မတ်၊ ၈
ရခိုင်ပြည်နယ်တောင်ပိုင်း သံတွဲနဲ့ ဂွမြို့နယ်တို့မှာ စစ်ကောင်စီတပ်က ပြည်သူ့စစ်အတွက်ဆိုပြီး ကျေးရွာအုပ်စုတခုကို လူနှစ်ဆယ်စီ စာရင်းပေးကြဖို့ လာရောက်တောင်းခံနေပြီး တချို့ကိုတော့ စစ်သင်တန်းစပေးနေပြီလို့ ဒေသခံတွေက ပြောပါတယ်။
နိုင်ငံအဝှမ်း မြို့နဲ့ တပ်စခန်းတွေ ဆက်တိုက်သိမ်းပိုက်ခံရပြီး တပ်သားဆုံးရှုံးမှု အများအပြားရှိနေတဲ့ စစ်ကောင်စီဟာ စစ်မှုထမ်းဥပဒေ အသက်သွင်းပြီးနောက် အခုလို စာရင်းကောက်ယူကာ အတင်းအဓမ္မ တပ်သားစုဆောင်းဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။
“စစ်တိုက်ရမယ်လို့ မပြောဘူး၊ ကိုယ့်ရွာကို ကာကွယ်ဖို့အတွက် စာရင်းပေးကြပါဆိုပြီးပဲ ပြောတယ်၊ ဒါပေမယ့် စစ်တိုက်ခိုင်းဖို့တွက် ညာခေါ်နေတာထင်တယ်၊ ရွာကိုကာကွယ်ဖို့က ဘယ်သူတွေက လာတိုက်နေလို့လဲ၊ မဟုတ်ဘူးလား” လို့ သံတွဲမြို့နယ်က အမည်မဖော်လိုတဲ့ မိခင်တဦးက ပြောပါတယ်။
လက်ရှိမှာ သံတွဲမြို့နယ်အတွင်းရှိ ကျေးရွာတချို့က လူငယ်တွေကို စာရင်းကောက်ခေါ်ယူကာ ငပလီအခြေစိုက် ခလရ (၅၅) တပ်ရင်းထဲမှာ စစ်သင်တန်းပေးနေပြီလို့လည်း ဒေသခံတွေက DNA ကို ပြောကြပါတယ်။
စစ်ကောင်စီတပ်က ပြည်သူ့စစ်အတွက်ဆိုပြီး စာရင်းကောက်ယူရာမှာ အသက်အရွယ်ကန့်သတ်မထားဘဲ အသက်ငါးဆယ်ကျော်၊ ခြောက်ဆယ်ဝန်းကျင်အရွယ် လူကြီးတွေကိုပါ စာရင်းယူလက်ခံနေတယ်လို့ သိရပါတယ်။
“ပြည်သူ့စစ်အတွက် စာရင်းပေးလိုက်ရင် စစ်မှုထမ်းစရာ မလိုတော့ဘူးတဲ့၊ အဲဒါအတွက် သီးသန့်ထပ်ကောက်ဦးမှာတဲ့၊ စစ်မတိုက်ချင်ရင် အခုတည်းကပေးကြ၊ အဲလိုပြောနေတာ အုပ်ချုပ်ရေးမှူးက၊ ဒီဘက်ရွာတွေမှာ လာကောက်သွားပြီ” လို့ သံတွဲမြို့နယ်တောင်ပိုင်း ဒေသခံအမျိုးသားတဦးက ပြောပါတယ်။
အာဏာသိမ်းစစ်ကောင်စီဟာ အမျိုးသားတွေဆိုရင် အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အထိနဲ့ အမျိုးသမီးတွေဆိုရင် အသက် ၁၈ နှစ်ကနေ၂၇ နှစ်အထိ စစ်မှုထမ်းရမယ်ဆိုတဲ့ ဥပေဒကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၀ ရက်မှာ အသက်သွင်းခဲ့ပြီး တနှစ်မှာ တပ်သားသစ်ခြောက်သောင်းနှုန်း ခေါ်သွားမယ်လို့ ဆိုထားပါတယ်။
ဒါ့အပြင် ရခိုင်တောင်ပိုင်းက စာရင်းကောက်ယူသူတွေထဲမှာ စစ်ကောင်စီလက်အောက်ခံ ကျေးရွာအုပ်ချုပ်ရေးမှူးတွေအပြင် စစ်ကောင်စီကျောထောက်နောက်ခံ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီဝင်တွေလည်း ပါဝင်ပြီး စာရင်းမပေးဘဲ ရှောင်ပြေးသူတွေကို ဖမ်းဆီး၊ သတ်ဖြတ်မယ်လို့ ခြိမ်းခြောက်တာတွေပါ ရှိနေတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
အဲဒီလိုခြိမ်းခြောက်မှုတွေကြောင့် ဒေသတွင်းလူငယ်တွေနဲ့ မိဘတွေမှာ စိုးရိမ်နေကြရတယ်လို့ ဆိုပါတယ်။
“အုပ်ချုပ်ရေးမှူးတွေက စာရင်းမပေးရင် အိမ်ထိလာသတ်မယ်တွေရော ဘာတွေရော မိုက်မိုက်ကန်းကန်း ပြောနေတာ၊ ဘယ်လိုတောင် မက်လုံးပေးထားလဲ မသိပါဘူး” လို့ သံတွဲမြို့နယ်မှ မိခင်တဦးက ပြောပါတယ်။
