ရသေ့တောင်ကိုAA သိမ်းပိုက်နိုင်ရန် လက်တကမ်းသာလို

မတ်၊ ၇

စစ်ကောင်စီရဲ့ နောက်ဆုံးလက်ကျန်တပ်ရင်း သုံးခုသာ ကျန်တော့တဲ့ ရသေ့တောင်မှာ ရက္ခိုင့်တပ်တော်(AA)က ထိုးစစ်အရှိန်မြင့်ကာ ပြင်းပြင်းထန်ထန်တိုက်ခိုက်နေပြီး စစ်ကောင်စီတပ်နေရာအများစုကို သိမ်းပိုက်ထားနိုင်ပြီလို့ နီးစပ်တဲ့သတင်းရင်းမြစ်တွေက ပြောပါတယ်။

AA ဟာ ရသေ့တောင်မြို့ပေါ်အခြေစိုက် စစ်ကောင်စီတပ်ရင်းတွေကို ပြီးခဲ့တဲ့ လကတည်းက စတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ခုရက်ပိုင်းမှာတော့ ထိုးစစ်ကို သိသိသာသာအရှိန်မြင့်ခဲ့တာလို့ ဆိုပါတယ်။

“ဒီရက်ပိုင်း အပြင်းအထန် တိုက်နေကြတာ၊ ကာကင်းတွေ အကုန်နီးပါးရသွားပြီ၊ တပ်ရင်းတွေထဲ ကျွံသွားပြီ၊ စုခံနေကြတယ်၊ ဒီကောင် (စစ်ကောင်စီတပ်) တွေ  စုခံရင်းစုခံရင်းနဲ့ အကုန်လက်လွှတ်ရတော့မှာ”လို့ AA နဲ့ နီးစပ်တဲ့ ဒေသခံသတင်းရင်းမြစ်တဦးက DNA ကို ပြောပါတယ်။

ရသေ့တောင်မြို့ရဲ့ မြောက်ဘက် မြို့နဲ့ကပ်ရပ်မှာ စစ်ကောင်စီရဲ့စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ ၁၅) လက် အောက်ခံ တပ်ရင်းတွေဖြစ်တဲ့ ခမရ ၅၃၆၊ ၅၃၇ နဲ့ ၅၃၈ တို့ အခြေစိုက်ထားတာပါ။ 

အဲဒီတပ်ရင်းတွေထဲက ၅၃၆ နဲ့ ၅၃၇ တပ်ရင်းတို့ဟာ AA ရဲ့ပိတ်ဆို့တိုက်ခိုက်မှုကြောင့် ၅၃၈ တပ်ရင်းဆီ သွားရောက်ပူးပေါင်းထားတယ်လို့ စစ်ရေးနဲ့ နီးစပ်တဲ့ ဒေသခံတွေက ပြောကြပါတယ်။

“ရေကြောင်းက စစ်ကူပို့ဖို့တောင် မလွယ်တော့ဘူး၊ ပို့လည်း အတိုက်ခံရတာပဲ၊ ဒီတိုင်းဆို ဘယ်နှစ်ရက်တောင် မကြာဘူး၊ ရသေ့တောင်ကိုလည်း ကိုယ့်ဖက်(AA)က ရသွားမယ်”လို့ နောက်ထပ်ဒေ သခံသတင်းရင်းမြစ်က ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ပတ်တွေတုန်းက မယူမြစ်ကမ်းပေါ်တည်ရှိတဲ့ ရသေ့တောင်မြို့ကို  ရေကြောင်းကနေ စစ်ကူတွေ ပေးပို့ခဲ့ပေမယ့် AA ရဲ့ ကြားဖြတ်ခိုက်မှုကြောင့် စစ်ကူမရောက်ဘဲ လှည့်ပြန်ရတာတွေ ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

ရက္ခိုင့်တပ်တော်(AA)ဟာ ရသေ့တောင်မြို့နယ်အတွင်း အခိုင်အမာအခြေစိုက်ထားတဲ့ ရေစိုးချောင်း၊ အမျက်တောင်၊ ထီးဇွဲ၊ စေတီပြင်စတဲ့ ဗျုဟာစခန်းတွေကို ပြီးခဲ့တဲ့ ဇန်နဝါရီကတည်းက သိမ်းပိုက်ထားခဲ့ပြီး မြို့ပေါ်တပ်ရင်းတွေကို ဆက်လက်ထိုးစစ်ဆင်နေခဲ့တာပါ။

မြို့ပေါ်အခြေစိုက် နောက်ဆုံးလက်ကျန်တပ်ရင်းတွေ တိုက်ခိုက်ခံနေရတဲ့ စစ်ကောင်စီတပ်ဟာ ရသေ့တောင်မြို့နဲ့ အနီးတဝိုက်ရွာတွေဆီ လေကြောင်း၊ လက်နက်ကြီးတွေနဲ့ နေ့စဉ်နီးပါး ပစ်ခတ်နေပြီး အရပ်သား ထိခိုက်ဒဏ်ရာရတာတွေလည်း ရှိနေပါတယ်။

အခု မတ်လ ၆ ရက်နဲ့ မတ်လ ၅ ရက်နေ့တွေမှာလည်း နှစ်ဖက်တိုက်ပွဲလုံး၀မရှိတဲ့ ရသေ့တောင်မြို့နယ် စေတီပြင်ရွာကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

ရခိုင်ပြည်မြောက်ပိုင်းနဲ့ အလယ်ပိုင်းက မြို့နယ် ခုနှစ်ခုကို သိမ်းပိုက်ထားတဲ့ AA ဟာ ရသေ့တောင်၊ ဘူသီးတောင်နဲ့ မောင်တောမြို့နယ်တို့ရှိ စစ်ကောင်စီတပ်ရင်း၊ တပ်စခန်းတွေကို ဆက်တိုက် ထိုးစစ်နေတာပါ။

AA ဟာ လက်ရှိမှာ မင်းပြား၊ ပေါက်တော၊ မြေပုံ၊ ကျောက်တော်၊ မြောက်ဦး၊ ပုဏ္ဏားကျွန်းနဲ့ ရမ်းဗြဲမြို့တို့ကို သိမ်းပိုက်ထားပြီး ပြည်နယ်မြောက်ပိုင်းဆိုရင် ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တောနဲ့ မြို့တော်စစ်တွေတို့ပဲ သိမ်းပိုက်ဖို့ ကျန်တော့တာဖြစ်ပါတယ်။

“စစ်တွေကို စတိုက်ဖို့ ဒီဖက်မြို့တွေကို လက်စသတ်နေတာထင်တယ်၊ ရသေ့တောင်ကို ရရင် မောင်တောလည်း သိပ်မလိုတော့ဘူး၊ ဘူးသီးတောင်တခုပဲ နည်းနည်း ကြာနိုင်တယ်”လို့ စစ်ရေးအခြေအနေတွေကို စောင့်ကြည့်နေတဲ့ ရခိုင်ဒေသခံတဦးက ပြောပါတယ်။

ရခိုင်ဒေသတခုလုံးမှာ စစ်ကောင်စီကင်းစင်ရေးအတွက် ကျန်နေသေးတဲ့မြို့တွေကို တခုပြီးတခု ဆက်လက်ထိုးစစ်ဆင်သွားမှာဖြစ်လို့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအားလုံးအနေနဲ့ လက်ချက်အညံ့ခံကြဖို့ AA က မကြာခဏ သတိပေးနေပါတယ်။