မတ် ၊ ၂
“လောက်ကောင် မိပြီ၊ လောက်ကောင် မိပြီ”
နိုင်ငံတော် ဝန်ကြီးချုပ် ဦးနုကို ဖမ်းဆီးရမိပြီဖြစ်ကြောင်း စစ်ဗိုလ်တဦးက စကားပြောစက်ကနေတဆင့် အ ထက်အရာရှိကို အစီရင်ခံအကြောင်းကြားတဲ့ အသံဖြစ်ပါတယ်။
၁၉၆၂ ခုနှစ်၊ မတ်လ ၂ ရက်၊ မနက် ၂ နာရီလောက်မှာ ခြောက်လုံးပြူးသေနတ်ကိုင်ထားတဲ့ စစ်တပ်အရာရှိ တ ယောက် ဦးဆောင်တဲ့ အဖွဲ့က ဝန်ကြီးချုပ် ဦးနုကို သူနေထိုင်ရာ ရန်ကုန်မြို့၊ ပြည်ထောင်စုလမ်းသွယ်ထဲကနေ အိမ်မှာ သွားရောက်ဖမ်းဆီးခဲ့တာပါ။
အဲဒီအကြောင်းကို ဝန်ကြီးချုပ်ဦးနုက သူ့ရဲ့ကိုယ်တိုင်ရေးအထုပ္ပတ္တိလို့ဆိုနိုင်တဲ့ “တာတေစနေသား”ဆိုတဲ့ စာ အုပ်မှာ ပြန်လည်ရေးသားဖော်ပြခဲ့ပါတယ်။
အဲဒီ မနက်အစောပိုင်းမှာပဲ ဗိုလ်ချုပ်ကြီး နေဝင်း ဦးဆောင်တဲ့ မြန်မာစစ်တပ်က ဝန်ကြီးချုပ် ဦးနု၊ သမ္မတ မန်းဝင်းမောင်တို့ ဦးဆောင်တဲ့ အရပ်သားအစိုးရဆီကနေ အာဏာသိမ်းလိုက်တာဖြစ်ပါတယ်။
“နိုင်ငံတော်တဝှမ်းလုံးရှိ ရဟန်းရှင်လူအပေါင်းတို့ခင်ဗျား၊ ပြည်ထောင်စုနိုင်ငံတော်၏ အထူးယိုယွင်းလာသော အခြေအနေဆိုးကို ထိန်းသိမ်းစိမ့်သောငှါ ဗမာ့တပ်မတော်မှ တာဝန်ယူစောင့်ရှောက်လိုက်ပြီ ဖြစ်ပါကြောင်း အ စီရင်ခံပါသည်” လို့ မနက်ပိုင်းမှာ ဗိုလ်ချုပ်ကြီး နေဝင်းက အသံလွှင့် ကြေညာခဲ့ပါတယ်။
၁၉၆၂ ခုနှစ်၊ မတ်လ ၂ ရက်မှာ အာဏာသိမ်းခဲ့တဲ့ အဲဒီ ပထမဆုံး စစ်အာဏာသိမ်းမှုဖြစ်စဉ်ဟာ ဒီကနေ့ ၂၀၂၄ ခုနှစ်၊ မတ်လ ၂ ရက်မှာတော့ ၆၂ နှစ် ပြည့်ပြီဖြစ်ပါတယ်။
■ ၁၉၆၂ မှာ ဘယ်လို အာဏာသိမ်းခဲ့လဲ
လက်ရှိ ဝါရင့် တရားလွှတ်တော်ရှေ့နေကြီးအဖြစ် လူသိများတဲ့ ဦးကြီးမြင့်တယောက်ကတော့ အဲတုန်းက အသက် ၁၆ နှစ်ကျော်အရွယ်ရှိနေပြီဖြစ်ပြီး အစိုးရရဲ့ လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့မှာ ဝန်ထမ်းအဖြစ် လုပ်ကိုင်နေတာပါ။
“ရုံးသွားမလို့ လုပ်နေတုန်းမှာပဲ ဟိုဘက်အိမ်က ကျောင်းဆရာက လှမ်းပြောတယ်၊ အာဏာသိမ်းလိုက်ပြီဗျို့တဲ့၊ အခုပဲ ရေဒီယိုကနေ လွှင့်နေပြီတဲ့၊ အဲဒါနဲ့ နားထောင်လိုက်တော့ ထပ်တလဲလဲ ကြေညာနေတာကို ကြားတယ်၊ အချိန်ကတော့ မနက် ၈ နာရီလောက်ရှိမယ်” လို့ အာဏာသိမ်းလိုက်ပြီဆိုတာ သိခဲ့ရပုံကို ဦးကြီးမြင့်က ပြောပြ ပါတယ်။
