ရှမ်းမြောက်သုံးမြို့နယ်ကို စစ်အုပ်ချုပ်ရေးကြေညာမှု အပစ်ရပ်သဘောတူညီမှုကို ခက်ခဲစေတယ်လို့ ညီနောင်သုံးဖွဲ့ သတိပေး

မတ်၊ ၆
 
ရှမ်းမြောက် ၁၀၂၇ စစ်ဆင်ရေးအတွင်း TNLA သိမ်းပိုက်ခဲ့တဲ့ မြို့သုံးမြို့ကို စစ်ကောင်စီက စစ်အုပ်ချုပ်ရေး ကြေညာလိုက်တာဟာ နှစ်ဖက်အပစ်ရပ်သဘောတူချက်ဖြစ်တဲ့ ဟိုင်ဂင်သဘောတူညီချက်ကို အခက်အခဲဖြစ်စေနိုင်တယ်လို့ TNLA၊ MNDAA နဲ့ AA တို့ပါဝင်တဲ့ ညီနောင်မဟာမိတ်သုံးဖွဲ့က သတိပေးလိုက်ပါတယ်။
 
၁၀၂၇ စစ်ဆင်ရေးကာလအတွင်း တအာင်းတပ် TNLA သိမ်းပိုက်ခဲ့တဲ့ မြို့တွေထဲက မန်တုံ၊ နမ္မတူနဲ့ နမ့်ဆန်မြို့တွေကို စစ်ကောင်စီက ပြီးခဲ့တဲ့ ရက်ပိုင်းက စစ်အုပ်ချုပ်ရေး ကြေညာခဲ့တဲ့နောက် ညီနောင်သုံးဖွဲ့ဘက်က ဒီကနေ့ အခုလိုတုံ့ပြန်လာတာ ဖြစ်ပါတယ်။
 
စစ်ကောင်စီနဲ့ ညီနောင်မဟာမိတ်သုံးဖွဲ့တို့ကြား အပစ်ရပ်သဘောတူညီချက် ရရှိခဲ့တဲ့နောက် ဟိုင်ဂင်စာချုပ်ပါ တခြားအချက်တွေကို ဆက်လက်ညှိနှိုင်းနေတဲ့ ကာလအတွင်း စစ်ကောင်စီက အခုလို စစ်အုပ်ချုပ်ရေးကြေညာတာဟာ ဒေသခံပြည်သူတွေကို ခြိမ်းခြောက်တာလို့ ညီနောင်သုံးဖွဲ့က ဆိုပါတယ်။
 
စစ်ကောင်စီနဲ့ ညီနောင်မဟာမိတ်သုံးဖွဲ့တို့ကြား ဟိုင်ဂင်သဘောတူညီချက်ရရှိပြီးနောက် တရုတ်နိုင်ငံကူမင်းမြို့မှာ တွေ့ဆုံမှုတွေဆက်ရှိနေပြီး ဖေဖော်ဝါရီ ၂၉ရက်ကနေ အခုလ ၁ရက်အထိ နှစ်ဖက်တွေ့ဆုံမှုလေးကြိမ် ပြု လုပ်ပြီး ပြီလို့သိရပါတယ်။
 
လက်ရှိအပစ်ရပ်ကာလအတွင်း ညီနောင်မဟာမိတ်သုံးဖွဲ့အနေနဲ့ ရှမ်းမြောက်က ထိန်းချုပ်ဒေသတွေမှာ အုပ်ချုပ် ရေး လုပ်ငန်းတွေ အကောင်အထည်ဖော်နေသလို နယ်စပ်တည်ငြိမ်ရေး၊ငြိမ်းချမ်းရေးနဲ့ အပစ်အခတ်ရပ်စဲမှု ခိုင်မာ ရေးတို့ကို ဆက်လက်ဆောင်ရွက်နေတယ်လို့လည်း ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။
 
အလားတူ TNLA ကလည်း အဲ့ဒီစစ်အုပ်ချုပ်ရေးကြေညာမှုဟာ ဒေသခံတွေထိတ်လန့်အောင် စစ်ကောင်စီဘက်က လုပ်လာတာလို့ ဒီကနေ့ သီးခြားထုတ်ပြန်ထားပါသေးတယ်။
 
