ပညာရှင်တွေကို ခေါင်းစားလာစေတဲ့ မြန်မာ့နျူကလီးယား သတ္တု အရှုပ်အထွေး ဇာတ်လမ်းများ

မတ် ၊ ၇

လက်နက် အရောင်းအဝယ်အတွက် နျူကလီးယား ကုန်ကြမ်း ပစ္စည်းတွေကို မြန်မာနိုင်ငံက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း တခုက ယာကူဇာ ဂိုဏ်းသား တယောက်ဆီ ကမ်းလှမ်းခဲ့တယ် ဆိုတဲ့ စွပ်စွဲချက်တွေဟာ ရှမ်းပြည်နယ်ထဲမှာ နျူကလီးယားလက်နက် ထုတ်လုပ်နိုင်တဲ့ ဓာတ်သတ္တုတွေ ရှိနေနိုင်တယ်ဆိုတဲ့ အယူအဆတွေကို ပိုမို တွန်းအားပေးလာပြီး သိပ္ပံပညာရှင်တွေ အတွက်လည်း ခေါင်းစားစရာ ဖြစ်လာပါတယ်။ သူတို့တွေ ရှမ်းပြည်နယ်ဖက်မှာ ယူရေနီယမ် သတ္တုရိုင်းတွေ ထွက်နိုင်တယ်လို့ ယူဆထားပေမယ့် လက်နက် ထုတ်လုပ်နိုင်လောက်တဲ့ ကုန်ကြမ်းအဆင့်မျိုး သန့်စင်ဖို့အတွက် နယ်စွန်နယ်ဖျား ဧရိယာတွေမှာ ဘယ်လို စီမံ လုပ်ဆောင်နိုင်မလဲ ဆိုတာကို မေးခွန်းထုတ်နေကြပါတယ်။

 ပြီးခဲ့တဲ့ လတုန်းက ဂျပန်နိုင်ငံသား ယာကူဇာ ဂိုဏ်းဝင် တဦးဖြစ်တဲ့ တာကီရှီ အီဘီဆာဝါကို တရားစွဲဆိုတဲ့ စွဲချက်ကို အမေရိကန် အစိုးရ ရှေ့နေတွေက ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီထဲမှာ နျူကလီးယား ထုတ်လုပ်နိုင်တဲ့ ကုန်ကြမ်း သတ္တုတွေကို မှောင်ခိုတင်ပို့ဖို့ ကြံစည်ခဲ့တယ်ဆိုတဲ့ စွဲချက်လည်း ပါဝင်လာခဲ့ပါတယ်။

 လောလောဆယ် အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့မှာရှိတဲ့ ဘရွတ်ကလင်း အကျဉ်းထောင်မှာ ဖမ်းဆီးချုပ်နှောင် ခံထားရတဲ့ အီဘီဆာဝါက ရှမ်း​ပြည် တပ်မတော် (SSA)ရဲ့ စစ်ဦးစီးချုပ် ယွက်စစ်နဲ့ ပူးပေါင်းပြီး  ယူရေနီယမ်နဲ့ လက်နက် ထုတ်လုပ်တဲ့အဆင့် သန့်စင်ထားတဲ့ ပလူတိုနီယမ် ဓာတ်သတ္တုတွေကို အီရန်နိုင်ငံဆီ မှောင်ခို တင်ပို့ဖို့ ကြိုးစားခဲ့ကြောင်း စွဲချက်ထဲမှာ ဖော်ပြထားပါတယ်။ ယွက်စစ်ဟာ SSAရဲ့ နိုင်ငံရေး အဖွဲ့အစည်းဖြစ်တဲ့ သျှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS)ကိုလည်း ကိုယ်စားပြုပါတယ်။ RCSSဟာ အာဏာသိမ်း မြန်မာစစ်တပ်နဲ့ အရမ်းနီးစပ်မှု ရှိနေပါတယ်။

 အမေရိကန် တရားရေး ဝန်ကြီးဌာနရဲ့ စွပ်စွဲချက် မှတ်တမ်း မှတ်ရာတွေမှာ အီဘီဆာဝါဟာ SSAအတွက်သာ မကဘဲ မြန်မာနိုင်ငံရဲ့ တခြား တိုင်းရင်းသား လက်နက်ကိုင် အင်အားစု တခုဖြစ်တဲ့ ကရင် အမျိုးသား အစည်းအရုံး (KNU)အတွက်ပါ စစ်လက်နက်တွေ ထောက်လှမ်းပေးဖို့ ကမ်းလှမ်းခဲ့တယ်လို့ ဖော်ပြထားပါတယ်။