လက်ရှိ အသက် ၇၉ နှစ်ရှိပြီဖြစ်တဲ့ ဦးကြီးမြင့်ဟာ ၁၉၆၂ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေးလှုပ်ရှားမှု တွေမှာ ပါဝင်ခဲ့တာကြောင့် ငါးကြိမ်ထက်မနည်း ဖမ်းဆီးထောင်ချခံခဲ့ရဖူးတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းတဦး လည်း ဖြစ်ပါတယ်။
ဖဆပလ ကနေ နှစ်ခြမ်းကွဲထွက်ပြီး သန့်ရှင်းဖဆပလ လို့ အရင်က ခေါ်ဝေါ်ခဲ့တဲ့ ပြည်ထောင်စုပါတီက အစိုးရ အဖြစ် တာဝန်ယူထားတဲ့ အဲဒီ ၁၉၆၂ ခုနှစ်ဝန်းကျင်မှာ ရှမ်းပြည်နယ်နဲ့ ကယားပြည်နယ် ခေါင်းဆောင်တွေက ဖက်ဒရယ်မူတောင်းဆိုခဲ့ကြတာပါ။
“အဲဒီတုန်းက ဖက်ဒရယ်အရေးကို အကြောင်းပြုပြီးတော့ ပြည်တွင်းမှာ နိုင်ငံရေးဂယက်လှိုင်းတွေ ထနေတဲ့အချိန် ပြန်ပြီးတော့ အာဏာသိမ်းလိုက်တာပါပဲ” လို့ အသက် ၇၈ နှစ် ရှိပြီဖြစ်တဲ့ ဝါရင့် နိုင်ငံရေးအကဲခတ် ဦးသန်းစိုးနိုင် က ပြောပါတယ်။
ဗိုလ်ချုပ်ကြီး နေဝင်းကတော့ အဲဒီဖက်ဒရယ်မူနဲ့ ပတ်သက်ပြီး ဝန်ကြီးချုပ် ဦးနုနဲ့ တိုင်းရင်းသားကိုယ်စားလှယ်တွေ နှီးနှောဖလှယ်ပွဲ အစည်းအဝေး ပထမရက်အပြီးမှာပဲ “ပြည်ထောင်စုပြိုကွဲမဲ့ အန္တရာယ်က ကာကွယ်ဖို့”ဆိုတဲ့ အ ကြောင်းပြချက်နဲ့ အာဏာသိမ်းလိုက်တာ ဖြစ်ပါတယ်။
၁၉၆၂ ခုနှစ် အာဏာသိမ်းမှု မဖြစ်ခင် ၁၉၅၈ ခုနှစ်ကလည်း ဗိုလ်ချုပ်ကြီး နေဝင်းဟာ စစ်အာဏာသိမ်းဖို့ ကြိုးပမ်း ခဲ့ဖူးပါတယ်။
ဗိုလ်ချုပ်ကြီးနေဝင်းက ဗိုလ်မှူးချုပ်အောင်ကြီးနဲ့ ဗိုလ်မှူးချုပ်မောင်မောင်တို့ကို အာဏာသိမ်းတဲ့အကြောင်းပြောဖို့ ဝန်ကြီးချုပ်ဦးနုဆီ လွှတ်လိုက်ပေမဲ့ နိုင်ငံရေးပရိယာယ်ကြွယ်ဝတဲ့ ဦးနုက ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဝန်ကြီးချုပ် တာဝန်ကို ဗိုလ်ချုပ်ကြီးနေဝင်းဆီလွှဲပေးမယ်လို့ ပြောဆိုခဲ့တာပါ။
အဲဒီအကြောင်းကို ဝန်ကြီးချုပ်ဦးနုက သူ့ရဲ့ တာတေစနေသားစာအုပ်မှာရေးသားခဲ့ပါတယ်။
