မတ်၊ ၉
စစ်ကိုင်းတိုင်းချင်းတွင်းမြစ်အနောက်ဘက်ကမ်း ကနီမြို့ပေါ်တိုက်ပွဲကြောင့် ဌာနဆိုင်ရာဝန်ထမ်းတွေအပါအဝင် လူဦးရေခြောက်ထောင်လောက် တိမ်းရှောင်နေရပြီး အကူအညီတွေ လိုအပ်နေတယ်လို့ စစ်ရှောင်တွေကို အကူအညီ ပေးနေတဲ့ ဒေသခံတွေက ပြောပါတယ်။
“ရှောင်လာတဲ့ ဦးရေက ရုတ်တရက်ကြီး အရမ်းများတယ်၊ ဒီထဲမှာ Non CDM ဝန်ထမ်းတွေလည်း ပါတယ်ပေါ့၊ နောက် ပြည်သူ့စစ်တွေလည်း ပါတယ်၊ အားလုံးက သူပြေးကိုယ်ပြေးရင်းနဲ့ တချို့ကျတော့ အတူတူ အဆင်ပြေ တဲ့နေရာမှာ ရှောင်နေရတာပေါ့” လို့ ကနီမြို့ စစ်ရှောင်ပြည်သူတွေကို အကူအညီပေးနေတဲ့ ဒေသခံတဦးက DNA ကို ပြောပါတယ်။
ထွက်ပြေးတိမ်းရှောင်လာတဲ့ စစ်ကောင်စီလက်အောက်ခံ Non CDM ဝန်ထမ်းတွေနဲ့ ပြည်သူ့စစ်အဖွဲ့ဝင် ဘယ် နှစ်ဦးပါဝင်သလဲဆိုတာတော့ လုံခြုံရေးအရ အတိအကျပြောကြားပေးဖို့ အခက်အခဲရှိနေသေးတယ်လို့သူက ဆိုပါ တယ်။
အခုထွက်ပြေးတိမ်းရှောင်လာတဲ့သူတွေထဲက အများစုဟာ တော်လှန်ရေးအစုအဖွဲ့တွေ စီစဉ်ပေးထားတဲ့ လုံခြုံ တဲ့နေရာတွေမှာ ရှောင်တိမ်းနေကြပြီး ကိုယ့်အစီအစဉ်နဲ့ကိုယ် အဆင်ပြေတဲ့နေရာမှာ တိမ်းရှောင်နေကြသူတွေ လည်းရှိတယ်လို့ ဆိုပါတယ်။
ကနီမြို့ပေါ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကို တော်လှန်ရေးအင်အားစုပူးပေါင်းအဖွဲ့တွေက ပြီးခဲ့တဲ့ မတ်လ ၂ ရက်မှာ စတင်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
နှစ်ဖက်ထိတွေ့တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်က ဂျက်ဖိုက်တာ၊ Mi – 35 နဲ့ သယ်ယူပို့ဆောင်ရေးယာဉ် တွေနဲ့ လေကြောင်းကနေနေစဉ် ပစ်ခတ်တိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။
ထွက်ပြေးတိမ်းရှောင်လာတဲ့ပြည်သူတွေနေထိုင်ရေးအတွက် ဒေသတွင်းအဖွဲ့အစည်းတွေက ကူညီထောက် ပံ့ထားပေမဲ့ စစ်ရှောင်နေရတဲ့ကာလဟာ သီးတင်းပတ်တခုရှိလာပြီဖြစ်တာကြောင့် စားသောက်ရေးနဲ့ ဆေးဝါး လိုအပ်ချက်တွေ ရှိနေတယ်လို့ အထက်ပါ စစ်ရှောင်အကူအညီပေးနေတဲ့ ဒေသခံက ပြောပါတယ်။
“လုပ်ပေးနိုင်သမျှ လုပ်ပေးနေပါတယ်၊ ဒီနေ့ ဆန်ရိက္ခာအတွက်တောင် ဆန်အိတ်ငါးအိတ်ပို့ပေးထားပါတယ်၊ အလှူရှင်ရှာပြီး လုပ်ပေးနေရတာ၊ မြို့နယ်လူသားစာနာအဖွဲ့၊ သပိတ်အဖွဲ့တွေ ကလဲ အနီးကပ် စီစဥ်နေရာချထား ဆောင်ရွက်ပေးနေကြပါတယ်၊ ရက်ကြာလာတော့ စားသောက်ဖို့က ခက်ခဲကျပ်တည်းလာတယ်၊ လူကြီးတွေပါ တော့ ဆေးဝါးတွေလည်း လိုတယ်” လို့ သူကပြောပါတယ်။