 VoA သတင်းဌာနက နယူးယောက် တောင်ပိုင်းခရိုင်၊ အစိုးရ ရှေ့နေရုံးကို ဆက်သွယ်စုံစမ်း မေးမြန်းခဲ့ပေမယ့် ပြည်သူလူထုဆီ ထုတ်ပြန်ထားတဲ့ အချက်အလက်တွေအပြင် ပိုမိုခိုင်မာတဲ့ အထောက်အထားတွေ ပြသဖို့ ကိစ္စနဲ့ ပတ်သက်လို့ မှတ်ချက်ပေးဖို့ ငြင်းဆိုခဲ့တယ်လို့ သိရပါတယ်။ အီဘီဆာဝါရဲ့ ရှေ့နေဖြစ်သူ အီဗန် လစ်ပ်တန်ကလည်း VoAရဲ့ ဆက်သွယ် မေးမြန်းချက်ကို တုံ့ပြန် ဖြေကြားမှု မရှိခဲ့ပါဘူး။

 ■ လက်နက်နဲ့ ယူရေနီယမ် လဲလှယ်ရေး

တရားရုံး မှတ်တမ်းတွေအရ ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာ ၁၂ ရက်နေ့မှာ အီဘီဆာဝါဟာ နျူကလီးယား ထုတ်လုပ်နိုင်တဲ့ ကုန်ကြမ်း သတ္တုတွေကို RCSSအတွက် မြေပြင်ကနေ ဝေဟင်ပစ် ဒုံးကျည်တွေ အပါအဝင် စစ်လက်နက် အမြောက်အမြားနဲ့ အလဲအလှယ်လုပ်ဖို့ အဆိုပြု ကမ်းလှမ်းမှုတခု စတင်လာခဲ့တယ်လို့ ဆိုပါတယ်။

 ထိုင်းနိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ အစည်းအဝေးမှာတော့ ဘယ်သူဘယ်ဝါ အတိအကျ မသိရသေးတဲ့ အပေါင်းအဖော် တချို့နဲ့အတူ အီဘီဆာဝါဟာ လက်နက်နဲ့ မူးယစ်ဆေးဝါး မှောင်ခိုသမားတွေအဖြစ် အသွင်ယူ ဟန်ဆောင်ထားတဲ့ အမေရိကန် လျှို့ဝှက် ထောက်လှမ်းရေး (DEA) အေးဂျင့်တွေကို နျူကလီးယား ကုန်ကြမ်း သတ္တု နမူနာတွေကို ပြသခဲ့တယ်လို့ သိရပါတယ်။ အီဘီဆာဝါက အဲဒီ အသွင်ယူ အေးဂျင့်တွေဟာ အီရန် ဗိုလ်ချုပ် တယောက်ဆီ အဲဒီပစ္စည်းတွေ ချိတ်ဆက် ရောင်းချပေးမယ့် သူတွေအဖြစ် ယုံကြည်နေခဲ့ပါတယ်။ 

မြန်မာနိုင်ငံ ပိုင်နက်ထဲကနေ ထွက်ရှိခဲ့တဲ့ အဲဒီ နျူကလီးယား ဆက်စပ် သတ္တုတွေကို နောက်ပိုင်းမှာ ထိုင်းအာဏာပိုင်တွေက သိမ်းယူခဲ့ပြီး အမေရိကန်ဆီ လက်လွှဲပေးခဲ့ပါတယ်။ အမေရိကန်က ဓာတ်ခွဲ စမ်းသပ်မှုတွေအရ အဲဒီ သတ္တုရိုင်းတွေထဲမှာ ယူရေနီယမ်နဲ့ လက်နက် ထုတ်လုပ်နိုင်တဲ့အဆင့် ပလူတိုနီယမ်တွေ ပါဝင်နေတယ် ဆိုတာကို အတည်ပြုနိုင်ခဲ့ကြောင်း စွဲချက်တင်ထားတဲ့ မှတ်တမ်းတွေမှာ ပါရှိခဲ့ပါတယ်။