“အာဏာသိမ်းတာဟာ စစ်တပ်လည်းနာမည်ပျက်တယ်၊ တိုင်းပြည်လည်းနာမည်ပျက်တယ်၊ အဲဒီတော့ နောက် ခြောက်လကြာရင် လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက် ပွဲကျင်းပပေးပါ့မယ်လို့ စစ်တပ်က ကတိပြုရင် စစ် တပ်ကိုသူ အာဏာလွှဲပေးမယ်”လို့ ဦးနုက တုံ့ပြန်ခဲ့တာပါ။
“အစိုးရအဖွဲ့အတွင်းမှာ အကွဲအပြဲတွေ ဖြစ်လာတဲ့အပေါ်မှာ စစ်ပြန် စစ်တပ်က အာဏာသိမ်းမယ်လုပ်တဲ့အခါမှာ ဦးနုက အာဏာမသိမ်းပါနဲ့ နာမည်ပျက်တယ်၊ အာဏာလွှဲယူပါဆိုပြီးတော့ အိမ်စောင့်အစိုးရကို ဦးနုက တနှစ်ခွဲ လောက် အာဏာလွှဲပြောင်းပေးခဲ့တာ” လို့ ၁၉၅၈ ခုနှစ်မှာ ဦးနုက ဗိုလ်ချုပ်ကြီးနေဝင်းကို အာဏာလွှဲပေးခဲ့ပုံကို ဦးသန်းစိုးနိုင်က ပြောပြပါတယ်။
အဲဒီလို ၁၉၅၈ ခုနှစ်၊ အောက်တိုဘာမှာ အာဏာလွှဲပြောင်းရယူပြီး ဗိုလ်ချုပ်ကြီးနေဝင်း ဦးဆောင်တဲ့ အိမ်စောင့် အစိုးရဟာ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ခြောက်လသာ တာဝန်ယူရမှာဖြစ်ပေမဲ့ တနှစ်ကျော်အကြာ ၁၉၆၀ ခုနှစ်၊ ဖေဖော်ဝါရီလရောက်မှသာ ရွေးကောက်ပွဲ ပြုလုပ်ပေးပြီး အနိုင်ရတဲ့ သန့်ရှင်းဖဆပလကို အာဏာပြန်အပ် ခဲ့ပါ တယ်။
“အဲဒီ တနှစ်ခွဲလောက်အတွင်းမှာ စစ်တပ်အတွက် စီးပွားရေးအခွင့်အလမ်းတွေ ပိုမြင်လာတာ၊ အာဏာရဲ့ အရသာကို နားလည်သွားတဲ့အချိန်မှာ ၁၉၆၂ ခုနှစ်၊ မတ်လမှာ အာဏာလုံးဝ သိမ်းပိုက်လိုက်တာဖြစ်တယ်” လို့လည်း ဦးသန်းစိုးနိုင်က သုံးသပ်ပါတယ်။
■ ၁၉၆၂ အာဏာသိမ်းမှုအပေါ် ဆန့်ကျင်ကန့်ကွက်မှု အခြေအနေ
၁၉၆၂ ခုနှစ်မှာ အာဏာသိမ်းခဲ့တဲ့ စစ်တပ်ဟာ အခု ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုလို လူထုဆန့်ကျင်မှုကိုပြ င်းပြင်းထန်ထန် မခံ ခဲ့ ရပါဘူး။
“လူထုဆန့်ကျင်မှုက မရှိရုံတင်မကဘူး နိုင်ငံရေးပါတီအများစုက အာဏာသိမ်းပွဲကို ထောက်ခံတယ်ဗျ၊ ပမညတ တို့လည်း ထောက်ခံကြတာပဲ၊ ဆန်ကျင်တဲ့ အင်အားစုဆိုတာက တဖွဲ့ပဲရှိတယ်၊ ကျောင်းသားသမဂ္ဂကပဲ ကန့် ကွက်တယ်၊ ကျန်တဲ့အားလုံးက ဗိုလ်နေဝင်းကို ကယ်တင်ရှင်ကြီးဆိုပြီး ဝိုင်းချီးကျူးနေကြတာ” လို့ ဦးသန်းစိုး နိုင်က အဲဒီ တုန်းက အခြေအနေ ပြောပြပါတယ်။
