မင်းပြားမှာ အုပ်စုဖွဲ့ အဓမ္မပြုကျင့်သတ်ဖြတ်မှု ကျူးလွန်ခဲ့တယ်လို့ စစ်ကောင်စီတပ်သား ၀န်ခံ

မတ်၊ ၄
 
မင်းပြားမြို့နယ်၊ င/တန်းပျင်ကျေးရွာမှာမိန်းကလေးတဦးကို အုပ်စုဖွဲ့အဓမ္မပြုကျင့်ခဲ့ပြီး မိခင်ဖြစ်သူအပါအဝင် သားအမိနှစ်ဦးလုံးအား သတ်ဖြတ်ခဲ့မှုနဲ့ ဆက်စပ်လို့ စစ်ကောင်စီတပ်သားရဲ့ဝန်ခံချက်ရုပ်သံဖိုင်ကို ရက္ခိုင့်တပ်တော်က (AA)က ထုတ်ပြန်ခဲ့ပါတယ်။
 
စစ်ကောင်စီတပ်မ (၂၂) လက်အောက်ခံ၊ ခမရ (၂၀၅) တပ်ရင်းမှ တပ်ဖွဲ့ဝင်ငါးဦးက ပြီးခဲ့တဲ့ဇန်နဝါရီလ ၁၇ ရက်မှာ ကျူးလွန်ခဲ့တာ ဖြစ်ပါတယ်။ ကျူးလွန်သူ ၅ ဦးမှာ ပါဝင်ပြီး AAက ဖမ်းဆီးရမိထားတဲ့ တပ်သားကိုကိုအောင်ရဲ ထွက်ဆိုဝန်ခံချက်နဲ့ အခင်းဖြစ်နေရာမှာ သရုပ်ပြထားတဲ့ ရုပ်သံဖိုင်၂ ဖိုင်ကို မတ်လ ၃ ရက်စွဲနဲ့ ထုတ်ပြန်ခဲ့တာပါ။
 
တပ်သား ကိုကိုအောင်က သူတို့စစ်ကြောင်း င/တန်းပျင်ရွာကို ဝင်ရောက်စဉ် သားအမိနှစ်ဦးအားတွေ့လို့ ဗိုလ်ကြီးနေလင်းကျော်က ခေါ်ယူခဲ့တယ်လို့ ထွက်ဆိုပါတယ်။
 
သားအမိနှစ်ဦးကို ဒူးထောက်ထားခိုင်းထားရာ သမီးဖြစ်သူက ငိုယိုတောင်းပန်ခဲ့တယ်လို့ ဆိုပါတယ်။
 
“ကျွန်မကို မလုပ်ပါနဲ့ မလုပ်ပါနဲ့လို့ ငိုပြောပါတယ် မရဘူးဆိူပြီးတော့ ပုဝါစည်းပြီး အထဲကိုခေါ်သွားပါတယ်” လို့ တပ်သားကိုကိုအောင်က ထွက်ဆိုပါတယ်။
 
အဲဒီနောက် အိမ်တခုအောက်မှာ တပ်ကြပ်ကြီးကျော်မျိုးဦး၊ ဒုတပ်ကြပ် သူရနိုင်၊ တပ်သားချစ်လွန်း၊ တပ်သားမျိုးအောင် နဲ့ ကိုကိုအောင်တို့က တလှည့်စီ အဓမ္မပြုကျင့်ခဲ့တာပါ။
 
အဲဒီနောက်မိခင်ဖြစ်သူကို သေနတ်နဲ့ ပစ်သတ်ခဲ့ပြီး သမီးဖြစ်သူကိုလည်း သတ်ဖြတ်ခဲ့လို့ ဝန်ခံထွက်ဆိုပါတယ်။
 
“ကောင်မလေးကို ရင်ဘတ်ကို တစ်ချက်ပစ်ပါတယ်။ ပစ်ပြီးတော့ မသေတော့ ဆရာသူရနိုင်ကနေပြီးတော့ ခြောက်လက်မဓားနဲ့ လည်တစ်ချက် လှီးလိုက်ပါတယ်” လို့ တပ်သားကိုကိုအောင်က ပြောပါတယ်။
 
အဓမ္မပြုကျင့် သတ်ဖြတ်မှု ကျူးလွန်ခဲ့သူ ၅ ဦးအနက် တပ်ကြပ်ကြီး ကျော်မျိုးဦးမှာ နဖူးစနိုက်ပါထိမှန် သေဆုံးခဲ့ပြီး ဒုတပ်ကြပ် သူရနိုင်က ဆီးခုံထိမှန် ဒဏ်ရာနဲ့ တိုက်ပွဲမှာ သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် တပ်သားချစ်လွန်းမှာ နားထင်ပွင့်သေဆုံးကာ တပ်သားမျိုးအောင်က လည်ပင်းကျည် ထိမှန်ဒဏ်ရာနဲ့ တိုက်ပွဲမှာ သေဆုံးခဲ့တာပါ။ ဗိုလ်ကြီးနေလင်းကျော်ကတော့ တကိုယ်လုံး မီးလောင်ပြီး သေဆုံးသွားတာ ဖြစ်တယ်လို့ တပ်သား ကိုကိုအောင်က ဆက်ပြောပါတယ်။
 
ဒါကြောင့် အုပ်စုဖွဲ့အဓမ္မပြုကျင့်သတ်ဖြတ်မှု ကျုးလွန်ခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအနက် တပ်သားကိုကိုအောင်တဦးသာ ကျန်ရှိတော့တာဖြစ်ပြီး AAက သူ့ကို
လက်ရဖမ်းဆီးနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။
 
AAကတော့ စစ်ကောင်စီက စစ်ရာဇဝတ်မှုတွေ၊ လူသားမျိုးနွယ်တစ်ခုလုံးအပေါ် ကျူးလွန်မူ (Crimes Against Humanity)နဲ့ နိုင်ငံတကာဥပဒေတွေကို ချိုးဖောက်နေတာနဲ့ပတ်သတ်လို့ တာဝန်ယူ၊ တာဝန်ခံမှု ရှိစေရန်ဆောင်ရွက်မယ်လို့ မကြာခဏ ထုတ်ပြန်ပြောဆိုထားပါတယ်။
 
ဓာတ်ပုံ – AA Info Desk