တိုင်းစစ်ဌာနချုပ်ရှိရာ အမ်းမြို့ ဝင်ပေါက်လမ်းတွေနဲ့ တံတားတွေကို စစ်တပ်က ဖျက်ဆီးနေ

မတ် ၊ ၂

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)တည်ရှိရာ ရခိုင်ပြည်နယ် အလယ်ပိုင်း အမ်းမြို့တွင်းကိုဝင်ရောက်နိုင်တဲ့ ကားလမ်းတွေနဲ့ အဲဒီလမ်းတွေပေါ်မှာရှိတဲ့ တံတားတွေကို စစ်ကောင်စီတပ်က စက်ယန္တရားကြီးတွေနဲ့ လိုက်လံ ဖျက်ဆီးနေတယ်လို့ မျက်မြင်ဒေသခံတွေက ပြောကြပါတယ်။

နပခနဲ့ စစ်ကောင်စီတပ်ရင်းတွေဆီ လာရောက်နိုင်တဲ့ အမ်း – တပ်တောင်လမ်း၊ အမ်း – စစ်တွေလမ်း (ပြည်ထောင် စုလမ်းမကြီး)နဲ့ အမ်း – မအီလမ်းတို့ရှိ တံတားသုံးခုထက်မနည်းကို ဖျက်ဆီးပြီးဖြစ်ကာ လမ်းမတွေကိုလည်း သွား လာလို့မရအောင် မြေတူးစက်နဲ့ တူးဖျက်နေတယ်လို့ ဆိုကြပါတယ်။

“ဘက်ဟိုးကြီးတွေနဲ့ သွားဖျက်နေတာ၊ တံတားတွေကို ဖျက်လိုက်ပြီ၊ အခု လမ်းတွေကိုလည်း အပိုင်းပိုင်း ဖြစ် အောင် တူးပစ်နေတယ်၊ ဆိုင်ကယ်တွေ၊ ကားတွေ သွားလို့မရတော့ဘူး”လို့ အမ်း – တပ်တောင်လမ်းပေါ်မှာ နေထိုင်တဲ့ ဒေသခံအမျိုးသားတဦးက DNA ကို ပြောပါတယ်။

ရခိုင်ပြည် မြောက်ပိုင်းမြို့နယ်တွေ တခုပြီး တခုပြီး သိမ်းပိုက်ခံနေရပြီး တောင်ပိုင်းမြို့နယ်တွေထိပါ တိုက်ပွဲတွေ ကျယ်ပြန့်လာနေချိန် တိုင်းစစ်ဌာနချုပ်နဲ့ တပ်ရင်းတွေ တိုက်ခိုက်ခံရမှာစိုးရိမ်တာကြောင့် အခုလို ဖျက်ဆီးနေတာ ဖြစ်နိုင်တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

“AA ဝင်တိုက်မှာစိုးလို့ လမ်းတွေဖျက်ချနေတာထင်တယ်၊ ပြည်သူတွေကို ဒုက္ခပေးချင်တာလည်း ပါမယ်၊ အခု ပြည် သူတွေမှာ အရေးအကြောင်း ပြေးဖို့၊ လွှားဖို့မရတော့ဘူး၊ ဆေးခန်းတွေသွားဖို့ဆိုလည်း မလွယ်တော့ဘူး”လို့ အမ်း မြို့နယ်ဒေသခံအမျိုးသမီးတဦးက ပြောပါတယ်။

အမ်းမြို့နယ်မှာ နယ်ဒေသကျေးရွာတွေအားလုံးနီးပါးကို ရက္ခိုင့်တပ်တော်(AA)က ထိန်းချုပ်ထားတာပါ။ စစ် ကောင်စီတပ်ဟာ ရခိုင်ဒေသ တကျော့ပြန်တိုက်ပွဲစပြီးနောက်ပိုင်းမှာ အမ်းမြို့နယ်အတွင်းရှိ ရှေ့တန်းစခန်း အ များစုကို ရုပ်သိမ်း၊ ဆုတ်ခွာခဲ့ပြီး မြို့ပေါ်နဲ့အနီးတဝိုက်တပ်ရင်းစခန်းတွေမှာသာ စုပေါင်းအခြေချထားနိုင် တော့ တယ်လို့ စစ်ရေးနဲ့နီးစပ်သူတွေက ပြောကြပါတယ်။

လက်ရှိမှာလည်း အမ်းမြို့ပေါ်နဲ့ မိုင်နှစ်ဆယ်ဝန်းကျင်အကွာ ကစုကိုင်းကျေးရွာအနီးရှိ စစ်ကောင်စီတပ်စခန်းတွေနဲ့ AA တို့ကြား တိုက်ပွဲတွေ မကြာခဏရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အမ်းမြို့နယ်နဲ့ နယ်မြေချင်းထိစပ်နေတဲ့ မြို့နယ်တွေထဲက မြေပုံမြို့နယ်ကို AA က အလုံစုံသိမ်းပိုက်ထားပြီး ကျောက်ဖြူနဲ့ ရမ်းဗြဲမြို့နယ်တို့အတွင်းမှာလည်း စစ်ကောင်စီတပ်စခန်းတွေကို AA က ထိုးစစ်ဆင်နေတာ ရှိပါ တယ်။