ပြည်သူတွေရဲ့ လူမှုစီးပွား အကျပ်အတည်း သိပ်မရှိတာ၊ ဗိုလ်ချုပ်ကြီး နေဝင်းက နိုင်ငံရေးပြဿနာတွေကိုဖြေ ရှင်း ပေးပြီး အာဏာပြန်လွှဲပေးမယ်လို့ ယုံကြည်တာကြောင့် အာဏာသိမ်းမှုကို ဆန့်ကျင်တာ နည်းခဲ့တယ်လို့ ဆိုကြ ပါတယ်။
ဒါ့အပြင် အဲဒီတုန်းက ကမ္ဘာ့အင်အားကြီး နိုင်ငံတွေကလည်း စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်တာတွေ၊ အ ရေးယူပိတ်ဆို့တာတွေ မလုပ်ခဲ့ပါဘူး။
“အဲတုန်းက အဓိက အင်အားစုတွေက ဆိုဗီယက်နဲ့ အမေရိကန်ပေါ့ဗျာ၊ ဗိုလ်နေဝင်းက ဆိုရှယ်လစ်စနစ်သွား မယ် ဆိုတော့ ဆိုဗီယက်က ကြိုက်တာပေါ့၊ ပြည်တွင်းမှာလည်း ကွန်မြူနစ်ဆန့်ကျင်ရေးတွေလုပ်တော့ အမေရိကန်က လည်း သဘောကျတာ၊ အဲတော့ အမေရိကန်ရော ဆိုဗီယက်ရော ဗိုလ်နေဝင်းအစိုးရကို ထောက်ခံခဲ့ကြတာ” လို့ ဦးသန်းစိုးနိုင်က ပြောပါတယ်။
ဒါပေမယ့် အာဏာသိမ်းမှုကို ဆန့်ကျင်ခဲ့ကြတဲ့ ကျောင်းသားသမဂ္ဂ အင်အားစုတွေကိုတော့ ဗိုလ်ချုပ်ကြီး နေဝင်းက အငြှိုးထားပြီး ဖြိုခွင်းပါတော့တယ်။
ဗိုလ်ချုပ်ကြီး နေဝင်းရဲ့ အာဏာသိမ်းမှုကို ကျောင်းသားသမဂ္ဂတွေဖြစ်တဲ့ တကသ၊ ရကသနဲ့ ဗကသ တို့က အာ ဏာသိမ်းပြီး နှစ်ရက်အကြာ မတ်လ ၄ ရက်မှာ ကန့်ကွက်ကြောင်း ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့ကြတာပါ။
ဒါ့အပြင် ကန့်ကွက်ဆန္ဒပြတဲ့ ကျောင်းသားသမဂ္ဂခေါင်းဆောင်တွေလည်းရှိခဲ့ပြီး စစ်တပ်ကတော့ အဲဒီကျောင်း သားတွေကို ဖမ်းဆီးခဲ့ပါတယ်။
အဲဒီနောက် ၁၉၆၂ ခုနှစ်၊ ဇူလိုင် ၇ ရက်မှာတော့ ကျောင်းသားတွေကို တမင်ဖိနှိပ်ဖို့ ဖွဲ့စည်းထားတဲ့ တက္ကသိုလ် ကောင်စီနဲ့ တင်းကျပ်တဲ့ အဆောင်စည်းကမ်းတွေကို ကန့်ကွက်ဆန္ဒပြတဲ့ ရန်ကုန်တက္ကသိုလ် ကျောင်းသားတွေကို ကျောင်းဝင်းထဲမှာပဲ ရက်ရက်စက်စက်ပစ်ခတ်ဖြိုခွင်းခဲ့ပါတယ်။
ဆဲဗင်းဇူလိုင် အရေးတော်ပုံလို့ လူသိများတဲ့ အဲဒီပစ်ခတ်ဖြိုခွင်းခံရမှုမှာ ကျောင်းသား ရာချီသေဆုံးခဲ့ရပြီး နောက် တရက် ဇူလိုင် ၈ ရက်နေ့၊ မနက်အစောပိုင်းမှာတော့ ရန်ကုန်တက္ကသိုလ်ဝင်းအတွင်းရှိ ကျောင်းသားသမဂ္ဂ အဆောက်အအုံကိုပါ စစ်တပ်က ဗုံးခွဲဖျက်ဆီးလိုက်ပါတယ်။