 အီဘီဆာဝါက DEA အေးဂျင့်တွေဆီ အချိတ်အဆက် လုပ်ခဲ့တာဟာ ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလလောက်မှာ စတင်ခဲ့တယ်လို့ တရားရုံး မှတ်တမ်းတွေက ဆိုတယ်။ အဲဒီနှစ် စက်တင်ဘာလမှာတော့ သူဟာ အသွင်ယူ လှုပ်ရှားနေတဲ့ DEA အေးဂျင့် တယောက်ဆီကို ယူရေနီယမ်နဲ့ သော်နီယမ် ဓာတ်သတ္တု တန်ချိန် ၅၀ အတွက် ဒေါ်လာ ၆.၈၅ သန်းနဲ့ ရောင်းချလိုကြောင်း ကမ်းလှမ်းတဲ့ အီးမေးလ် ပေးပို့ခဲ့ပါတယ်။

 တချိန်တည်းမှာပဲ အီဘီဆာဝါက မြန်မာနိုင်ငံထဲက အမည်မဖော်ပြတဲ့ လက်နက်ကိုင် အဖွဲ့အစည်းအတွက် ကိုယ်စားပြုပြီး စစ်လက်နက် ပမာဏ အတော်များများကို ဝယ်ယူလိုကြောင်း တောင်းဆိုခဲ့ပါတယ်။ ဝယ်ချင်တယ်ဆိုတဲ့ စစ်လက်နက်တွေထဲမှာ မြေပြင်ကနေ ဝေဟင်ကို ပစ်ခတ်နိုင်တဲ့ ဒုံးကျည်တွေ၊ ချေမှုန်းရေး မောင်းပြန်ရိုင်ဖယ်တွေ၊ စနိုက်ပါ ရိုင်ဖယ်တွေ၊ စက်သေနတ်တွေ၊ အရွယ်အစား မတူညီတဲ့ ဒုံးကျည်စနစ်တွေနဲ့ စစ်ဘက် အသုံးအဆောင်တွေ ပါဝင်ခဲ့ပါတယ်။

 ■ ငြင်းချက်ထုတ်နေတဲ့ တိုင်းရင်းသား ခေါင်းဆောင်များ

RCSSနဲ့ KNUတို့ဖက်ကတော့ လက်နက်နဲ့ ယူရေနီယမ် အလဲအထပ် ကုန်သွယ်မှုတွေမှာ ပါဝင်ပတ်သက်ခဲ့ကြောင်း စွပ်စွဲချက်တွေကို အပြင်းအထန် ငြင်းပယ်ထားပါတယ်။

 VoAက ဖုန်းဆက်ပြီး မေးမြန်းခဲ့တဲ့ အချိန်မှာတော့ KNUရဲ့ ပြောရေးဆိုခွင့်ရ အရာရှိ ပဒိုစောတောနီးက စွပ်စွဲချက်တွေကို ပယ်ချခဲ့ပြီး KNUဟာ အဲဒီလိုမျိုး လက်နက် အရောင်းအဝယ် ကိစ္စမှာ ဘယ်တုန်းမှ မပါခဲ့ဖူးကြောင်းနဲ့ ယာကူဇာတွေနဲ့လည်း ဘယ်လို ဆက်နွှယ်မှုမှ မရှိခဲ့ကြောင်း ဖြေကြားခဲ့ပါတယ်။

 RCSSရဲ့ ဥက္ကဋ္ဌဖြစ်သူ ယွက်စစ်ကတော့ ရှမ်းသတင်းဌာန တခုဖြစ်တဲ့ Taifreedomနဲ့ အင်တာဗျူးမှာ အခု စွပ်စွဲချက်မျိုးတွေဟာ ယုံကြည်ရတဲ့ အထောက်အထားမျိုး ဘာမှ မရှိဘဲ သိက္ခာချတဲ့ လုပ်ရပ်ထက် မပိုဘူးလို့ တုံ့ပြန်သွားခဲ့ပါတယ်။ အရင်တုန်းကလည်း သူဟာ အခုလိုပဲ အခြေအမြစ် မရှိတဲ့ ကိစ္စအဖြစ် မူးယစ်မှောင်ခို လုပ်ငန်းတွေနဲ့ ဆက်စပ်တယ် ဆိုတာမျိုး စွပ်စွဲခံရဖူးတယ်လို့လည်း ယွက်စစ်က နှိုင်းယှဉ်ပြခဲ့ပါတယ်။

