သင်္ဃန်းညီနောင် ခမရ (၃၅၅) ကို တစိတ်တပိုင်းသိမ်းပိုက်ထားနိုင်ပြီး တိုက်ပွဲဆက်ဖြစ်နေဆဲလို့ KNU တာဝန်ရှိသူပြော

မတ်၊ ၈
 
ကရင်ပြည်နယ်၊ မြဝတီမြို့နယ် သင်္ဃန်းညီနောင်အခြေစိုက် စစ်ကောင်စီလက်အောက်ခံ ခြေမြန်တပ်ရင်း ခမရ(၃၅၅)ရဲ့ တစိတ်တပိုင်းကို တော်လှန်ရေးတပ်တွေ သိမ်းပိုက်ထားနိုင်ပေမယ့် တပ်ရင်းတခုလုံး သိမ်းပိုက်နိုင်တာ မရှိသေးဘူးလို့ KNU တပ်မဟာ (၆) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောလစ္စတန်က DNA ကို ပြောပါတယ်။
 
“ဟုတ်တော့ ဟုတ်တယ်၊ တစိတ်တပိုင်း သိမ်းနိုင်တာတော့ ပြောလို့ရပါတယ်၊ တပ်ရင်းထဲ သိမ်းလို့ အလုံးစုံ သိမ်းနိုင်တယ်လို့ ပြောမရပါ” လို့ သူက ပြောပါတယ်။
 
တပ်ရင်းတခုလုံး သိမ်းပိုက်ရရှိဖို့ အခွင့်အလမ်းကောင်းနေပေမယ့် စစ်ကောင်စီဘက်က လေကြောင်းကနေ အပြင်းအထန် ပစ်ခတ်နေတာကြောင့် နှောင့်နှေးနေတယ်လို့ ဆိုပါတယ်။
 
လူမှုကွန်ရက်ပေါ်က သတင်းတချို့မှာတော့ ခမရ (၃၅၅) တခုလုံးကို တော်လှန်ရေးတပ်တွေက သိမ်းပိုက်လိုက်ပြီး လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရရှိတယ်လို့ ဖော်ပြနေကြတာ ရှိပါတယ်။
 
ခမရ (၃၅၅) ကို တော်လှန်ရေးတပ်တွေက သိမ်းပိုက်လိုက်ပြီး လက်နက်ခဲယမ်းတွေ သိမ်းပိုက်လိုက်တယ်ဆိုတဲ့ ရုပ်သံတခုလည်း ပျံ့နှံ့နေတာရှိပြီး အဲဒီရုပ်သံဖိုင်အရတော့ လက်နက်ငယ်လေးဆယ်၊ ငါးဆယ်ဝန်းကျင်၊ လက်နက်ကြီး တချို့အပါအဝင် လက်နက်ခဲယမ်းတွေကို တော်လှန်ရေးတပ်တွေက သိမ်းဆည်းနေကြတာတွေ့ရပြီး ကော်ဘရာစစ်ကြောင်းမှူး ဗိုလ်ဒါဘော ကအဲဒီတပ်ဖွဲ့ဝင်တွေကို ကရင်ဘာသာနဲ့ ညွှန်ကြားနေသံကိုလည်း ကြားရပါတယ်။
 
သင်္ဃန်းညီနောင်အခြေစိုက် ခြေမြန်တပ်ရင်း ခမရ (၃၅၅)ကို မနေ့ မတ်လ ၇ ရက် မနက်ပိုင်းမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA၊ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက သွားရောက်တိုက်ခိုက်နေတာ ဖြစ်ပါတယ်။
 
ဒီကနေ့ မနက် ၉ နာရီခွဲမတိုင်ခင်မှာတော့ သင်္ဃန်းညီနောင်အခြေစိုက် ခမရ (၃၅၅)တပ်ရင်းရဲ့ တစိတ်တပိုင်းကို ပူးပေါင်းအဖွဲ့ဘက်က သိမ်းနိုင်ခဲ့တာလို့ သိရပါတယ်။
 
“တိုက်ပွဲမြေပြင်မှာ ရှုပ်ထွေးပြီး သတင်းအသေချာကောက်လို့ မရသေးဘူး၊ အချက်အလက်ပြည့်စုံအောင် ဖြေဆိုဖို့ အခက်အခဲရှိနေပါသေးတယ်” လို့ ပဒိုစောလစ္စတန်က ပြောပါတယ်။
 
သင်္ဃန်းညီနောင်မြို့မှာ စစ်ကောင်စီရဲ့ စစ်ဗျူဟာအခြေချ (စဗခ) တခုရှိပြီး ခမရ (၃၅၅)၊ (၃၅၆)၊ (၃၅၇) တပ်ရင်းသုံးရင်း အခြေစိုက်ထားတာ ဖြစ်ပါတယ်။
 
လက်ရှိမှာတော်လှန်ရေးပူးပေါင်းအဖွဲ့တွေ ခမရ (၃၅၅) အပြီးတိုင် တိုက်ခိုက်သိမ်းပိုက်ရရှိဖို့ ကြိုးစားနေသလို ခမရ (၃၅၆) ကိုလည်း သိမ်းပိုက်ရရှိဖို့ အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ သိရပါတယ်။
 
ဒီအခြေအနေနဲ့ပတ်သက်ပြီး သိရှိရဖို့ မြေပြင်တော်လှန်ရေးအင်အားစုတွေထံ DNA က ဆက်သွယ်မေးမြန်းခဲ့ပေမယ့် စစ်ကောင်စီက လေကြောင်း လက်နက်ကြီး ပစ်ခတ်မှုတွေ ရှိနေတာကြောင့် မြေပြင်စစ်ရေးအခြေအနေ သေးစိတ်ပြောဖို့ အခက်အခဲရှိတယ်လို့ ဆိုကြပါတယ်။
 
သင်္ဃန်းညီနောင် နှစ်ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် အရပ်သား သုံးဦး သေဆုံးကာ ဆယ်ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိထားတယ်လို့ ဒေသခံသတင်းအရင်းအမြစ်တွေက DNA ကို ပြောဆိုထားပါတယ်။
 
ဒါ့အပြင် တိုက်ပွဲကြောင့် ဒေသခံအရပ်သား တထောင်နီးပါး ထွက်ပြေးတိမ်းရှောင်နေရသလို နေအိမ်အဆောက်အဦ အများအပြားလည်း ထိခိုက်ပျက်စီးတာ ရှိတယ်လို့ ဆိုပါတယ်။
 
ဓာတ်ပုံ – Google Map