■ အာဏာရှင်စနစ်ကြီးစိုးဖို့ လမ်းစ
ဗိုလ်ချုပ်ကြီး နေဝင်း ဦးဆောင်တဲ့ အဲဒီ ၁၉၆၂ ခုနှစ် စစ်အာဏာသိမ်းမှုဟာ မြန်မာနိုင်ငံမှာ စစ်အာဏာရှင် စနစ် ကြီးစိုးဖို့ လမ်းစဖြစ်ခဲ့တယ်လို့ သုံးသပ်မှုတွေ ရှိကြပါတယ်။
“ထိုင်းတို့ ဘာတို့သိမ်းတယ်ဆိုတာက အုပ်ချုပ်ရေးကိုပဲ သိမ်းတာလေ၊ စီးပွားရေးတွေ ဖျက်ဆီးမပစ်ဘူး၊ နိုင်ငံရေး တွေ ဖျက်ဆီးမပစ်ဘူး၊ ၆၂ မှာ ဗိုလ်နေဝင်း အာဏာသိမ်းတော့ တော်လှန်ရေးကောင်စီဖွဲ့ပြီး စစ်ဗိုလ်တွေပဲ ဝန်ကြီး လုပ်တော့တာ၊ အဲဒီဟာတွေက စစ်အာဏာရှင်စနစ်ကြီးစိုးဖို့အတွက် လုံးဝအစပျိုးလိုက်တာပဲ” လို့ ဦးကြီးမြင့်က သူ့အမြင်ကို ပြောပါတယ်။
ဗိုလ်ချုပ်ကြီးနေဝင်းဟာ အာဏာသိမ်းတဲ့နေ့မှာပဲ သူကိုယ်တိုင် ဥက္ကဋ္ဌနေရာယူပြီး တခြား စစ်တပ်ထိပ်တန်း အရာ ရှိကြီး ၁၆ ဦးနဲ့ တော်လှန်ရေးကောင်စီကို ဖွဲ့စည်းခဲ့ပါတယ်။
ဒါ့အပြင် အစိုးရအဖွဲ့မှာလည်း ဗိုလ်ချုပ်ကြီးနေဝင်းက ကာကွယ်ရေးဝန်ကြီဌာန အပါအဝင် အခြားဝန်ကြီးဌာန လေးခုကို ရယူခဲ့တဲ့အပြင် နိုင်ငံခြားရေးဝန်ကြီးဌာနတခုကလွဲလို့ တခြား ဝန်ကြီးဌာနတွေမှာလည်း စစ်တပ်အရာ ရှိကြီးတွေကိုသာ ဝန်ကြီးတွေအဖြစ် ခန့်အပ်ခဲ့ပါတယ်။
အဲဒီနောက်မှာတော့ နိုင်ငံမှာရှိတဲ့ ဘယ်ယန္တရားမှာမဆို စစ်တပ်က တောက်လျှောက် ပါဝင်ပတ်သက်ခဲ့ပါတော့ တယ်။
“လက်နက်ကိုင်ထားတယ်၊ အာဏာကို ကိုင်ထားတယ်ဆိုလို့ရှိရင် တိုင်းပြည်မှာ ထင်ရာလုပ်လို့ရတယ်ဆိုတဲ့ အသိ က သူတို့မှာ ရှိနေတယ်၊ အာဏာသိမ်းပြီး တောက်လျှောက်မှာဆိုလို့ရှိရင် တော်လှန်ရေးကောင်စီလက်ထက်မှာ ဖြစ်ဖြစ်၊ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီလက်ထက်မှာဖြစ်ဖြစ် စစ်တပ်က ပုဂ္ဂိုလ်တွေပဲ အာဏာလက်ကိုင် ထား ခဲ့တာ” လို့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဒေါ်နှင်းနှင်းမွှေးက ပြောပါတယ်။