 Taifreedomကနေတဆင့် သဘောထား ထုတ်ပြန်ချက်မှာတော့ ယွက်စစ်က လွန်ခဲ့တဲ့ နှစ်ပိုင်းလောက်က နိုင်ငံခြားသား တဦးဟာ ဒေသတွင်းမှာ ထွက်ရှိတဲ့ ယူရေနီယမ်ကို ဝယ်ယူလိုတဲ့ ဆန္ဒရှိကြောင်း သဘောထား ပြသခဲ့တယ်လို့ ပြောကြားထားပါတယ်။ ဒါပေမဲ့ သူက ရှမ်းပြည်နယ်ထဲမှာ ယူရေနီယမ်တွေ ထွက်ရှိပါတယ်လို့ ဘယ်တုန်းကမှ မကြားဖူးဘူးဆိုပြီး အဲဒီ နိုင်ငံခြားသားကို အကြောင်းပြန်ခဲ့တယ်လို့ ယွက်စစ်က ဆိုပါတယ်။ ဒါပေမဲ့ အဲဒီ နိုင်ငံခြားသား ဆိုတာက အီဘီဆာဝါကို ရည်ညွှန်းသလား ဆိုတာကိုတော့ မသိရပါဘူး။

 ■ ရှမ်းပြည်နယ်ထဲက ယူရေနီယမ်နဲ့ တရုတ်ရဲ့ ဆက်နွှယ်ပတ်သက်နိုင်ခြေများ

VoAက ဓာတ်သတ္တု စမ်းသပ်ရေးဆိုင်ရာ မြန်မာ ပညာရှင် အမျိုးသမီး တဦးကို အခုကိစ္စနဲ့ ဆက်နွှယ်ပြီး စုံစမ်း မေးမြန်းခဲ့ပါတယ်။ လုံခြုံရေး အခြေအနေအရ နာမည်မဖော်လိုတဲ့ အဲဒီ အမျိုးသမီးက ၂၀၁၀ ပြည့်လွန်နှစ်တွေ ဝန်းကျင်လောက်မှာ ရှမ်းပြည်နယ်ထဲ သူကိုယ်တွေ့ ကြုံခဲ့တဲ့ အကြောင်းအရာ တချို့ကို ပြန်ပြောပြခဲ့ပါတယ်။ 

“အဲဒီတုန်းက ကျွန်မက အလုပ်ကိစ္စအတွက် ဓာတ်သတ္တုတွေကို သုတေသနလုပ်ဖို့ မြန်မာနိုင်ငံအနှံ့က သတ္တု မိုင်းတွင်း တချို့ဆီကို သွားရောက်ခဲ့ပါတယ်။ ရှမ်းပြည်နယ်ကို ရောက်တဲ့အခါ သိပ်ပြီးတော့ မူမမှန်တဲ့ သတ္တု တူးဖော်မှုတွေ လုပ်နေတာကို ကျွန်မ တွေ့ခဲ့တယ်။ တောင်ရဲ့ ထိပ်ပိုင်းကို ဖြိုချထားပြီး မြေတွေကိုတော့ စက်ယန္တရားကြီးတွေနဲ့ တခြား နေရာကို သယ်နေခဲ့တာပါ”လို့ သူက ဆိုတယ်။

 “မြန်မာနိုင်ငံမှာ တွေ့နေမြင်နေကျ သတ္တုမိုင်း တူးဖော်မှု လုပ်ငန်းတွေနဲ့ အဲဒါက မတူပါဘူး။ နောက်ပြီး ကိစ္စတိုင်းကို တော်တော်လေး သိုသိုသိပ်သိပ် လုပ်ချင်တဲ့ပုံ ပေါ်နေတယ်။ တရုတ် နိုင်ငံသား မိုင်းလုပ်သားတွေ တော်တော်များများကိုလည်း ကျွန်မတွေ့ခဲ့တယ်။ ပြီးတော့ အဲဒီနေရာ တဝိုက်မှာ အစောင့်အကြပ် ထူထူထပ်ထပ် ချထားပါတယ်”လို့ အမျိုးသမီးက ဆက်ပြီး ပြောပြခဲ့ပါတယ်။ 

