ပုဏ္ဏားကျွန်းတိုက်ပွဲမှာ ဗျူဟာမှူး၊ တပ်ရင်းမှူး အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြား အသေမိတယ်လို့ AA ဆို

မတ်၊ ၆
 
ပုဏ္ဏားကျွန်းမြို့ရဲ့ နောက်ဆုံးလက်ကျန် စစ်ကောင်စီတပ်ဖြစ်တဲ့ ခလရ (၅၅၀) တပ်ရင်းကို သိမ်းပိုက်တဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ တပ်ရင်းမှူး၊ ဗျူဟာမှူး၊ ဗိုလ်မှူး တို့အပါအ၀င် စစ်ကောင်စီတပ်ဖွဲ့၀င် အမြောက်အမြားကို အသေဖမ်းမိခဲ့တယ်လို့ ရက္ခုင့်တပ်တော် (AA)က မနေ့ညမှာ ထုတ်ပြန်အသိ‌ပေးပါတယ်။
 
ခမရ (၅၅၀) တပ်ရင်းက ဗျူဟာမှူး ဗိုလ်မှူးကြီး မျိုးမင်းကိုကို DSA အပတ်စဉ် (၄၂)၊ ခလရ (၂၀၈) တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ဖြိုးသူအောင်၊ ခမရ (၅၅၀) မှ ဗိုလ်မှူးစောထွေးတို့ကို အသေဖမ်းမိခဲ့တာလို့ ဆိုပါတယ်။
 
ဒါ့အပြင် အဲဒီတပ်ရင်းသိမ်းတိုက်ပွဲအတွင်း အရှင်ဖမ်းဆီးရမိတဲ့ စစ်ကောင်စီတပ်ဖွဲ့၀င်ဟာလည်း တရာ၀န်းကျင်ရှိကာ လက်နက်ခဲယမ်း အများအပြားလည်း သိမ်းဆည်းရရှိတယ်လို့ စစ်ရေးနဲ့နီးစပ်တဲ့ သတင်းရင်းမြစ်တွေက DNA ကို ပြောကြပါတယ်။
 
“တ၀က်လောက်က ခေါင်းမာပြီး လက်နက်မချဘူး၊ ကျန်တ၀က်လောက်ကတော့ အစောကြီးကတည်းက လက်နက်ချထားလို့ အသက်မသေးဘူး၊ လက်နက်တွေ၊ သုံ့ပန်းတွေကတော့ အများကြီးပါပဲ” လို့ ဒေသခံသတင်းရင်းမြစ်တဦးက ပြောပါတယ်။
 
ဒီလို တိုက်ပွဲအတွင်း ဖမ်းဆီးရမိသူတွေအပြင် ထွက်ပြေးလွတ်မြောက်နေသူအချို့လည်း ရှိနေပြီး AA က လိုက်လံတိုက်ခိုက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
 
ရက္ခိုင့်တပ်တော်(AA)ဟာ ခမရ (၅၅၀) တပ်ရင်းကို ဖေဖော်ဝါရီလ ၂၁ ရက်မှာ စတင်ထိုးစစ်ဆင်ခဲ့တာဖြစ်ပြီး ၁၃ ရက်အကြာ မတ်လ ၄ ရက်မှာ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တာပါ။ ပုဏ္ဏားကျွန်း မြို့မရဲစခန်းကိုတော့ ဖေဖော်ဝါရီ ၂၂ ရက်နေ့ကတည်းက သိမ်းပိုက်ခဲ့ပါတယ်။
 
ပုဏ္ဏားကျွန်း မြို့နယ်တခုလုံးအတွင်းရှိ စစ်ကောင်စီရဲ့ နောက်ဆုံးလက်ကျန်ဖြစ်တဲ့ အဲဒီတပ်ရင်းကို သိမ်းနိုင်ခဲ့တာကြောင့် ပုဏ္ဏားကျွန်းမြို့နယ်တခုလုံးကိုပါ ထပ်မံထိန်းချုပ်လိုက်နိုင်တာပါ။
 
ပုဏ္ဏားကျွန်းမြို့ဟာ ပြည်နယ်မြို့တော် စစ်တွေရဲ့ မြောက်ဘက် ၂၁ မိုင်၀န်းကျင်အကွာမှာ တည်ရှိပြီး ကျောက်တော်၊ ပေါက်တော၊ ရသေ့တောင် မြို့နယ်တို့နဲ့ ထိစပ်နေပါတယ်။ အဲဒီထိစပ်နေတဲ့ မြိုနယ်တွေထဲက ကျောက်တော်နဲ့ ပေါက်တောကို AA က သိမ်းပိုက်ထိန်းချုပ်ထားပြီး ရသေ့တောင်ကိုလည်း မြို့သိမ်းနိုင်ရေး လက်ကျန်တပ်ရင်း သုံးခုကို ထိုးစစ်ဆင်နေပါတယ်။
 
AA ဟာ ဘူးသီးတောင်၊ မောင်တော၊ ရမ်းဗြဲ မြို့နယ်တို့အတွင်းမှ စစ်ကောင်စီလက်အောက်ခံ တပ်မဌာနချုပ်၊ တပ်ရင်း၊ တပ်စခန်းတွေကိုလည်း ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။
 
လက်ရှိမှာ မင်းပြား၊ ပေါက်တော၊ မြောက်ဦး၊ ကျောက်တော်၊ မြေပုံနဲ့ ချင်းပြည်နယ် ပလက်၀မြို့နယ်တို့ကို အလုံးစုံ သိမ်းပိုက်ထိန်းချုပ်ထားပါတယ်။
 
ရခိုင်ပြည်နယ်အတွင်းမှာရှိတဲ့ စစ်ကောင်စီလက်အောက်ခံ စခန်းတွေအားလုံးကို တခုမကျန်တိုက်ခိုက်သွားမှာဖြစ်ပြီး လက်နက်ချအညံ့ခံကြဖို့လည်း AA ရဲ့ ထုတ်ပြန်ချက်တွေမှာ မကြာခဏ သတိပေးထားပါတယ်။
 
ဓာတ်ပုံ – AA Info Desk