“တိုက်ပွဲတွေက နပခထိ ရောက်လာဖို့ သိပ်မလိုတော့ဘူး၊ အဲတော့ စစ်ကောင်စီက ကြောက်ပြီး ပြည်သူပိုင် လမ်းတွေ၊ တံတားတွေကို လိုက်ဖျက်ဆီးနေတာပေ့ါ”လို့ အမ်းမြို့နယ် ဒေသခံတက်ကြွလှုပ်ရှားသူတဦးက ပြောပါ တယ်။

စစ်ကောင်စီတပ်ဟာ မြို့တွင်းဝင်ပေါက်လမ်းနဲ့ တံတားတွေကို ဖျက်ဆီးနေသလို အမ်းမြို့ပေါ်မှာနေထိုင်တဲ့ ပြည် သူတွေကိုလည်း မြို့ပြင်ထွက်သွားလာခွင့်တွေ ကန့်သတ်ထားကာ တိုက်ပွဲတွေဖြစ်လာရင် လူသားဒိုင်းကာအဖြစ် အသုံးချဖို့ ပြင်ဆင်နေတယ်လို့ ဒေသခံတွေက DNA ကို ပြောထားကြပါတယ်။

“မြို့ထဲမှာလည်း ဗုံးခိုကျင်းတွေမတူးရဘူး၊ တူးရင်လာဖျက်ခိုင်းတယ်၊ ပြည်သူတွေကို ဒိုင်းကာလုပ်ထားတာ၊ ဘယ် မှလည်း သွားလို့မရဘူး”လို့ အမ်းမြို့ခံတဦးက ပြောပါတယ်။

ဒါ့အပြင် အမ်းမြို့ပေါ် တိုင်းစစ်ဌာနချုပ်နဲ့ တပ်ရင်း၊ တပ်စခန်းတွေအနီးမှာရှိတဲ့လူနေရွာတွေကို ရွေ့ပြောင်းကြဖို့ နှင်ထုတ်ထားတယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။

 စစ်ကောင်စီတပ်ဟာ တောင်ကုတ်မြို့နယ် မအီမြို့ရှိ မအီချောင်းတံတားနဲ့ ကျောက်ကြီးပေါက်တံတားတို့ကိုလည်း ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၆ ရက်က ဖျက်ဆီးခဲ့ပါသေးတယ်။

ဒါ့အပြင် စစ်တွေမြို့နယ်နဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်မှာရှိတဲ့ မင်းချောင်း(အမြင့်ကျွန်း)တံတားကိုလည်း ဖေဖော်ဝါ ရီ ၁၂ ရက်မှာ ဖျက်ဆီးခဲ့ပါတယ်။

ဒီလို လမ်းတံတားဖျက်ဆီးမှုတွေနဲ့ပတ်သက်လို့ စစ်ကောင်စီကတော့ ရခိုင့်တပ်တော် AA လက်ချက်လို့ စွပ်စွဲထား ပါတယ်။

ဒါပေမယ့် စစ်ကောင်စီဟာ ရှမ်းမြောက် တိုက်ပွဲကာလတွေကလည်း အလားတူ ဖျက်ဆီးမှုတွေ လုပ်ခဲ့တာရှိပြီး လက်ရှိရှမ်းမြောက်မှာ အပစ်ရပ်ထားချိန်မှာတောင် အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်အခြေစိုက်တဲ့ လားရှိုးမြို့ တ ဝိုက် လမ်းတချို့ကိုဖျက်ဆီးထားတာ၊မိုင်းထောင်ထားတာတွေလုပ်ထားတယ်လို့ ဒေသခံတွေကပြောပါတယ်။

ရက္ခိုင့်တပ်တော်(AA)ဟာ ရခိုင်ဒေသတိုက်ပွဲသုံးလကျော်အတွင်း ပြည်နယ်မြောက်ပိုင်းရှိ ကျောက်တော်၊ မြောက် ဦး၊ မင်းပြား၊ မြေပုံ၊ ပေါက်တောမြို့နယ်တို့ကို အလုံးစုံသိမ်းပိုက်ထားပြီး ပုဏ္ဏာကျွန်း၊ ရသေ့တောင်၊ ရမ်းဗြဲမြို့ နယ်တို့ကိုလည်း သိမ်းပိုက်နိုင်ရေး ထိုးစစ်အပြင်းအထန်လုပ်နေပါတယ်။

ဒါ့အပြင် မောင်တော၊ ဘူးသီးတောင်တို့မှာလည်း တိုက်ပွဲတွေနေ့စဉ်ရှိနေကာ ပြည်နယ်မြို့တော်စစ်တွေအနီးထိပါ တိုက်ပွဲတွေရောက်လာနေပြီလို့ ဒေသခံတွေက ပြောကြပါတယ်။ AA ဟာ ရခိုင်ပြည်နယ်အတွင်းရှိ စစ်ကောင်စီ စခန်းအားလုံးကို တခုမကျန် တိုက်ခိုက်သိမ်းပိုက်သွားမယ်လို့ ကြေငြာထားပြီး စစ်ကောင်စီတပ်တွေအနေနဲ့ လက်နက်ချအညံ့ခံကြဖို့လည်း သတိပေးထားပါတယ်။