိမ်းခြောက်တာမျိုး မရှိရင် ချက်ချင်းပြန်လွှတ်ပေးဖို့ ထုတ်ပြန်တောင်းဆိုထားပါတယ်။
 
“အပြစ်ရှိလို့ အရေးယူမယ်ဆိုလည်း အရပ်ဘက် တရားရေးဌာနတွေကို လွှဲပေးပြီးမှပဲ ထိုက်သင့်တဲ့ အရေးယူမှုတွေ လုပ်စေချင်တယ်၊ စစ်ဆေးတဲ့အချိန်မှာလည်း ခုခံချေပခွင့် အပြည့်အဝရနေဖို့လိုတယ်” လို့ DDMSC တာဝန်ရှိသူတဦးက ပြောပါတယ်။
 
လက်ရှိမှာတော့ ဖမ်းဆီးထားသူ သုံးဦးကို မိသားစုဝင်တွေနဲ့လည်း ဆက်သွယ်စကားပြောခွင့် ပေးထားပြီးဖြစ်ကာ ကျန်းမာရေးလည်း ကောင်းမွန်တယ်လို့ သိရပါတယ်။
 
“စစ်ဆေးတွေ့ရှိချက်ကို စိစစ်ပြီး ကျနော်တို့ ဆုံးဖြတ်နိုင်တဲ့ အနေအထားဆိုရင် ကျနော်တို့ ဆုံးဖြတ်လိုက်မယ်၊ တရားရေးနဲ့ပဲ သွားလို့ရမယ့် အနေအထားဆိုရင်လည်း သက်ဆိုင်ရာ ဝန်ကြီးဌာနတွေကို လွှဲပေးမယ်” လို့လည်း ဗထူးတပ်မတော် ပြောရေးဆိုခွင့်ရှိသူ ရဲဘော်ထက်မြတ်က ပြောပါတယ်။
 
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၅ ရက်နေ့ကတော့ ကရင်နီ (ကယားပြည်နယ်) လွိုင်ကော်တက္ကသိုလ်ပါချုပ် ဦးအောင်ခင်မြင့်၊ ဒုပါချုပ် ဒေါ်သီတာနဲ့ မိခင်ဖြစ်သူတို့ အပါအဝင် ငါးဦးကို ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC)ရဲ့ တရားရေးဌာနက မတရားအသင်းဆက်သွယ်မှုပုဒ်မနဲ့ ထောင်ဒဏ်နှစ်နှစ်နဲ့ ငွေဒဏ်ကျပ်ကိုးသိန်းစီ ပြစ်ဒဏ်ချမှတ်ထားပါတယ်။
 
ဓာတ်ပုံ – IPRD
ပုံစာ – ကျောင်းအုပ်ကြီး ဒေါက်တာကျော်အောင်ကို မောင်မယ်သစ်လွင်ကြိုဆိုပွဲတခုမှာ တွေ့ရစဥ်