စစ်တပ်အာဏာသိမ်းပြီးကတည်းက စစ်ရေးအခြေအနေတင်းမာနေတဲ့ ကနီမြို့နဲ့ အနီးပတ်ဝန်းကျင်က မြို့နယ် တချို့မှာ စစ်ကောင်စီက ဖုန်းလိုင်း၊ အင်တာနက်လိုင်းဖြတ်တောက်လျှော့ချထားတာ ရှိနေတဲ့အတွက် ဒေသတွင်း အလှူရှင်တွေက အပြန်အလှန်ချိတ်ဆက်အကူအညီပေးဖို့လည်း အခက်အခဲ ရှိတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ထိတွေ့တိုက်ပွဲဖြစ်ပွားနေတဲ့ကာလမှာ စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ ပစ်ခတ်မှုတွေကြောင့် အရပ်သား ထိခိုက် သေဆုံးမှုတွေ ရှိနေပြီး လက်လှမ်းမီသလောက် ပြုစုထားတဲ့အချက်အလက်အရ တပတ်အတွင်း အရပ် သား သုံးဦးသေဆုံးကာ ခုနစ်ဦးထက်မနည်း ဒဏ်ရာရထားတယ်လို့ သိရပါတယ်၊
အလားတူ နှစ်ဖက်ပစ်ခတ်မှုကြောင့် နေအိမ်အဆောက်အဦအများအပြားလည်း မီးလောင်ပျက်စီးတာတွေ ရှိနေ တယ်လို့ ဆိုပါတယ်။လက်ရှိမြေပြင်အခြေအနေတွေအရ အရပ်သားသေဆုံးမှုနဲ့ အဆောက်အအုံထိခိုက်ပျက်စီးမှု အခြေအနေ တွေကို တိတိကျကျတော့မသိရသေးပါဘူး။
ကနီမြို့ပေါ်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲနဲ့ပတ်သက်တဲ့အခြေအနေကို အမျိုးသားညီညွတ်ရေးအစိုးရ NUG၊အပါအဝင် ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က သတင်းတစုံတရာ ထုတ်ပြန်ထားခြင်းမရှိသေးပါဘူး။
တိုက်ပွဲအခြေအနေနဲ့ပတ်သက်ပြီး မြေပြင်တော်လှန်ရေးအင်အားစုတွေကို DNA က ဆက်သွယ်မေးမြန်းတဲ့အ ခါမှာလည်း သက်ဆိုင်ရာအဖွဲ့တွေက ထုတ်ပြန်သွားမှာဖြစ်ပြီး စစ်ရေးအခြေအနေကို ဖြေဆိုဖို့ ငြင်းဆန်ပါတယ်။
ရပ်ကွက် သုံးခု၊ ကျေးရွာပေါင်း ၁၈၇ ရွာနဲ့ ဖွဲ့စည်းထားတဲ့ ကနီမြို့နယ်မှာ အရင်က မြို့ပေါ်ရပ်ကွက်တွေကို စစ် ကောင်စီဘက်က ထိန်းချုပ်ထားတာဖြစ်ပြီး ကျေးရွာတွေဘက်ကိုတော့ တော်လှန်ရေးအင်အားစုတွေဘက်က ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။
တိုက်ပွဲစတင်ဖြစ်ပွားပြီး ခြောက်ရက်အကြာမှာတော့ မြို့ပေါ်နေရာအများစုကို တော်လှန်ရေးပူးပေါင်းအ ဖွဲ့ ဘက်က ထိန်းချုပ်ထားနိုင်ပြီလို့ သတင်းတွေဖော်ပြကြတာလည်းရှိပါတယ်။
ကနီမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ ဒုတိယတာဝန်ခံကတော့ တော်လှန်ရေးအင်အားစုတွေက ကနီမြို့ထဲကို ဝင်နိုင်ပေမဲ့ ကနီမြို့ပေါ်မှာ စစ်ကောင်စီတပ် တပ်စွဲထားဆဲဖြစ်ကာ မြို့ကို အလုံးစုံမသိမ်းနိုင်သေးဘူးလို့ ဒီကနေ့ မနက်မှာ ဘီဘီစီမြန်မာပိုင်းကို ပြောထားပါတယ်။