စစ်တပ်ဖမ်းသွားတဲ့ မွန်ပြည်သစ်ပါတီခေါင်းဆောင်တဦးရဲ့ ညီမအပါအဝင်သုံးဦး ပြန်မလွတ်သေး

မတ်၊ ၄

မွန်ပြည်သစ်ပါတီ(စစ်အာဏာရှင်တိုက်ဖျက်ရေး) NMSP-AD ရဲ့ နိုင်ငံရေး၊ စစ်ရေးဦးဆောင်အဖွဲ့ဝင်တဦးရဲ့ ညီမဖြစ်သူအပါအဝင် ဒေသခံအမျိုးသမီးသုံးဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးပြီး သုံးရက်မြောက်နေ့အထိ ပြန်မလွှတ်ပေးသေးဘူးလို့ မိသားစုဝင်တွေနဲ့ နီးစပ်သူတွေထံကနေ သိရပါတယ်။

“ဟုတ်တယ်၊ ဖမ်းခံရတဲ့သူတွေက အမျိုးသမီးတွေပဲ ခုထိတော့ အိမ်ပြန်မရောက်လာသေးဘူး၊  အားလုံးက မွန်ပြည်သစ်ပါတီနဲ့ ပတ်သက်တဲ့သူတွေပဲ” လို့ ဖမ်းဆီးခံထားရတဲ့သူနီးစပ်တဲ့သူတဦးက ပြောပါတယ်။

ဖမ်းဆီးခံရတဲ့သူတွေဟာ မွန်ပြည်သစ်ပါတီ(NMSP-AD)နိုင်ငံရေး၊ စစ်ရေးဦးဆောင်အဖွဲ့ဝင် နိုင်ကြည်စန်းရဲ့ ညီမဖြစ်သူ တောင်ပကျေးရွာနေ ဒေါ်မြင့်စန်း၊ ကမာဝက်မြို့မှ မွန်ပြည်သစ်ပါတီ(NMSP) မုဒုံမြို့နယ်ဆက်ဆံရေးရုံးတာဝန်ရှိသူတဦးရဲ့ ဇနီးဖြစ်သူနဲ့ ကော့ပီထော်ကျေးရွာမှ ဒေသခံအမျိုးသမီးတဦးတို့ ဖြစ်ပါတယ်။

မုဒုံမြို့နယ် ၊ကော့ပိထော်ကျေးရွာမှ ပြည်သူ့စစ်ခေါင်းဆောင် ဦးကင်ဘန်း၊ ဒုခေါင်းဆောင်ဦးငြိမ်းဦးနဲ့ စိန်တောင်ရပ်ကွက်မှ ပြည်သူ့စစ်ခေါင်းဆောင် ဦးပန်းတို့ကို အခုလ ၂ ရက်နေ့ကမွန်ပြည်သစ်ပါတီ( NMSP-AD )က ဝင်ရောက်ဖမ်းဆီးခဲ့တာပါ။

အဲဒီနောက် ပြည်သူ့စစ်တွေဆီက လက်နက်မျိုးစုံ ၁၅ လက်နဲ့ ဆက်စပ်ပစ္စည်းတွေကို သိမ်းယူခဲ့ပါတယ်။

အဲဒီလိုမျိုး ပြည်သူ့စစ်ခေါင်းဆောင်အပါအဝင်သုံးဦးကို မွန်ပြည်သစ်ပါတီ(NMSP-AD)ဘက် ဖမ်းဆီးလိုက်တဲ့အတွက် အဲဒီနေ့နေ့ညပိုင်းနဲ့ နောက်ရက်မနက်ပိုင်းတွေမှာ စစ်ကောင်စီလက်အောက်ခံ မုဒုံမြို့နယ် (၃၁၈)အမြောက်တပ်မှ အဲဒီအမျိုးသမီးသုံးဦးကို ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

လက်ရှိ စစ်ကောင်စီတပ်ဖွဲ့တွေ ဖမ်းဆီးထားတဲ့ အမျိုးသမီးသုံးဦးကို မုဒုံမြို့နယ် အမှတ်(၃၁၈)အဘစ်အမြောက်တပ်ရင်းမှာ ချုပ်နှောင်ထားပြီး ဒီကနေ့ ညနေပိုင်းအထိ ပြန်လွှတ်ပေးခြင်းမရှိသေးဘူးလို့ ဆိုပါတယ်။

ဒါဟာ စစ်ကောင်စီတပ်ဖွဲ့တွေ အရပ်သားတွေကို မတရားဖမ်းဆီးခဲ့တာဖြစ်ပြီး သူတို့အားလုံးက နိုင်ငံရေးနဲ့ပတ်သက်မှုမရှိဘူးလို့ မွန်ပြည်သစ်ပါတီ(NMSP-AD)နိုင်ငံရေး၊ စစ်ရေးဦးဆောင်အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ နိုင်ဗညားမွန်က ပြောပါတယ်။

“ဟုတ်ပါတယ်၊ ဒါက အရပ်သားဖြစ်တယ်၊ သူတို့မှာ အပြစ်မရှိပါဘူး၊ ဒါက မတရားဖမ်းဆီးတယ်လို မှတ်ယူပါတယ်”လို့ ပြောပါတယ်။

ဒါ့ကြောင့် အခုဖမ်းဆီးထားတဲ့သူတွေကို စစ်ကောင်စီအနေနဲ့ အမြန်ဆုံးလွှတ်ပေးသင့်တယ်လို့တောင်းဆိုလိုုက်ပါသေးတယ်။

တဖက်မှာလည်း မွန်ပြည်သစ်ပါတီ( NMSP-AD )အဖွဲ့မှ ဖမ်းဆီးထားတဲ့ ပြည်သူ့စစ်ခေါင်းဆောင်အပါအဝင်သုံးဦးကို ထိန်းသိမ်းထားဆဲဖြစ်ပြီး သူတို့ကို ဘယ်လိုအရေးယူသွားမလဲဆိုတာ ဖြေကြားပေးလို့ မရသေးဘူးလို့ ဆိုပါတယ်။

“လောလောဆယ် ဖမ်းထားတယ် ၊ရှေ့အစီအစဉ်က ဘာမှ ပြောလို့မရသေးဘူး” လို့နိုင်ဗညားမွန်က ဆိုပါတယ်။

မွန်ပြည်သစ်ပါတီ(NMSP)အထွေထွေအတွင်းမှူး နိုင်ဇေယျအပါအဝင် ခေါင်းဆောင်ပိုင်းတချို့က ဖေဖော်ဝါရီလ ၁၄ ရက်မှာ မွန်ပြည်သစ်ပါတီ(NMSP)ကနေ ခွဲထွက်ကာ မွန်ပြည်သစ်ပါတီ( NMSP-AD) ကို ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။

အာဏာသိမ်းစစ်တပ်ရဲ့ အကြမ်းဖက်မှုကို ကာကွယ်ဖို့ တိုင်းရင်းသားလူမျိုးများ လိုလားတောင့်တနေတဲ့ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်အပြည့်အဝရှိသော ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ဖို့အတွက်  တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်း၊ နွေဦးတော်လှန်ရေးအင်အားစုတွေနဲ့အတူ ပူးပေါင်းလက်တွဲကာ စစ်တပ်ကို တိုက်ခိုက်သွားမှာ ဖြစ်တယ်လို့ NMSP-AD က ပြောဆိုထားပါတယ်။