ရေးမှာ Mytel ဝန်ထမ်းငါးဦးကို လက်နက်ကိုင်အဖွဲ့တခုက ဖမ်းဆီး

မတ်၊ ၈
 
မွန်ပြည်နယ်၊ ရေးမြို့နယ် စံပြကျေးရွာမှာ မနေ့ မတ် ၇ ရက် နေ့လယ်ပိုင်းက Mytel ကုမ္ပဏီဝန်ထမ်းအပါအဝင် အလုပ်သမားငါးဦးကို လက်နက်ကိုင်အဖွဲ့တခုက ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
 
“ကြိုးသွားပြင်နေတဲ့အချိန်မှာ ဖမ်းခံလိုက်ရတာ၊ ခါတိုင်းလည်း ဒီလိုပဲ လိုက်ပြင်နေကြတာပဲ၊ အခုက ဘယ်သူဖမ်းသွားမှန်းမသိဘူး၊ ဒီဘက်က လက်နက်ကိုင်များတော့ ဘယ်သူဖမ်းသွားမှန်းကို မသိကြသေးဘူး” လို့ ရေးမြို့ခံတဦးက DNA ကို ပြောပါတယ်။
 
ဖမ်းဆီးခံရတဲ့သူတွေဟာ Mytel ကုမ္ပဏီဝန်ထမ်းတွေ အပါအဝင် နေ့စားအလုပ်သမားတွေ ဖြစ်ကြပြီး အသက် နှစ်ဆယ််ကျော်နဲ့ သုံးဆယ်ဝန်းကျင် လူငယ်ပိုင်းတွေ ဖြစ်ကြတယ်လို့ ဆိုပါတယ်။
 
ဖမ်းဆီးခံရတဲ့သူတွေရဲ့ အမည်နဲ့ နေရပ်လိပ်စာကိုတော့ DNA အနေနဲ့ စုံစမ်းနေဆဲဖြစ်ပြီး သူတို့အားလုံး ဒီကနေ့ ညနေပိုင်းအထိ ပြန်လွတ်လာတာ မရှိသေးဘူး ဆိုပါတယ်။
 
“မလွတ်သေးဘူး၊ ရုံးဘက်ကတော့ စုံစမ်းနေတုန်းပဲ၊ နေ့စားဝန်ထမ်းတွေလည်း ပါတော့လေ၊ ဘယ်သူလဲဆိုတော့ သေချာမသိသေးဘူး” လို့ မော်လမြိုင်မြို့ Mytel ကုမ္ပဏီဝန်ထမ်းတဦးက ပြောပါတယ်။
 
ဒါ့အပြင် ဖမ်းဆီးခံထားရတဲ့ Mytel ဝန်ထမ်းတွေရဲ့ မိသားစုဝင်တွေနဲ့ အဆက်အသွယ်ရရှိဖို့ကို DNA က ကြိုးစားနေဆဲဖြစ်ပါတယ်။
 
အဲဒီ Mytel ကုမ္ပဏီဝန်ထမ်းတွေကို ဘယ်လက်နက်ကိုင်အဖွဲ့က ဖမ်းဆီးထားတာကို ဒီကနေ့အထိ ထုတ်ပြန်ထားခြင်း မရှိသေးသလို DNA က ဆက်သွယ်ရရှိခဲ့တဲ့ ဒေသတွင်းလှုပ်ရှားနေတဲ့ တော်လှန်ရေးအစုအဖွဲ့တွေက သူတို့ဖမ်းဆီးထားခြင်း မရှိဘူးလို့ တုံ့ပြန်ပါတယ်။
 
“ဖမ်းလိုက်ပါတယ်လို့ အတည်ပြုခြင်း မရှိသေးဘူး၊ ကျွန်တော်အနေနဲ့လည်း ဒီအပိုင်းကို ဆောင်ရွက်ထားခြင်းမရှိဘူး” လို့ ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ပြောပါတယ်။
 
တဖက်မှာလည်း အခုဖမ်းဆီးမှုကို စစ်တပ်လက်အောက်ခံ မွန်ငြိမ်းချမ်းကာကွယ်ရေးတပ်ဖွဲ့တွေဘက်က ဖမ်းဆီးခဲ့တာ ဖြစ်တယ်လို့ ဒေသခံတွေအကြားမှာ ပြောဆိုမှုတွေ ရှိနေပေမယ့် DNA အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
 
အဲဒီ မွန်ငြိမ်းချမ်းကာကွယ်ရေးတပ်ဖွဲ့တွေထံကိုလည်း DNA က ဆက်သွယ်ဖို့ ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့ မရသေးပါဘူး။
 
စစ်တပ်ဝင်ငွေရလမ်းကြောင်းတခုဖြစ်တဲ့ Mytel ကုမ္ပဏီကို အာဏာသိမ်းပြီးနောက် ဆက်လက်အသုံးမပြုကြဖို့ ဝိုင်းဝန်းသပိတ်မှောက်ထားကြသလို Mytel ရုံးတွေ၊ တာဝါတိုင်တွေ၊ ဆက်သွယ်ရေးဆိုင်ရာ စက်ပစ္စည်းတွေကို တော်လှန်ရေးအင်အားစုတွေဘက်က မီးရှို့ဖျက်ဆီးတာ မိုင်းထောင်ဖောက်ခွဲဖျက်ဆီးတာတွေ လုပ်ဆောင်လေ့ရှိပါတယ်။
 
ဓာတ်ပုံ – Khit Thit Media
ပုံစာ – ရန်ကုန်မြို့က မိုင်တဲရုံးချုပ် (ပုံဟောင်း)