ဂါဇာမှာ လူသားချင်း စာနာမှု ထောက်ပံ့ရေး ယာယီ လှေဆိပ်တခု တည်ဆောက်မယ်လို့ ဘိုင်ဒန် ကြေညာ

မတ်၊ ၈

ဂါဇာမှာ လူသားချင်း စာနာမှု ထောက်ပံ့ရေး အရေးပေါ် မစ်ရှင်တွေ ဆောင်ရွက်ဖို့ အမေရိကန်က လှေဆိပ်တခု တည်ဆောက်သွားမယ်လို့ သမ္မတ ဂျိုးဘိုင်ဒန်က ကြေညာခဲ့ပါတယ်။

အမေရိကန် ပြည်သူတွေကို လိပ်မူတဲ့ စည်းလုံးရေး မိန့်ခွန်းထဲမှာ ဘိုင်ဒန်က အဲဒီ လှေဆိပ် တည်ဆောက်မယ့် ကိစ္စကို ထည့်သွင်း အတည်ပြုသွားခဲ့တာ ဖြစ်ပါတယ်။ အမေရိကန် စစ်တပ်အနေနဲ့ ဂါဇာ ကမ်းရိုးတန်းက မြေထဲပင်လယ် တနေရာမှာ သင်္ဘော အကြီးစားတွေ ဆိုက်ကပ်နိုင်မယ့် ယာယီ လှေဆိပ်တခု တည်ဆောက်ရေးအတွက် အမိန့်ပေး ညွှန်ကြားထားတယ်လို့ ဘိုင်ဒန်က ဆိုပါတယ်။

အဲဒီ လှေဆိပ်ဟာ ဂါဇာကို ရိက္ခာ၊ သောက်ရေ၊ ဆေးဝါး၊ ရွက်ဖျင်တဲတွေနဲ့ တခြား ထောက်ပံ့ရေး ပစ္စည်းတွေ ပို့ဆောင်ရေးအတွက် အသုံးပြုဖို့ ရည်ရွယ်ထားတယ်လို့လည်း ဘိုင်ဒန်က ပြောပါတယ်။

ဒါပေမဲ့ အမေရိကန် တပ်တွေဟာ ဂါဇာ ကမ်းခြေပေါ်မှာ တက်ရောက် နေရာယူဖို့တော့ အစီအစဉ် မရှိဘူးလို့လည်း သူက အတည်ပြုခဲ့ပါတယ်။ ယာယီ လှေဆိပ် တည်ဆောက်မယ့် အဓိက ရည်ရွယ်ချက်က ဂါဇာကို လူသားချင်း စာနာမှု အထောက်အပံ့တွေ နေ့စဉ် စီးဝင်နိုင်မှုကို မြှင့်တင်ဖို့ ဖြစ်ကြောင်း၊ တချိန်တည်းမှာ အစ္စရေးဖက်ကလည်း လုပ်သင့် လုပ်ထိုက်တာတွေကို တာဝန်ကျေကျေ လုပ်ဆောင်ပေးဖို့လိုကြောင်း ဘိုင်ဒန်က မိန့်ခွန်းထဲမှာ ထည့်သွင်း ပြောကြားသွားခဲ့ပါတယ်။

လောလောဆယ် အမေရိကန်ဟာ ဂါဇာမှာ ထောက်ပံ့ရေး ပစ္စည်းတွေကို​ လေထီးနဲ့ ချပေးတာမျိုး အစီအစဉ်တွေမှာ ပါဝင်ကူညီနေပေမယ့် ယာယီလှေဆိပ်သာ တည်ဆောက်ပြီးစီးရင် လူသားချင်း စာနာမှု အကူအညီတွေကို ပမာဏ အလုံးအရင်းနဲ့ ပို့ဆောင်နိုင်လာမယ့် သဘောပါပဲ။

လှေဆိပ်ဆီ ထောက်ပံ့ရေး သင်္ဘောတွေ ပို့ဆောင်မှုကို အမေရိကန်နဲ့ မိတ်ဖက် နိုင်ငံတွေက ပူးပေါင်း တာဝန်ယူသွားမယ်လို့လည်း သိရပါတယ်။ အဲဒီ အစီအစဉ်ကို တာဝန်ယူ ကိုင်တွယ်ရမယ့် ကာကွယ်ရေးဌာန တာဝန်ရှိသူ တဦးကတော့ ယာယီဆိပ်ကမ်း လက်တွေ့ လုပ်ငန်းလည်ပတ်နိုင်ဖို့ သီတင်းပတ်တချို့ အချိန်ယူရနိုင်တယ်လို့ မှတ်ချက် ပေးခဲ့ပါတယ်။

 ဆိပ်ကမ်း တည်ဆောက် ပြီးစီးတာနဲ့ ပထမအသုတ် ထောက်ပံ့ရေး ပစ္စည်းတွေကို ဆိုက်ပရပ်စ်ကနေတဆင့် ပို့ဆောင်ဖို့ စီစဉ်ပြီး ဖြစ်တယ်လို့လည်း သိရပါတယ်။ လက်ရှိ ဖြစ်ပွားနေတဲ့ စစ်ပွဲကြောင့် ဂါဇာမှာ စားနပ်ရိက္ခာ ပြတ်တောက်မှုတွေ ဆိုးဆိုးရွားရွား ဖြစ်ပေါ်နေပြီး အငတ်ဘေးဆိုက်နိုင်တဲ့ ခြိမ်းခြောက်မှုမျိုး နီးနီးကပ်ကပ် ကြုံတွေ့နေတယ်လို့ ကုလသမဂ္ဂက သတိပေး ကြေညာထားပါတယ်။

 

Ref: ABC