မတ်၊ ၈
ရာထူးက ထုတ်ပယ်ခံရတဲ့ စစ်တပ် အကြီးအကဲဟောင်းကို ယူကရိန်း အစိုးရက ဗြိတိန် သံအမတ်ကြီး ရာထူးမှာ ခန့်အပ် တာဝန်ပေးလိုက်ကြောင်း သိရပါတယ်။
အဲဒီ အခြေအနေဟာ အံ့ဩစရာ နိုင်ငံရေး အခင်းအကျင်းတခု ဖြစ်ခဲ့ပေမယ့်လည်း လေ့လာသူတွေက သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးဟာ စစ်တပ် အကြီးအကဲဟောင်း ဗယ်လာရီ ဇာလုဇ်ညီနဲ့ ဆက်ဆံရေး ပြိုကွဲမှုကို ပြန်လည် ပြင်ဆင် ဖာထေးတဲ့ အပေးအယူတခု ဖြစ်နိုင်တယ်လို့ သုံးသပ်ခဲ့ကြပါတယ်။
ဇာလုဇ်ညီဟာ ယူကရိန်း စစ်သားတွေရဲ့ လေးစားချစ်ခင်ခြင်းကို ခံခဲ့ရတဲ့ ခေါင်းဆောင်တဦး ဖြစ်ပါတယ်။ ဒါပေမဲ့လည်း ယူကရိန်းက မျှော်လင့်ချက် ကြီးကြီးနဲ့ ဆင်နွှဲခဲ့တဲ့ တန်ပြန်ထိုးစစ် အစီအမံတွေ ကျဆုံးခဲ့တဲ့နောက် ဇာလုဇ်ညီနဲ့ သမ္မတ ဇီလန်စကီးကြား ဆက်ဆံရေးမှာ အက်ကြောင်းတွေ စတင် ပေါ်ပေါက်လာခဲ့ပါတယ်။
ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းမှာတော့ ဇီလန်စကီးက ဇာလုဇ်ညီကို ရာထူးက နုတ်ထွက်ခိုင်းခဲ့ပေမယ့် ဗိုလ်ချုပ်ကြီးက ငြင်းဆိုခဲ့တာကြောင့် အဆုံးမှာ ဇီလန်စကီးကိုယ်တိုင် သူ့ကို ထုတ်ပယ်ခဲ့ပါတယ်။ အဲဒီကိစ္စဟာ ကျူးကျော်စစ်ကို ခုခံတိုက်ခိုက်နေတဲ့ စစ်သည်တွေအပေါ် စိတ်ဓာတ်ရေးရာ ထိခိုက် ပြိုကွဲစေနိုင်တယ်ဆိုတဲ့ ထောက်ပြမှုတွေလည်း ရှိခဲ့ပါတယ်။
အခုတော့ ဇီလန်စကီးက ဇာလုဇ်ညီကို ဗြိတိန်နိုင်ငံဆိုင်ရာ ယူကရိန်း သံအမတ်ကြီးအဖြစ် ရုတ်တရက် ခန့်အပ်လိုက်တာပါ။ အဲဒီ ရာထူးဟာ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လမှာ ဗာဒင်းမ် ပရိုင်စတိုင်ကိုကို ဖယ်ရှားပြီးနောက်ပိုင်း တောက်လျှောက် လစ်လပ်နေခဲ့ပါတယ်။
ဇီလန်စကီးကတော့ သူဟာ ဇာလုဇ်ညီရဲ့ သံတမန်ရေးရာ ကျွမ်းကျင်မှုအပေါ် ယုံကြည်မှု အပြည့်ရှိလို့ ရာထူးအတွက် ကမ်းလှမ်းခဲ့ပြီး ဗိုလ်ချုပ်ကြီးဟောင်း ကိုယ်တိုင်ကလည်း စိတ်ဝင်တစား လက်ခံခဲ့တယ်လို့ ပြောပါတယ်။ တဖက်မှာတော့ ဇာလုဇ်ညီရဲ့ သံတမန်ရေး အတွေ့အကြုံ ကင်းမဲ့မှုအပေါ် မူတည်ပြီး ဘာကြောင့် အခုလို ရာထူးမျိုး ပေးအပ်ခဲ့သလဲ ဆိုတာကို ဝေဖန် မေးခွန်းထုတ်မှုတွေလည်း ရှိနေပါတယ်။
Ref: BBC