ရှစ်လေးလုံး လူထုအရေးတော်ပုံမှာ ဗကသ ကျောင်းသူအနေနဲ့ နိုင်ငံရေးလှုပ်ရှားမှုတွေမှာ ဦးဆောင်ပါဝင်ခဲ့ပြီး ထောင်အကြိမ်ကြိမ်ကျခံခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသူဟောင်းလည်းဖြစ် ဒေါ်နှင်းနှင်းမွှေးဟာ လက်ရှိ နွေဦး တော် လှန်ရေးမှာလည်း ဦးဆောင်ပါဝင်နေပါတယ်။
“သူတို့က ယူနီဖောင်းမဝတ်ဘဲ အရပ်ဝတ် ဝတ်ထားပြီးတော့ ဗိုလ်ချုပ်၊ ဗိုလ်မှူးကြီး ကနေ ဦးတို့ ကိုတို့ နာမည် ထိပ်စီးပြောင်းလိုက်တာပဲရှိတယ်၊ ဒါပေမယ့် တကယ်တမ်းသူတို့က စစ်တပ်ရဲ့ အတွေးအခေါ်နဲ့ပဲ နိုင်ငံကို လွှမ်း မိုးဖို့၊ ကြီးစိုးဖို့ ကြိုးစားခဲ့ကြတာ” လို့ လက်ရှိ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီရဲ့ တွဲဖက်အထွေထွေအတွင်း ရေးမှူးလည်းဖြစ်သူ ဒေါ်နှင်းနှင်းမွှေးက ပြောပါတယ်။
■ ၁၉၆၂ အာဏာသိမ်းပြီးနောက် အခြေအနေ
၁၉၆၂ ခုနှစ် အာဏာသိမ်းပြီးမှာ ဖွဲ့စည်းခဲ့တဲ့ တော်လှန်ရေးကောင်စီဟာ ၁၉၆၃ ခုနှစ်၊ ဖေဖော်ဝါရီနောက်ပိုင်း ကစလို့ ပုဂ္ဂလိက လုပ်ငန်းတွေအကုန်လုံးကို ပြည်သူပိုင်ဆိုပြီး သိမ်းယူပါတော့တယ်။
ဒါ့အပြင် ၁၉၆၄ ခုနှစ်၊ မေလထဲမှာလည်း အစိုးရက တရားဝင်ထုတ်ထားတဲ့ ငါးဆယ်တန်နဲ့ တရာတန်တွေကို တ ရားမဝင်တော့ဘူးလို့ တော်လှန်ရေးကောင်စီက ကြေညာပြန်ပါတယ်။
“သူဌေးတွေဆီက ပစ္စည်းတွေကို စစ်ဗိုလ်တွေကယူပြီးတော့ သူဌေးတွေ ပြန်ဖြစ်တယ်၊ ငွေထုပ်ပိုက်ထားတဲ့ သူဌေး ဆိုသူတွေလည်း နေ့ချင်းညချင်း ဆင်းရဲသွားတော့တာ” လို့ ဦးကြီးမြင့်က အဲဒီအချိန်က အဖြစ်အပျက်ကို ပြောပြ ပါတယ်။
အဲဒီနောက် ဆယ်နှစ်ခန့်အကြာ ၁၉၇၄ မှာတော့ အခြေခံဥပဒေအသစ်ကိုရေးဆွဲပြီး မြန်မာ့ဆိုရှယ်လစ်လမ်း စဉ်ပါ တီ(မဆလ)က တပါတီ အာဏာရှင်စနစ်နဲ့ ဗိုလ်ချုပ်ကြီး နေဝင်းကပဲ ဥက္ကဌလုပ် အုပ်ချုပ်ပြန်ပါတယ်။
“အဲဒီမှာမှ တကယ်ကံဆိုးမိုးမှောင်ကျတာ၊ တိုင်းပြည်ကို ဖျက်ဆီးမယ့်လူဆိုတာ ၇၄ မှာ စပေါ်တာပဲ၊ သူက ရာသက်ပန်အုပ်ချုပ်ဖို့အတွက် မဆလ ပါတီကို ထောင်ပြီးတော့ အဲမှာအုပ်ချုပ်တော့တာပဲ၊ အဲဒီ ၇၄ ကနေစပြီးတော့ တိုင်းပြည်က ပျက်တာပဲ။ ဆိုရှယ်လစ်အစစ်လည်း မဟုတ်ဘူး၊ အလိမ်ကြီး” လို့လည်း ဦးကြီးမြင့်က ပြောပါတယ်။