မြန်မာနိုင်ငံမှာ ယူရေနီယမ် ထွက်ရှိနိုင်ကြောင်း လတ်တလော သတင်းတွေနဲ့ ဆက်စပ်ကြည့်တဲ့အခါ ဒီကိစ္စတွေကြား ဆက်နွှယ်မှုတွေ ရှိလာနိုင်ပါတယ်။ တကယ်တော့ ရှမ်းပြည်နယ်မှာ ယူရေနီယမ် သတ္တုကြောတွေ ရှိနိုင်ကြောင်း ၁၉၅၀ ပြည့်လွန်နှစ်တွေ ကတည်းက သတိထားပေမယ့် အဲဒီ အရင်းအမြစ်တွေကို ဘယ်လို အောင်အောင်မြင်မြင် တူးဖော် ထုတ်လုပ်မလဲ ဆိုတာကတော့ မသဲကွဲခဲ့ပါဘူး။

 VoAက ရှမ်းသံတော်ဆင့် သတင်းဌာနရဲ့ အယ်ဒီတာချုပ်ဖြစ်သူ စိုင်းမိန်းကို မကြာသေးခင်က ဖုန်းနဲ့ ဆက်သွယ် မေးမြန်းတဲ့အခါ မြန်မာနိုင်ငံမှာ ယူရေနီယမ် သတ္တုတူးဖော် ထုတ်လုပ်မှုနဲ့ ပတ်သက်လို့ သူ့အမြင်ကို အခုလို ပြောပြခဲ့ပါတယ်။

 “ရှမ်းပြည်နယ်မှာ တရုတ်နိုင်ငံသားတွေက ၂၀၁၀ ပြည့်လွန် အလယ်ပိုင်းနှစ်တွေမှာ သိသိသာသာ တိုးလာတာကို ကျွန်တော် သတိထားမိပါတယ်။ သူတို့က ဗမာလိုရော၊ ရှမ်းလိုရော မပြောဘူး။ သူတို့ ဘာလုပ်နေတာလဲ ဆိုတာကို ကျွန်တော် ပတ်ဝန်းကျင်ကို တီးခေါက်ကြည့်ဖူးတယ်။ ရွာသားတွေကတော့ အဲဒီ တရုတ်နိုင်ငံသားတွေက မြေအောက်က ဓာတ်သတ္တုတွေ လာရှာကြတာလို့ ပြောပြပါတယ်”လို့ သူက ဆိုပါတယ်။

 စိုင်းမိန်းက အဲဒီအချိန်တုန်းက သဘာဝ ပတ်ဝန်းကျင် ထိခိုက်နိုင်ခြေကို စိုးရိမ်လို့ ကျောက်မီးသွေးနဲ့ တခြား ဓာတ်သတ္တုတွေ တူးဖော်မှုကို ရပ်နားထားတဲ့ ကာလမျိုးလို့လည်း ထောက်ပြခဲ့ပါတယ်။ ဒီတော့ တရုတ်တွေက တခြား တခုခုကို မြေအောက်မှာ လိုက်ရှာနေတာလို့ သူစပြီးတော့ အတွေးဝင်လာခဲ့ပါတယ်။

 “သူတို့ လိုက်ရှာနေတာက ယူရေနီယမ်လား ဆိုတာတော့ ကျွန်တော် အတိအကျ မပြောနိုင်ဘူး။ ဒါပေမဲ့ အထောက်အထားတွေကတော့ အဲဒီသဘောမျိုး ညွှန်ပြနေတယ်လေ”လို့ သူက ဆိုတယ်။ နောက်ပြီး သူ့စိတ်ထဲမှာ မတင်မကျ ဖြစ်တာက သမားရိုးကျ သတ္တုတူးဖော်မှု နည်းလမ်းတွေနဲ့ ကွဲထွက်တဲ့ လုပ်ငန်းမျိုးတွေကို မြင်ခဲ့ရခြင်းပါပဲ။ တရုတ် အလုပ်သမား အများကြီး ရှိနေပြီး အဲဒီဧရိယာတွေကို လုံခြုံရေးလည်း အရမ်းတင်းကျပ်ထားလို့ပါ။ 

