ငါးမန်းဖြူကို အော်ကာ ဝေလငါး တကောင်တည်း အမဲလိုက်တဲ့ ဖြစ်စဉ်ကို ပထမဆုံးအကြိမ် မှတ်တမ်းတင်နိုင်ခဲ့

မတ် ၊ ၂

အော်ကာ ဝေလငါး တကောင်တည်းက ငါးမန်းဖြူ တကောင်ကို အမဲလိုက် သတ်ဖြတ်ခဲ့တဲ့ ဖြစ်စဉ်ကို ပထမဆုံးအကြိမ် မှတ်တမ်း တင်နိုင်ခဲ့တယ်လို့ သိပ္ပံပညာရှင်တွေက ပြောပါတယ်။

 အော်ကာတွေဟာ ကမ္ဘာပေါ်မှာ ဉာဏ်ရည် အမြင့်မားဆုံး တိရစ္ဆာန် မျိုးစိတ်ဖြစ်ပြီး ငါးမန်းဖြူတွေ အပါအဝင် ငါးမန်းမျိုးစိတ်တွေ၊ လင်းပိုင်တွေ၊ ဖျံတွေကို အမဲလိုက် သတ်ဖြတ်လေ့ရှိတဲ့ အစာကွင်းဆက် ထိပ်ဆုံးက မုဆိုးတွေလည်း ဖြစ်ပါတယ်။ ဒါပေမဲ့လည်း ငါးမန်းဖြူတွေလို အန္တရာယ်များလှတဲ့ သားကောင်တွေကို တိုက်ခိုက်တဲ့ အခါမှာ အော်ကာတွေဟာ အနည်းဆုံး နှစ်ကောင်လောက် အုပ်စုဖွဲ့ လှုပ်ရှားလေ့ရှိပြီး အခုလို တကောင်ချင်း အနိုင်ယူတာမျိုးကိုတော့ မကြုံဖူးသေးဘူးလို့ ပညာရှင်တွေက ပြောပါတယ်။

 ၂၀၂၃ ခုနှစ်တုန်းက တောင်အာဖရိက ကမ်းလွန်မှာ ရိုက်ကူးထားတဲ့ အဲဒီ မှတ်တမ်း ဗီဒီယိုဟာ ကမ္ဘာ့ ပင်လယ် သမုဒ္ဒရာတွေထဲမှာ ကြီးစိုးထားတဲ့ မျိုးစိတ်နှစ်ခုကြားက အားပြိုင်မှုကို မီးမောင်းထိုးပြနေပါတယ်။

 တကောင်တည်း လှုပ်ရှားနေတဲ့ အော်ကာအထီးဟာ မြီးကောင်ပေါက်အရွယ် ငါးမန်းဖြူကို ၂ မိနစ်အတွင်း သတ်ဖြတ်ပြီး စားသောက်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီဖြစ်ရပ်ဟာ Killer Whaleလို့လည်းခေါ်တဲ့ အော်ကာတွေရဲ့ အမဲလိုက် စွမ်းရည် ဘယ်လောက် ထက်မြက်သလဲ ဆိုတာကို ပြသနေတယ်လို့ ငါးမန်းတွေနဲ့ ပတ်သက်လို့ အထူးပြု လေ့လာနေတဲ့ ဇီဝဗေဒ ပညာရှင် ဒေါက်တာ အလီဆန် တောင်နာက ပြောပါတယ်။

 အော်ကာတွေက အုပ်စုဖွဲ့ပြီး ငါးမန်းတွေကို အမဲလိုက်လေ့ရှိမှန်း သိထားကြောင်း၊ ဒါပေမဲ့ သန်မာတဲ့ ငါးမန်းဖြူ တကောင်ကို အော်ကာ တကောင်တည်းက မိနစ်ပိုင်းအတွင်း အနိုင်ယူလိုက်တယ် ဆိုတာက ပညာရှင်တွေ အားလုံးကို မင်တက်သွားစေခဲ့ကြောင်း သူက ဆိုပါတယ်။

 တောင်အာဖရိကနိုင်ငံ၊ ဂရေဟမ်စ်တောင်းမှာရှိတဲ့ ရုဒ်စ် တက္ကသိုလ်ရဲ့ ပါမောက္ခ တဦးလည်းဖြစ်တဲ့ တော်နာက ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း တောင်အာဖရိက ကမ်းလွန်ရေပြင်မှာ အော်ကာတွေနဲ့ ငါးမန်းဖြူတွေကြား ထိပ်တိုက်တွေ့ဆုံမှုတွေ ပိုမိုများပြားလာပြီး အများအားဖြင့် ငါးမန်းဖြူတွေပဲ အသက်ပေးလိုက်ကြရကြောင်း မှတ်ချက်ပေးခဲ့ပါတယ်။ ယေဘုယျ အနေနဲ့ အဲဒီရေပြင်တွေမှာ ငါးမန်းဖြူတွေက အားအကောင်းဆုံး မျိုးစိတ်အဖြစ် ကြီးစိုးနေရာက အခုလို အလှည့်အပြောင်းတွေ ဖြစ်လာတဲ့နောက် အစာကွင်းဆက်အပေါ် ဘယ်လို သက်ရောက်မှုတွေ ရှိလာမလဲ ဆိုတာကိုလည်း သုတေသီတွေက စိတ်ဝင်တစား လေ့လာနေပါတယ်။

 အော်ကာတွေဟာ ပါးနပ်လွန်းပြီး ငါးမန်းဖြူတွေရဲ့ အမြင်အာရုံ အားနည်းချက်ကို ထိထိရောက်ရောက် အသုံးချလေ့ ရှိတတ်တယ်လို့ ပညာရှင်တွေက ပြောပါတယ်။ အဲဒီ ဝေလငါးတွေဟာ ငါးမန်းဖြူတွေရဲ့ ကြောက်စရာ ကောင်းလှတဲ့ သွားအချွန်တွေကနေ လွတ်အောင်ရှောင်ရင်း နံစောင်းနေရာတွေကို ထိုးနှက်ရင်း ဘေးဖက်ရေယက်တွေကို ဖျက်ဆီးပစ်ဖို့ ပစ်မှတ်ထား အားထုတ်လေ့ ရှိပါတယ်။ အဲဒီ ရေယက်တွေ ဖြတ်တောက်ခံလိုက်ရတဲ့ ငါးမန်းဟာ အော်ကာတွေ ပြုသမျှ နုရမယ့်ဘဝကို ရောက်သွားမှာ ဖြစ်ပါတယ်။  

 ငါးမန်းဖြူတွေရဲ့ အရွယ်အစား ကြီးမားမှုကြောင့် အော်ကာတွေအတွက် ဆွဲဆောင်မှုရှိတဲ့ အစာရင်းမြစ်တွေ ဖြစ်နေပေမယ့်လည်း ငါးမန်းရဲ့ သည်းခြေနဲ့ အသားမှာ ပါဝင်တဲ့ ဓာတ်ပစ္စည်းတွေကတော့ အော်ကာတွေရဲ့ ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ ဆိုးကျိုးတွေ ရှိနိုင်တယ်လို့လည်း ဓာတ်ခွဲစစ်ဆေးမှုတွေအရ သိရပါတယ်။

 Ref: BBC