လက်ရှိမှာ ထိန်းချုပ်ဒေသတွေအတွင်း လုံခြုံ ရေးအစီအမံတွေစနစ်တကျစီမံပြီးဖြစ်ကာ အုပ်ချုပ်ရေး လည်ပတ် နေပြီဖြစ်လို့ စစ်ဆင်ရေးကာလမှာထုတ်ပြန်ခဲ့တဲ့ကန့်သတ်ချက်တွေအားလုံးကိုရုပ်သိမ်းလိုက်ပြီလို့လည်း TNLA ကအသိပေးထားပါတယ်။
 
၁၀၂၇ စစ်ဆင်ရေးကာလအတွင်း TNLA က ထိန်းချုပ်စီမံအုပ်ချုပ်နေတဲ့ မြို့ ခုနစ်မြို့မှာစီမံအုပ်ချုပ်ရေးလုပ်ငန်း တည်ငြိမ်တိုးတက်လာတဲ့အတွက် ညမထွက်ရအမိန့်အပြင် စစ်ဆင်ရေးအတွင်းထုတ်ပြန်ခဲ့တဲ့ကန့်သတ် ချက် အားလုံးကို ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ဆိုပါတယ်။
 
TNLA ကသိမ်းပိုက်ထိန်းချုပ်ထားတဲ့မြိုရွာတွေမှာ တရားဥပဒေစိုးမိုးရေး၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး၊ ကျားဖြန့် လုပ်ငန်းတွေအပါအဝင် လောင်းကစားကင်းစင်ရေး၊ ဒေသတည်ငြိမ်အေးချမ်းရေးအတွက် မျှတတဲ့ ဥပဒေနဲ့စီမံ အုပ်ချုပ်ရေးတို့အရ ကြိုးပမ်းအကောင်အထည်ဖော်နေတယ်လို့ ဖော်ပြထားတာပါ။
 
ရှမ်းမြောက် ၁၀၂၇ စစ်ဆင်ရေးကာလအတွင်း ညီနောင်မဟာမိတ်သုံးဖွဲ့ဟာ ကိုးကန့်နဲ့ တအာင်းဒေသ၊ “ဝ” ဒေ သက ဟိုပန်နဲ့ ပန်လုံ စတဲ့ မြို့ စုစုပေါင်း ၁၇ခုကို သိမ်းပိုက်နိုင်ခဲ့ပြီး ဟိုပန်နဲ့ ပန်လုံကို “ဝ”တပ်ဖွဲ့ UWSAဆီ လွှဲ ပြောင်းပေးကာ ကျန်မြို့တွေကိုတော့ TNLA နဲ့ MNDAA တို့က ထိန်းချုပ်စီမံနေတာဖြစ်ပါတယ်။
 
အဲ့ဒီနောက်ရှမ်းမြောက် အပစ်ရပ်ရေး နှစ်ဖက် သဘောတူညီမှုရအပြီး နှစ်လနီးပါးအကြာအခုလဆန်းမှာ စစ် ကောင်စီက နမ္မတူ ၊နမ့်ဆန်နဲ့ မန်တုံမြို့နယ်တွေကို စစ်အုပ်ချုပ်ရေးကြေညာခဲ့တာပါ။
 
ဒီမတိုင်ခင် ၁၀၂၇ စစ်ဆင်ရေးကာလအတွင်းကလည်း စစ်ကောင်စီဟာ ရှမ်းမြောက်က တိုင်းစစ်ဌာနချုပ် အခြေ စိုက်ရာ လားရှိုးမြို့၊ကိုးကန့်ဒေသမြို့တွေအပါအဝင် စုစုပေါင်းရှစ်မြို့နယ်ကို စစ်အုပ်ချုပ်ရေးထုတ်ပြန်ခဲ့ဖူးပါတယ်။
 
လတ်တလော ကြေ ညာခဲ့တဲ့ မြို့နယ်သုံးခုအပါအဝင် နိုင်ငံတဝှမ်းမှာစစ်ကောင်စီက စစ်အုပ်ချုပ်ရေး ထုတ်ပြန် ထားတဲ့ မြို့နယ်ပေါင်း ၆၁ခုအထိရှိနေပါတယ်။
 
ဓာတ်ပုံ – 3BHA