■ဓာတ်ပေါင်းဖိုများ၊ ပညာရှင် လိုအပ်ချက်များ

“သတ္တုရိုင်းတွေ တူးဖော်တယ် ဆိုတာက တကဏ္ဍပေါ့လေ။ ဒါပေမဲ့ အဲဒီ သတ္တုရိုင်းတွေကိုပဲ နျူကလီးယား ကုန်ကြမ်းတွေအဖြစ် အသုံးပြုနိုင်အောင် ပြုပြင်တာမျိုးက အရမ်း ကွာခြားတဲ့ ကိစ္စပါ”လို့ အစောပိုင်းမှာ ဖော်ပြခဲ့တဲ့ အမည်မဖော်လိုသူ ပညာရှင် အမျိုးသမီးက ပြောပါတယ်။

 အဲဒီလို လုပ်ငန်းစဉ်မျိုးအတွက်ဆိုရင် ခေတ်မီ နည်းပညာတွေ၊ စက်ကိရိယာတွေ၊ သက်ဆိုင်ရာ နယ်ပယ်အသီးသီးမှာ အထူးကျွမ်းကျင်သူတွေ လိုအပ်မှာပါ။ ဒါပေမဲ့ ဝေးလံခေါင်သီပြီး နယ်စွန်နယ်ဖျားကျတဲ့ တိုင်းရင်းသား လက်နက်ကိုင် ထိန်းချုပ် နယ်မြေတွေမှာ ဒီလို အရင်းအမြစ်တွေ ရှိနေလိမ့်မယ်ဆိုတာ ယုံကြည်ချင်စရာ မကောင်းပါဘူး။

 “အရေးကြီးတာတခု ရှိသေးတယ်။ ဓာတ်သတ္တုတွေကို သန့်စင်ဖို့ဆိုရင် နျူကလီးယား ဓာတ်ပေါင်းဖို ရှိဖို့လိုတယ်”လို့ အမျိုးသမီးက ဆက်ပြောပါတယ်။ ဓာတ်ပေါင်းဖို ရှိရင်တောင်မှပဲ ပုံမှန် လည်ပတ်ဖို့ဆိုရင် နျူကလီးယား ရူပဗေဒ ပညာရပ်နဲ့ ပတ်သက်လို့ ကျွမ်းကျင်ပညာရှင်တွေ၊ အရေအတွက်အားဖြင့် ရာဂဏန်းလောက်ကို တရုတ်နဲ့ ထိုင်းလို နိုင်ငံတွေဆီကနေ ငှားရမ်း ခေါ်ယူဖို့ လိုလိမ့်မယ်လို့ သူက ထောက်ပြခဲ့ပါတယ်။

 ■ ယာကူဇာနဲ့ မြန်မာ့နျူကလီးယားကိစ္စ

တောင်ပိုင်း မစ္စစ္စပီ တက္ကသိုလ်ရဲ့ ရူပဗေဒနဲ့ နက္ခတ္တဗေဒ ပါမောက္ခ ဦးခင်မောင်မောင်ကတော့ အီဘီဆာဝါ အမှုမှာ ထည့်သွင်း ရည်ညွှန်းထားတဲ့ ပလူတိုနီယမ်ဆိုတာ နျူကလီးယား ဓာတ်ပေါင်းဖိုထဲက ရှုပ်ထွေးတဲ့ သန့်စင်မှုတွေအရ ယူရေနီယမ်-၂၃၉ကနေ ဆင့်ပွား ဆင်းသက်လာတဲ့ ဓာတ်သတ္တုမျိုး ဖြစ်တယ်လို့ ပြောပါတယ်။

 “ပလူတိုနီယမ် ထုတ်လုပ်ဖို့ဆိုတာ သာမန် ဓာတ်ခွဲခန်းတွေထဲမှာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ အရမ်းခေတ်မီတဲ့ သိပ္ပံနည်းပညာ ဌာနတွေ လိုပါတယ်”လို့ သူက ဆိုတယ်။ “တကယ်သာ မြန်မာနိုင်ငံမှာ ပလူတိုနီယမ် ထုတ်လုပ်နိုင်တယ်ဆိုရင် ပြည်တွင်းမှာ၊ ဒါမှမဟုတ် နယ်စပ်နားမှာ ပြည်ပအကူအညီနဲ့ နျူကလီးယား ဓာတ်ပေါင်းဖိုတခု တည်ဆောက်ထားရှိတယ်ဆိုတဲ့ သဘောပါပဲ”လို့လည်း ဦးခင်မောင်မောင်က ဆိုပါတယ်။

 တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း တခုခုမှာ အဲဒီလို နည်းပညာတွေ ရှိနိုင်လောက်သလားလို့ မေးတဲ့အခါ သူက “တကယ်လို့ အခုကိစ္စမှာ မြန်မာစစ်တပ်ကိုယ်တိုင် ပါဝင်ခဲ့မယ်ဆိုရင် သူတို့ရဲ့ လှုပ်ရှားမှုက ပိုပြီး ထင်သာမြင်သာ ဖြစ်နေလောက်ပါတယ်။ နျူကလီးယား ဓာတ်ပေါင်းဖိုကို လက်ရှိ အခြေအနေမှာ ဝယ်ယူဖို့ဆိုရင် ဘယ်လို ရည်ရွယ်ချက်နဲ့လဲ ဆိုတာတွေ၊ နျူကလီးယား ဘေးထွက်ပစ္စည်းတွေကို ဘယ်လို စွန့်ပစ်မလဲ ဆိုတာတွေကို မေးခွန်း ထုတ်စရာတွေ တသီတတန်းကြီး ရှိလာလိမ့်မယ်။ ပလူတိုနီယမ် ထုတ်လုပ်မှုအတွက် ဓာတ်ပေါင်းဖိုကတော့ မဖြစ်မနေ လိုလိမ့်မယ်။ ဒါက သိပ္ပံနည်းကျ ရှုထောင့်ကနေ လက်တွေ့အကျဆုံး ရှင်းပြခြင်းပါပဲ”လို့ ဖြေကြားသွားပါတယ်။

 “တော်တော်တော့ စိုးရိမ်ဖို့ ကောင်းတယ်”လို့ ပါမောက္ခ ဦးခင်မောင်မောင်က ဆက်ပြောပါတယ်။ “နျူကလီးယားလက်နက် ထုတ်လုပ်နိုင်တဲ့အဆင့် ဓာတ်သတ္တုတွေသာ မှောင်ခို စျေးကွက်ထဲ ရောက်နေမယ်ဆိုရင် အန္တရာယ် သိပ်ကြီးတယ်လေ။ အီရန်လို နိုင်ငံမျိုးတွေက အဲဒီ ပစ္စည်းတွေကို ဝယ်ယူဖို့ လက်တွန့်ကောင်း တွန့်နိုင်ပေမယ့် အကြမ်းဖက် အင်အားစုတွေနဲ့ တခြား အဖွဲ့အစည်းတွေကတော့ အခွင့်ကောင်းအဖြစ် အသုံးချပြီး အခြေအနေဆိုးတွေကို ဖန်တီးလာနိုင်တယ်။ နျူကလီးယားဗုံး တလုံး မတည်ဆောက်နိုင်ရင်တောင်မှ ရေဒီယို သတ္တိကြွ ပစ္စည်းတွေကို ပျံ့နှံ့သွားစေတဲ့ ဗုံးမျိုးတွေ လုပ်လို့ရတယ်။ Dirty bombတွေလို့ ခေါ်တယ်။ အဲဒီဗုံးတွေမှာတောင် ဆိုးရွားကြမ်းတမ်းလှတဲ့ နောက်ဆက်တွဲ သက်ရောက်မှုတွေ ရှိနိုင်တယ်။ ရေဒီယို သတ္တိကြွဓာတ် ထိတွေ့တဲ့ နျူကလီးယား ကပ်ဘေးသင့် နယ်မြေတွေဟာ အချိန်အကြာကြီး ဘာမှ အသုံးပြုလို့မရတဲ့ နေရာတွေ ဖြစ်လာနိုင်သလို နိုင်ငံတကာ လုံခြုံရေး ကဏ္ဍအပေါ်မှာလည်း ကြီးကြီးမားမား ခြိမ်းခြောက်လာနိုင်တယ်”လို့ သူက ရှင်းပြပါတယ်။

ရှမ်းပြည်သူတွေနဲ့ နိုင်ငံရေး အသိုက်အဝန်းအပေါ် သက်ရောက်မှုများ

ရှမ်းသံတော်ဆင့် အယ်ဒီတာချုပ် စိုင်းမိန်းကတော့ RCSSသာ တကယ်ပဲ နျူကလီးယား ဓာတ်သတ္တုတွေကို သန့်စင်နေမယ်ဆိုရင် ကြုံလာမယ့် နောက်ဆက်တွဲ အကျိုးဆက်တွေကို စိုးရိမ်သင့်တယ်လို့ ထောက်ပြခဲ့ပါတယ်။

