ကိုဗစ် ကာကွယ်ဆေး အကြိမ်နှစ်ရာကျော် ထိုးခဲ့တဲ့ ဂျာမန် အမျိုးသား

မတ်၊ ၆

ဂျာမနီက အမျိုးသားကြီး တဦးဟာ ကိုဗစ် ကာကွယ်ဆေး အကြိမ်ပေါင်း နှစ်ရာကျော် ထိုးနှံမှု ခံယူထားကြောင်း ဖော်ထုတ် တွေ့ရှိခဲ့ပါတယ်။

အသက် ၆၂ နှစ်အရွယ် အမျိုးသားကြီးရဲ့ ကိုဗစ်ကာကွယ်ဆေး အကြိမ်အရေအတွက် လွန်လွန်ကဲကဲ ထိုးနှံထားမှုကို ဆရာဝန်တွေက သိရှိလာတဲ့နောက် Lancet Infectious Diseases ဆေးပညာ ဂျာနယ်ထဲမှာ ထည့်သွင်း ဖော်ပြထားခဲ့ပါတယ်။

နာမည် ဖော်ပြမထားတဲ့ အမျိုးသားရဲ့ အဆိုအရ သူဟာ ၂၉ လတာ ကာလအတွင်း ကိုဗစ် ကာကွယ်ဆေးတွေကို ကိုယ်ပိုင်ငွေကြေးနဲ့ ဝယ်ယူပြီး ၂၁၇ ကြိမ်ထိ ထိုးနှံနေခဲ့တာလို့ သိရပါတယ်။ 

အဲဒီ လုပ်ရပ်ကြောင့် ဆေးဝါးလွန်ကဲမှု ပြဿနာမျိုး ဖြစ်နိုင်မလား ဆိုတာကို ဆရာဝန်တွေက ဆန်းစစ်ကြည့်ပေမယ့် အမျိုးသားကြီးကတော့ သူဟာ ဘယ်လို မကျန်းမမာ ကိစ္စမျိုးမှ မကြုံခဲ့ဖူးကြောင်း ပြောပါတယ်။

အဲဒီ အမျိုးသားရဲ့ အကြောင်းကို ကြားသိရတဲ့နောက် သူ့ကို ဖိတ်ခေါ်ပြီး စမ်းသပ်မှုတွေ အမျိုးမျိုးကို လုပ်ဆောင်ခဲ့ကြောင်း၊ ဆေးပညာ ရှုထောင့်အရ သူ့ရဲ့ ဖြစ်စဉ်က အတော်ကို စိတ်ဝင်စားစရာ ကောင်းနေကြောင်း အာလန်ဂျန်-နျူရမ်ဘက်ဂ် တက္ကသိုလ်ရဲ့ မိုက်ခရိုဇီဝဗေဒ ပညာရှင် တဦးဖြစ်သူ ဒေါက်တာ ကီလီယန် ရှိုဘာက မှတ်ချက် ပေးခဲ့ပါတယ်။

ပညာရှင်တွေက အခုလို ကာကွယ်ဆေး အများအပြား ထိုးထားတဲ့ လူတဦးမှာ ကိုယ်ခံအား စနစ်က ဘယ်လို တုံ့ပြန် ပြောင်းလဲသလဲ ဆိုတာကို သိနိုင်ဖို့အတွက် အဓိက စစ်ဆေး စမ်းသပ်နေတာ ဖြစ်ပါတယ်။ သူဟာ ကာကွယ်ဆေး အလုံး ၂၀၀ ကျော် ထိုးထားကြောင်း ပြောပေမယ့် လောလောဆယ်တော့ အကြိမ်ပေါင်း ၁၃၀ လောက် ဆေးထိုးထားပြီးတဲ့ အထောက်အထား စာရွက်စာတမ်းတွေကိုပဲ တွေ့ရပါသေးတယ်။ အဲဒီ ပမာဏကတောင် အရမ်းများပြား လွန်ကဲနေပြီလို့ သတ်မှတ်ရမှာပါ။ 

mRNA နည်းပညာနဲ့ တီထွင်ထားတဲ့ ကာကွယ်ဆေးတွေဟာ လူ့ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအား စနစ်က ကိုဗစ်ရောဂါ ဖြစ်ပွားစေတဲ့ ကိုရိုနာဗိုင်းရပ်စ်တွေကို နားလည် သိမှတ်နေနိုင်အောင် သင်ကြားပေးလေ့ ရှိပါတယ်။ သီအိုရီအရ ကာကွယ်ဆေး အလွန်အကျွံ ထိုးနှံခြင်းဟာ ကိုယ်ခံအား ဆဲလ်တွေကို ဝန်ပိစေပြီး နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေ ဖြစ်စေနိုင်ကြောင်း ယူဆထားပေမယ့် အဲဒီ အမျိုးသားမှာတော့ အခုလို သက်ရောက်မှုမျိုး လုံးဝ မတွေ့ရလို့ ဆရာဝန်တွေက အံ့ဩနေကြပါတယ်။

ယေဘုယျ အားဖြင့်တော့ ကိုဗစ် ကာကွယ်ဆေးတွေမှာ အနည်းငယ် ဖျားနာတာ၊ ကိုယ်လက် ကိုက်ခဲတာ၊ ဆေးထိုးထားတဲ့ နေရာတဝိုက် အရမ်းနာကျင်တာမျိုး ဘေးထွက်ဆိုးကျိုးတချို့ ရှိနိုင်တယ်လို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)က ထုတ်ပြန်ထားပါတယ်။

 

Ref: BBC