ထားဝယ်မြို့အနီး တိုက်ပွဲစစ်ကောင်စီဖက်မှ ဆယ်ဦးကျော်သေဆုံး

မတ်၊ ၃
 
တနင်္သာရီတိုင်း၊ ထားဝယ်မြို့နဲ့ ခြောက်မိုင်ကျော်အကွာ ရောင်းမော်ရွာမှာရှိတဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီး ပူးပေါင်းတပ်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ် (PDF)တွေ မတ်လ ၂ ရက်၊ မနေ့က မနက် ၆ နာရီလောက်မှာ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်က ၁၁ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။
 
“ရွာထဲမှာ တပ်စွဲပြီးနေတာကြာပြီ၊ စစ်တပ်ရော ပျူရောရှိတယ်၊ သူတို့ တော်တော်ထိနာသွားလို့ ရဟတ်ယာဥ်နဲ့ပါ လာကြဲတာ” လို့ PDF တပ်ဖွဲ့ဝင်တွေနဲ့ နီးစပ်တဲ့ ဒေသခံတဦးက DNA ကို ပြောပါတယ်။
 
Delta News Agency က ကြည်ရှုခဲ့ရတဲ့ ရုပ်သံဗွီဒီယိုတခုမှာတော့ တိုက်ပွဲအတွင်း သေဆုံးခဲ့တဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေရဲ့ ရုပ်အလောင်း ၁၁ လောင်းကို တွေ့ရှိရပါတယ်။
 
ဒါ့အပြင် စစ်ကောင်စီတပ်တွေရဲ့ သေနတ်မျိုးစုံ ကိုးလက်၊ ၄၀ မမ စိန်ပြောင်းတလက်နဲ့ တခြားခဲယမ်းတွေကိုလည်း PDF တွေဘက်က သိမ်းဆည်းရမိခဲ့ပါသေးတယ်။
 
အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသကတော့ အဲဒီတိုက်ပွဲမှာ တနင်္သာတိုင်း ပြည်သူ့ကာကွယ်ရေးတပ် တပ်ရင်း ၁ (T1)၊ တပ်ရင်း ၂ (T2)နဲ့ ဥသြစစ်ကြောင်း (ထားဝယ် ပကဖ) တို့ ပူးပေါင်း တိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
 
တိုက်ပွဲအတွင်း တပ်ရင်း ၁ (T1) ရဲ့ တပ်ဖွဲ့ဝင်တဦးလည်း ကျဆုံးခဲ့တယ်လို့ ဆိုပါတယ်။
 
စစ်ကောင်စီတပ်ဘက်ကတော့ တိုက်ပွဲဖြစ်ပွားနေချိန် ရောင်းမော်ရွာနဲ့ အနီးတဝိုက်ကို Mi 2 ရဟတ်ယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့သေးတယ်လို့ သိရပါတယ်။
 
“သုံးကြိမ်လာကြဲတာ၊ လေးဆယ်ကျော်တယ် ဗုံးသီးတွေကြဲချတာ၊ သူတို့ (ခြေလျင်)စစ်ကူတော့ မလာနိုင်တော့ဘူး၊ တိုက်ပွဲဖြစ်ရင် လေကြောင်းပဲ သုံးတော့တာ” လို့လည်း အထက်ပါ ဒေသခံက ပြောပါတယ်။
 
အခုလို တိုက်ခိုက်ခံရတဲ့ ရောင်းမော်ရွာက စစ်ကောင်စီ ပူးပေါင်းတပ်တွေဟာ ရွာရဲ့ အရှေ့ဘက်မှာရှိတဲ့ တခြားကျေးရွာတွေကို လက်နက်ကြီး ပစ်ခတ်တာတွေ လုပ်လေ့ရှိတယ်လို့လည်း သိရပါတယ်။
 
“ရှေ့တပတ်လောက်ကဆို ဆက်တိုက်ထုနေတာ၊ တိုက်ပွဲဖြစ်တာမဟုတ်ဘဲ ခြောက်ပြီး ပစ်တာနေမယ်၊ အဲစခန်းကကောင်တွေ ဦးဆောင်ပြီး အဲဘက်မှာ လောင်းကစားဝိုင်းတွေလည်း ကြီးကျယ်လုပ်နေတာ” လို့လည်း နောက်ထပ်ဒေသခံတဦးက ပြောပါတယ်။
 
တိုက်ပွဲဖြစ်ပွားနေချိန် ရောင်းမော်ရွာနဲ့ အနီးအနားရှိ ရွာတွေက ဒေသခံတွေလည်း ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပြီး အသက် ၂၈ နှစ်အရွယ် ဒေသခံအမျိုးသမီးတဦးကတော့ ထွက်ပြေးရင်း ဆိုင်ကယ်မတော်တဆတိုက်မိလို့ သေဆုံးခဲ့ရပါသေးတယ်။
 
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၁ ရက်နေ့ကလည်း ထားဝယ်မြို့နဲ့ မိုင်သုံးဆယ်လောက်အကွာ ထားဝယ်အရှေ့တောဒေသမှာ အင်အားလာဖြည့်တဲ့ ကား ၁၇ စီးပါ စစ်ကောင်စီတပ်ယာဥ်တန်း တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှု များပြားခဲ့ပါသေးတယ်။
 
ကျောက်မဲတောင်ရွာနဲ့ ဝကုန်းရွာကြား တိုက်ခိုက်ခံရခဲ့တဲ့ အဲဒီတိုက်ပွဲမှာတော့ စစ်ကား ၁၂ စီးကျော်ကို ဖျက်စီးနိုင်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဆယ်ကျော် သေဆုံးခဲ့သလို လက်နက်မျိုးစုံ သုံးဆယ်ကျော်ကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ တော်လှန်ရေးတပ်တွေဘက်က ပြောထားပါတယ်။
 
ဓာတ်ပုံ – Southern Military Region