 “အဲဒီ သတင်းတွေ မှန်တယ်ဆိုရင် နျူကလီးယား ဓာတ်သတ္တုတွေကို သန့်စင်နိုင်တဲ့​ ခေတ်မီ နည်းပညာမျိုးတွေကို ဖျက်အားပြင်း လက်နက်တွေ ထုတ်လုပ်ရေးနဲ့ပါ ဆက်စပ်ပြီး လူတွေက စိုးရိမ်ကြမှာပဲလေ”လို့ သူက ဆိုပါတယ်။

 အမေရိကန်က ယာကူဇာ ဂိုဏ်းသားအပေါ် စွဲချက်တင်ခဲ့တဲ့ ကိစ္စဟာ ရှမ်းပြည်သူတွေကြား သမိုင်းဝင် စိုးထိတ်ရတဲ့ သမိုင်းကြောင်းမျိုးတွေဆီ တကျော့ပြန် ခြောက်လှန့် ခံရမှာကို စိုးရိမ်စရာ ဖြစ်လာပါတယ်။ အတိတ် ဖြစ်စဉ်တွေကို ကြည့်မယ်ဆိုရင် မူးယစ်မှောင်ခိုမှုနဲ့ ဆက်စပ်ကြောင်း အမေရိကန်ရဲ့ စွပ်စွဲချက်တွေကြောင့် ရှမ်းခေါင်းဆောင် တယောက်ဟာ အဲဒီတုန်းက စစ်အာဏာရှင်ဆီ တပ်ဖွဲ့ဝင် အားလုံးနဲ့အတူ လက်နက်ချ အလင်းဝင်ခဲ့ရဖူးကြောင်း စိုင်းမိန်းက ပြောပါတယ်။

 “လက်ရှိ အခြေအနေကြောင့် တူညီတဲ့ ရလဒ်မျိုး ထပ်ထွက်လာမှာကို ရှမ်းလူထု အသိုက်အဝန်းကြားမှာ စိုးရိမ်မှုတွေ ရှိနေတယ်”လို့ သူက ဆိုတယ်။ စိုင်းမိန်းကတော့ နျူကလီးယား ဓာတ်သတ္တု ပစ္စည်းတွေကို အီရန်၊ ဒါမှမဟုတ် တခြား ဘယ်ဝယ်လက်ကိုမဆို ရောင်းချဖို့ ကြိုးစားခဲ့တယ်ဆိုတဲ့ ကိစ္စက ဖြစ်နိုင်ခြေ နည်းလွန်းကြောင်း၊ အကြောင်းကတော့ အရမ်းအဆင့်မြင့်တဲ့ နည်းပညာတွေ လိုအပ်တာကြောင့်ဖြစ်ကြောင်း မှတ်ချက်ပေးသွားပါတယ်။

 “မဟုတ်မမှန်ဘူး ဆိုရင်တောင်မှ အဲဒီလိုမျိုး စွပ်စွဲချက်ရဲ့ နောက်ဆက်တွဲတွေက သက်ရောက်မှု အင်မတန် ကြီးသွားနိုင်တယ်”လို့ သူက သတိပေးခဲ့ပါတယ်။ ဘိန်းဘုရင်အဖြစ် သမုတ်ခံရတဲ့ ခွန်ဆာတုန်းကလိုပဲ RCSSရဲ့ ယွက်စစ်ကလည်း မြန်မာ စစ်တပ်ဆီ အလင်းဝင်သွားတာမျိုးကို အခု စွပ်စွဲချက်က တွန်းပို့နိုင်တယ်လို့လည်း စိုင်းမိန်းက ဆိုတယ်။ “သမိုင်းကြောင်း နောက်ခံကလည်း ရှိနှင့်ပြီးဖြစ်တော့ ရှမ်းတွေက အမေရိကန် တရားရေး ဝန်ကြီးဌာနရဲ့ စွပ်စွဲချက်နဲ့ ပတ်သက်လို့ စိုးရိမ်ကြတယ်လေ”လို့ သူက ပြောကြားသွားပါတယ်။

 (Allegations of Uranium, Plutonium in Myanmar Puzzle Experts ဆောင်းပါးကို DNAက ဘာသာပြန်ဆိုသည်)