မတ်၊ ၄
ရခိုင်ပြည်နယ်က တိုက်ပွဲတွေအတွင်း ဖမ်းဆီးရမိထားတဲ့ စစ်ကောင်စီတပ်နဲ့ ရဲမိသားစုဝင်တွေကို အကောင်းဆုံး စောင့်ရှောက်ထားရှိတယ်လို့ ရက္ခိုင့်တပ်တော် (အေအေ)က ဒီကနေ့မှာ ဓာတ်ပုံမှတ်တမ်းနဲ့တကွ ထုတ်ပြန်လာပါတယ်။
အဲဒီလို ထုတ်ပြန်ထားတဲ့ ပုံတွေထဲမှာ စစ်ကောင်စီ ဇက်သင်္ဘောတွေပေါ်က ရေနစ်စဉ် ကယ်တင်ထားတဲ့သူတွေ၊ လက်နက်ချ အညံံ့ခံတဲ့သူတွေ၊ တိုက်ပွဲမှာ လက်ရဖမ်းဆီးမိသူတွေနဲ့ တပ်မိသားစုဝင်တွေ ပါဝင်တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ဖမ်းဆီးထားသူ အရေအတွက် ဘယ်လောက်ရှိတယ်ဆိုတာကိုတော့ ဖော်ပြမထားပါဘူး။
ပြီးခဲ့တဲ့လ ၇ ရက်နဲ့ ၈ ရက်တွေမှာ စစ်ကောင်စီတပ် ကမ်းထိုးရေယာဉ်သုံးစီးကို အေအေက ဒရုန်းနဲ့ ဗုံးချတိုက်ခိုက်ခဲ့ပြီး လက်နက်ချအညံံ့ခံဖို့ ပြောပေမယ့် နားမထောင်ဘဲ စစ်သင်္ဘောပေါ်မှာ ထွက်ပြေးနေသူတွေကို တယောက်မကျန် လိုက်လံချေမှုန်းနေတယ်လို့ အဲဒီရက်တွေက အေအေက သတင်းထုတ်ပြန်ပါတယ်။
အဲဒီကမ်းထိုးရေယာဉ်သုံးစီးမှာ စစ်ကောင်စီတပ်သားတွေ၊ ရဲတွေနဲ့ မိသားစုဝင် ခြောက်ရာကနေ ကိုးရာကျော်ပါဝင်တယ်လို့ စစ်ကောင်စီထောက်ခံသူတွေက အဲဒီအချိန်က သူတို့ရဲ့ လူမှုကွန်ရက်တွေမှာ ရေးသားကြပါတယ်။
ဒါ့အပြင် တပ်နဲ့ တပ်မိသားစုဝင်တွေကို အစောင့်အရှောက် တိုက်ခိုက်ရေးရေယာဉ် ဒါမှမဟုတ် လေယာဉ် မပါဘဲ အန္တရာယ်ကြီးတဲ့ ခရီးကို လက်လွတ်စပယ်လွှတ်လိုက်တဲ့ စစ်ကောင်စီတပ်အကြီးအကဲတွေကိုလည်း ဝေဖန်ရေးသားခဲ့ကြပါတယ်။
စစ်ကောင်စီကတော့ အဲဒီဖြစ်စဉ်နဲ့ပတ်သတ်ပြီး အခုအချိန်အထိ နှုတ်ဆိတ်နေတုန်းပါ။
ရခိုင်ပြည်နယ်က တကျော့ပြန်တိုက်ပွဲ လေးလနီးပါးအတွင်း အေအေဟာ ပလက်ဝဒေသ၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ပေါက်တော၊ မောင်တောမြို့နယ်၊ တောင်ပြိုမြို့၊ တောင်ကုတ်၊ မအီတို့ကို သိမ်းပိုက်ထားပြီး ပုဏ္ဏားကျွန်း၊ ရသေ့တောင်နဲ့ ရမ်းဗြဲတို့က နောက်ဆုံးလက်ကျန်တပ်တွေကို ထိုးစစ်ဆင်နေရပါတယ်။
ဒါ့အပြင် ဘူးသီးတောင်၊ မောင်တော၊ ကျောက်ဖြူ၊ အမ်းမြို့နယ်အတွင်းက ကျေးရွာအများစုကိုလည်း အေအေက ထိန်းချုပ်ထားသလို ပြည်နယ်တောင်ပိုင်းက မြို့နယ်တွေမှာတော့ နှစ်ဘက် စစ်ရေးပြင်ဆင်မှုတွေ ရှိနေတာလည်း ဖြစ်ပါတယ်။
ဓာတ်ပုံ – AA Info Desk