မဆလ အစိုးရဟာ ၁၉၈၅ခုနှစ်၊ နိုဝင်ဘာလထဲမှာတော့ တရာတန်၊ ငါးဆယ်တန်၊ နှစ်ဆယ်တန် ငွေစက္ကူတွေကို ထပ်မံဖျက်သိမ်းခဲ့အပြင် ၁၉၈၇ ခုနှစ်၊စက်တင်ဘာလထဲမှာလည်း ၂၅ ကျပ်တန်၊ ၃၅ ကျပ်တန်နဲ့ ၇၅ ကျပ်တန် ငွေစက္ကူတွေကိုပါ တရားမဝင်တော့ကြောင်း ကြေညာပြန်ပါတယ်။
အဲဒီနောက်မှာတော့ ၁၉၆၂ ခုနှစ် စစ်အာဏာသိမ်းစမှာ အရှေ့တောင်အာရှရဲ့ အချမ်းသာဆုံးနိုင်ငံအဖြစ် စာရင်းဝင် နေသေးတဲ့ မြန်မာနိုင်ငံဟာ မဆလပါတီအစိုးရလက်ထက် ၁၉၈၇ ခုနှစ်၊ ဒီဇင်ဘာလထဲမှာတော့ ကုလသမဂ္ဂရဲ့ ဖွံ့ ဖြိုးတိုးတက်မှုအနည်းဆုံးနိုင်ငံ (LDC) စာရင်းဝင်သွားခဲ့ပါတယ်။
“ကျေးလက်မှာ သမဝါယမ အဖွဲ့အစည်းတွေ ထူထောင်ပြီးတော့ လယ်သမားတွေစိုက်သမျှ သူတို့က သိမ်းယူတယ်၊ ဘက်ပေါင်းစုံပေါ့ဗျာ၊ အဲဒီထဲမှာ အဆိုးဆုံးကတော့ သူတို့ထုတ်ဝေထားတဲ့ ငွေကြေးကို နှစ်ကြိမ်တိုင်တိုင် ဖျက်သိမ်း တော့ ပြည်သူတွေ မခံမရပ်နိုင်ဖြစ်ပြီး ရှစ်လေးလုံး အရေးတော်ပုံကြီး ပေါ်ပေါက်လာတာ” လို့ ဦးသန်းစိုးနိုင်က ပြောပြပါတယ်။
ပြည်သူလူထုရဲ့ ဘက်ပေါင်းစုံအကျပ်အတည်းကို အခြေခံပြီး ပေါ်ပေါက်လာတဲ့ ရှစ်လေးလုံးအရေးတော်ပုံမှာတော့ မဆလ တပါတီအာဏာရှင်စနစ်ကို ဖြုတ်ချနိုင်ခဲ့ပါတယ်။
ဒါပေမယ့် မဆလ ပါတီပြုတ်ကျပြီး သိပ်မကြာခင် ၁၉၈၈ ခုနှစ်၊ စက်တင်ဘာ ၁၈ ရက်မှာပဲ ဗိုလ်ချုပ်စောမောင် ဦးဆောင်တဲ့ စစ်တပ်က စစ်အာဏာပြန်သိမ်းလိုက်ပါတော့တယ်။
အဲဒီနောက်မှာ လွတ်လပ်တဲ့ အထွေထွေရွေးကောက်ပွဲကို ၁၉၉၀ ပြည့်နှစ်၊ မတ်လမှာ ကျင်းပပေးခဲ့ပေမဲ့ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို အာဏာလွှဲပြောင်းမပေးခဲ့ဘဲ ဖိနှိပ်ခဲ့ပါတယ်။
အဲဒီတုန်းက စစ်အစိုးရစိတ်ကြိုက်ရွေးချယ်ထားတဲ့ သူတွေနဲ့ ဖွဲ့စည်းပုံအခြေခံဥပေဒကို ရေးဆွဲပြီး အဲဒီဥပဒေနဲ့ ၂၀၁၀ ပြည့်နှစ်မှာရွေးကောက်ပွဲကျင်းပပြီး စစ်တပ်နောက်ခံ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက အရပ်သားတပိုင်းအစိုးရ အနေနဲ့ အာဏာဆက်လက်ရယူခဲ့ပါတယ်။
