ဟားခါးမှာ ရဲအုပ်တဦးအပါအ၀င် ရဲငါးဦးကို ချင်းကာကွယ်ရေးတပ်က ဖမ်းဆီး

မတ်၊ ၈
 
ချင်းပြည်နယ် ဟားခါးမြို့နယ်ရှိ နယ်စပ်ဒေသ တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးရုံး (နတလ) မှာ လုံခြုံရေးအစောင့်ကျနေတဲ့ စစ်ကောင်စီလက်အောက်ခံ ရဲအုပ်တဦးအပါအ၀င် ရဲတပ်သား ငါးဦးကို ဖမ်းဆီးထားတယ်လို့ ချင်းကာကွယ်ရေးတပ်ဖွဲ့ (CDF-Hakha) တပ်မဟာ (၄) တပ်မဟာမှူးက DNA ကို အတည်ပြုပြောဆိုပါတယ်။
 
စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့၀င် ငါးဦးကို သွားရောက်ဖမ်းဆီးရာမှာ အပြန်အလှန်ပစ်ခတ်တာမျိုး မရှိဘဲ ဝိုင်း၀န်းပိတ်ဆို့ပြီး လက်နက်ချ အညံ့ခံဖို့ ပြောဆိုရာမှာ အဖမ်းခံခဲ့တာလို့ သူကဆိုပါတယ်။
 
ဖမ်းဆီးခံရသူတွေထဲ နှစ်ပွင့် (ရဲအုပ်) တဦး၊ တပွင့် (ဒုရဲအုပ်)တို့အပြင် ရဲတပ်သား သုံးဦး၊ အဲဒီရုံး၀န်ထမ်း တဦးနဲ့ ကျန်ပြည်သူတဦး စုစုပေါင်း ခုနစ်ဦးပါဝင်ပြီး သူတို့ကို ဒီလ ၆ ရက် ည ၇ နာရီခွဲလောက်မှာ သွားရောက်ဖမ်းဆီးခဲ့တာလို့ သိရပါတယ်။
 
“နတလ ၀န်ထမ်းတဦးနဲ့ သာမန်အရပ်သားတဦးပေါ့နော်၊ သူက စားသောက်ဆိုင်ဖွင့်ထားတာပါ၊ သူတို့နှစ်ယောက်ကတော့ ရဲဂိတ်မှာတွေ့လို မဖြစ်မနေ ဖမ်းခေါ်ခဲ့ရတာပါ၊ သူတို့ကိုတော့ ပြန်လွှတ်ပေးမှာပါ” လို့ CDF ဟားခါး တပ်မဟာ(၄) တပ်မဟာမှူး ကပြောပါတယ်။
 
ဖမ်းမိခဲ့တဲ့ ရဲတပ်ဖွဲ့၀င် ငါးဦးဆီက G-3 သေနတ် ငါးလက်၊ အရာရှိကိုင် ခြောက်လုံးပြူးသေနတ် တလက်အပြင် ကျည်အိမ်နဲ့ ကျည်ဆံတချို့ကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ CDF-Hakha က ဓာတ်ပုံနဲ့ တကွ သတင်းထုတ်ပြန်ထားပါတယ်။
 
ဖမ်းဆီးထားတဲ့ ရဲတပ်ဖွဲ့၀င်ငါးဦးနဲ့ ပက်သက်ပြီး အသေးစိတ်ကို ထုတ်ဖော်မပြောပေမယ့် လက်ရှိမှာ စစ်ဆေးမေးမြန်းမှုတွေ လုပ်ဆောင်နေတယ်လို့ တပ်မဟာ(၄) တပ်မဟာမှူးက ပြောပါတယ်။
 
“ရဲငါးယောက်ကိုတော့ တော်လှန်ရေးမပြီးမချင်းတော့ မလွှတ်တော့ဘူးနော်၊ ကျွန်တော်တို့ အချူပ်ထဲထည့်ပြီးတော့ အစားကျွေးပြီးတော့ အဲအတိုင်းထားရုံပဲ၊ သတ်ဖြတ်တာတွေတော့ ကျနော်တို့ဘက်မှာ မပါဘူး တော်လှန်ရေးမပြီးမချင်း အသက်ရှင်လျက်ထားမှာပါ” လို့ သူကပြောပါတယ်။
 
CDF ဟားခါးတပ်ဖွဲ့အနေနဲ့ ပြီးခဲ့တဲ့ တနှစ်အတွင်း ဟားခါးမြို့ပေါ်ကနေ ရဲတပ်သား သုံးဦးနဲ့ စစ်ကောင်စီတပ်ဖွဲ့၀င် ခုနစ်ဦးကို အခုလိုပဲ ဖမ်းဆီးသေးတယ်လို့ သိရပါတယ်။
 
ဓာတ်ပုံ – CDF Hakha