အလားတူပဲ သံတွဲမြို့နယ်နဲ့ကပ်ရပ် ဂွမြို့နယ်အတွင်းမှာလည်း အဲဒီလို စာရင်းကောက်ယူတာတွေ ရှိနေတယ်လို့ ပြောကြပါတယ်။
“စာရင်းကောက်နေတာ တပတ်လောက်ရှိပြီ၊ ဒီဘက်တွေမှာက လွတ်မြောက်နယ်မြေတွေလည်း မရှိတော့ ပြေးဖို့လည်း ခက်တယ်၊ စစ်ထဲဝင်ရရင်တော့ ဒုက္ခပါပဲ၊ ဘယ်သူ့မှပဲ သူတို့စစ်တပ်ထဲ မဝင်ချင်ကြဘူး” လို့ ဂွမြို့နယ်မှ ဒေသခံအမျိုးသားတဦးက ပြောပါတယ်။
သံတွဲမြို့နယ်မှာ ကျေးရွာအုပ်စု ၅၉ စုရှိပြီး ဂွမြို့နယ်မှာတော့ ၃၃ အုပ်စုရှိပါတယ်။
စစ်ကောင်စီတပ်ဟာ စစ်မှုထမ်းဥပေဒကို ပြဌာန်းပြီးတဲ့နောက်မှာ ရခိုင်ပြည်နယ်အတွင်းက ရိုဟင်ဂျာတွေ၊ ရန်ကုန်အပါအဝင် ပြည်မရောက်ရခိုင်လူငယ်တွေကို ဆက်တိုက်ဖမ်းဆီးခဲ့ပြီး အခုအခါ စစ်ကောင်စီထိန်းချုပ်မှုအောက်မှာ ရှိသေးတဲ့ ပြည်နယ်တောင်ပိုင်းမှာ ဖမ်းဆီးမှုတွေ ဆက်လုပ်လာခဲ့တာပါ။
ရက္ခိုင့်တပ်တော် (AA) ထိုးစစ်တွေ ဆက်တိုက်လုပ်နေပြီး မြို့တွေတခုပြီးတခု ဆက်တိုက်သိမ်းပိုက်နေတဲ့ ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်က အပြည့်အ၀ထိန်းချုပ်နိုင်သေးတဲ့ မြို့နယ်ဟာ သံတွဲ၊ ဂွ နဲ့ မာန်အောင်တို့ပဲ ကျန်တော့တာပါ။
စစ်ကောင်စီက တစိတ်တပိုင်း ထိန်းချုပ်နိုင်သေးတဲ့ တောင်ကုတ်၊ အမ်း မြို့နယ်တို့မှာလည်း မြို့ပေါ်ရပ်ကွက်တွေအတွင်း စစ်မှုထမ်းစာရင်း ကောက်ယူဖို့ ပြင်ဆင်တာတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောထားပါတယ်။
ပြည်နယ်မြောက်ပိုင်းက မြို့နယ်တွေအားလုံးနီးပါးကိုတော့ AA က သိမ်းပိုက်ထားတာမို့ စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပေဒအရ တပ်သားစုဆောင်းမယ့် အစီအစဉ်တွေဟာ ထိရောက်မှုရှိမှာမဟုတ်တော့ဘူးလို့ ဒေသခံတွေက ဆိုပါတယ်။
“မြောက်ပိုင်းမှာ တပ်သားစုမရတော့ တောင်ပိုင်းက အများကြီးယူဖို့ လုပ်နေတာထင်တယ်၊ ဂွတို့၊ သံတွဲတို့ဆိုတာကလည်း သူတို့လက်အောက်မှာပဲ ရှိသေးတော့လေ၊ လူငယ်တွေအနေနဲ့က လွတ်ရာရှောင်ကြဖို့လိုတယ်” လို့ အမ်းဒေသခံ တက်ကြွလှုပ်ရှားသူ လူငယ်တဦးက အကြုံပြုပါတယ်။
အာဏာသိမ်းစစ်ကောင်စီတပ်ဟာ ရခိုင်ပြည်နယ် ကျောက်ဖြူ၊ မောင်တော၊ ဘူးသီးတောင်၊ စစ်တွေမြို့နယ်တို့အတွင်းမှ ရိုဟင်ဂျာတထောင်နီးပါးကိုလည်း ဖမ်းဆီးထားပြီး စစ်တွေနဲ့ ကျောက်ဖြူမြို့နယ်တို့မှာ စစ်သင်တန်းစပေးနေပြီလို့ ဖမ်းဆီးခံထားရသူ ရိုဟင်ဂျာတွေရဲ့ မိသားစုဝင်တွေက ပြောကြပါတယ်။
AA အနေနဲ့ကတော့ စစ်ကောင်စီရဲ့ အတင်းအဓမ္မတပ်သားစုဆောင်းခံရသူတွေကို ရရာနည်းလမ်းနဲ့ ရုံးထွက်ပြီး လွတ်မြောက်ရာနေရာတွေမှာ လာရောက်ခိုလှုံကြဖို့ အကြံပြု၊ ဖိတ်ခေါ်ထားပါတယ်။ အဲဒီလို လာရောက်ခိုလှုံသူတွေကို မိမိဆန္ဒမပါဘဲ အတင်းအကြပ် စစ်မှုထမ်းမှာခိုင်းမဟုတ်ဘဲ ဆန္ဒအလျောက် စစ်မှုထမ်းလိုရင်တော့ လက်ခံကြိုဆိုမယ်လို့ AA ပြောခွင့်ရက ဆိုထားပါတယ်။
ဓာတ်ပုံ – Google (ပုံဟောင်း)
ပုံစာ – စစ်ကိုင်းအတွင်းကပြ ည်သူ့စစ်သင်တန်းတခု