စစ်ကောင်စီ လက်နက်ကြီး ပစ်ခတ်မှုကြောင့် လိုင်ဇာမှာကလေးတဦးအပါသုံးဦးသေဆုံး။ ဒဏ်ရာရသူများလည်းရှိနေ

မတ်၊ ၇

လိုင်ဇာမြို့အနီးဝန်းကျင်နဲ့ မြစ်ကြီးနား – ဗန်းမော်ကားလမ်းတစ်လျှောက်ရှိ စစ်ကောင်စီတပ်စခန်းတွေကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) နဲ့ပူးပေါင်းတပ်တွေကထိုးစစ်ဆင်တိုက်ခိုက်နေလို့ တိုက်ပွဲ ပြင်းထန်နေပြီးစစ်ကောင်စီလက်နက်ကြီးပစ်ခတ်မူကြောင့်ကလေးငယ်တဦးအပါအဝင်သုံးဦးအနည်းဆုံးသေဆုံးခဲ့တယ်လို့သိရပါတယ်။

လိုင်ဇာမြို့အနီးရှိ စစ်ကောင်စီရဲ့ခယာတောင် နဲ့ဘွမ်ရဲတောင်တပ်စခန်း။ မိုးမောက်မြို့နယ်ရှိ နွမ်လန်း၊ ဒေါ့ဖုန်းယန်ဒေသ ရှဒန်ပါတပ်စခန်း၊ အင်တပ်ဘွမ်တပ်စခန်းနှင့် အင်လုန်ခတပ်စခန်း၊  ဝိုင်းမော်မြို့နယ်ရှိရွှေညောင်ပင်ခလရ ၃၂၁ နဲ့ ပြည် သူစစ်စခန်းအချို့အပါအဝင်  စစ်ကောင်စီရဲ့အရေးပါတပ်စခန်း၃၀လောက်ကို KIA ဦးဆောင်တဲ့ ပူးပေါင်းတပ်ဖွဲ့များက ဒီကနေ့မတ်လ၇ရက်နံနက်၅နာရီကျော်ကစတင်ပြီး 

တပြိုင်နက်တိုက်ခိုက်နေတာဖြစ်ပါတယ်။ KIAနဲ့ပူးပေါင်းတပ်တွေ ရဲ့ထိုးစစ်အတွင်း စခန်းငယ်အချို့ကို သိမ်းပိုက်ထားနိုင်တယ်လို့ လည်းဒေသတွင်းသတင်းရင်းမြစ်တွေကပြောပါတယ်။ဒါပေမယ့်လည်းအသေးစိတ်ကိုတော့မသိရှိရသေးဘူးလို့KIAသတင်းရင်းမြစ်တဦးကဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီဖက်ကလက်နက်ကြီးနဲ့ပစ်ခတ်မူကြောင့် လိုင်ဇာမြို့မှာ အရပ်သား၃ဦးသေဆုံးခဲ့တယ်လို့ KIAနဲ့နီးစပ်တဲ့သတင်းရင်းမြစ်တဦးက DNAကိုပြောပါတယ်။

” ပါဂျောင် အရင်KIOဌာနချုပ်ဟောင်းရှိတဲ့ဖက်ကစကစတွေကလက်နက်ကြီးနဲ့ရှစ်ချက်လောက်ပစ်တာ မုန်လိုင်ခက်ကိုဆိုင်ကယ်နဲ့သွားနေတဲ့တယောက်ကတင်ပါးကိုထိပြီးသေတယ်” လို့သူကဆိုပါတယ်။

ဒါ့အပြင် စစ်ရှောင်တွေနေထိုင်ရာ ဝေကြိုင်ရပ်ကွက်ထဲကိုလည်း လက်နက်ကြီးကျည်ကျရောက်ခဲ့လို့ ကလေးတဦးအပါအဝင်သားအမိနှစ်ဦးသေဆုံးခဲ.တာပါ။

“ခေါင်မိုးပေါ်တည့်တည့်ကျတာ။ သားအမိနှစ်ယောက်လုံးပွဲချင်းပြီးသေတယ်။ဒဏ်ရာရတာတွေလည်းရှိတယ်။သေချာမသိရသေးဘူး” လို့အဲဒီသတင်းရင်းမြစ်ကပြောပါတယ်။

ဒါ့အပြင်KIAဖက်ကလည်း မြစ်ကြီးနားမြို့ပေါ်ရှိ စစ်ကောင်စီလေတပ်အခြေစိုက်စခန်းကို လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တယ်လို့သိရပေမယ့် အသေးစိတ်ကိုတော့အတည်မပြုနိုင်သေးပါဘူး။

KIAနဲ့ပူးပေါင်းတပ်တွေရဲ့အခုစစ်ဆင်ရေးက ၁၀၂၇ရှမ်းမြောက်စစ်ဆင်ရေးနဲ့မသက်ဆိုင်ဘဲ သီးခြားဗျူဟာအရဆောင်ရွက်တာလို့လည်းKIAသတင်းရင်းမြစ်တွေကဆိုပါတယ်။ အခုစစ်ဆင်ရေးမှာ KIAနဲ့အတူ ကချင်ပြည်သူ့ကာကွယ်ရေးတပ်(KPDF)အပြင် ရခိုင်တပ်တော်(AA)လည်းပူးပေါင်းပါဝင်တယ်လို့ ဒေသခံတွေကပြောပါတယ်။

ပြီးခဲ့တဲ့မတ်လ ၃ ရက်နေ့ကလည်း မံစီမြို့နယ် ရှိ စစ်ကောင်စီရဲ့မဂျီဂုံဗျူဟာကုန်းစခန်းကို KIAနဲ့ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။ KIAနဲ့ပူးပေါင်းတပ်တွေက ပြီးခဲ့တဲ့နှစ်လတာအတွင်း ရှမ်းမြောက်ဒေသမဘိမ်းမြို့နဲ့ ကချင်နဲ့ရှမ်းအစပ်ရှိ စစ်ကောင်စီရဲ့ အရေးပါတပ်စခန်းအများအပြားကိုသိမ်းပိုက်ထားနိုင်တာဖြစ်ပါတယ်။

Photo.ပေးပို့