■ တိုင်းပြည်အာဏာကို နှစ်ပေါင်း ငါးဆယ်ကျော် ဆုပ်ကိုင်ထားနိုင်ခဲ့တဲ့ စစ်တပ်
၁၉၆၂ မှာ အာဏာသိမ်းခဲ့တဲ့ စစ်တပ်ဟာ စစ်တပ်အသွင်ပြောင်း ဦးသိန်းစိန် အစိုးရ သက်တမ်းကုန်တဲ့ ၂၀၁၅ အထိ ပုံစံမျိုးစုံနဲ့ အာဏာချုပ်ကိုင်လာနိုင်ခဲ့ပြီး နှစ်ပေါင်း ငါးဆယ်ကျော်အတွင်း အာဏာလုံးဝ လက်လွှတ်ခဲ့ရတာ မျိုး မရှိပါဘူး။
ဒါ့အပြင် ၂၀၁၅ မှာ တက်လာတဲ့ အရပ်သား ဒီချုပ်အစိုးရလက်ထက်အထိ လွှတ်တော်ကိုယ်စားလှယ်နေရာ နှစ် ဆယ့်ငါးရာခိုင်နှုန်းကို ရယူထားနိုင်ခဲ့ပါသေးတယ်။
“စစ်တပ်က ကိုယ်တိုင် ဥပဒေပြုတယ်၊ ကိုယ်တိုင် အစိုးရအဖွဲ့ထူထောင်တယ်၊ ကိုယ်တိုင် တရားစီရင်တယ် ဆို တော့ လူထုဘက်က အဲဒါတွေနဲ့ ပတ်သက်ပြီးတော့ ဆန့်ကျင်နိုင်စရာအခွင့်အလမ်း ဘာမှမရှိဘူးပေါ့ဗျာ” လို့ ဦးသန်းစိုးနိုင်က ပြောပါတယ်။
ကြားထဲမှာတော့ ၁၉၇၄ ဦးသန့်အရေးအခင်း၊ ၁၉၇၆ မှိုင်းရာပြည့်အရေးအခင်း၊ ၁၉၈၈ လူထုအရေးတော်ပုံ၊ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးလို စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေ ပေါ်ပေါက်ခဲ့ပေမယ့် စစ်အစိုးရကို ဖြုတ်ချနိုင်တဲ့အထိတော့ အောင်မြင်မှု မရခဲ့ပါဘူး။
“အဲဒါတော့ သေနတ်ရှိတာပဲလေ၊ သေနတ်ပဲလေ၊ ရက်ရက်စက်စက် ပစ်တယ်၊ သတ်တယ်လုပ်တဲ့အခါမှာ လူတွေ က အရမ်းကြောက်သွားကြတာ” လို့ စစ်အစိုးရတွေ ပြုတ်ကျတဲ့အထိ မအောင်မြင်ရတဲ့အပေါ် ဦးကြီးမြင့်က သူ့ အမြင်ကို ပြောပါတယ်။
ဒါ့အပြင် မြန်မာစစ်တပ်ဟာ အာဏာရယူထားတဲ့ ကာလတလျှောက်လုံး သူတို့ကို တော်လှန်မယ့် နိုင်ငံရေး ခေါင်း ဆောင်တွေ၊ ကျောင်းသားခေါင်းဆောင်တွေ မပေါ်လာအောင်လည်း ကြိုးပမ်းခဲ့တယ်လို့ ဆိုကြပါတယ်။
“အောင်ဆန်းဦး ဆိုကြပါစို့၊ အောင်ဆန်းဦးကို ဗမာပြည် ဝင်ခွင့်မပေးဘူး၊ ဒေါ်ခင်ကြည် နေမကောင်းတာကိုတောင် လာကြည့်ခွင့်မပေးဘူး၊ ခေါင်းဆောင်ဖြစ်မှာစိုးလို့၊ ဒေါ်ခင်ကြည် သေတော့မှပဲ လာခွင့်ပေးတယ်၊ မလှုပ်နိုင်အောင် လုပ်ထားတာပေါ့နော်၊ ခေါင်းဆောင်မယ့်လူတွေကို မလှုပ်နိုင်အောင်လုပ်ထားတာပေါ့” လို့ ဦးကြီးမြင့်က ပြောပါ တယ်။
အလားတူပဲ ထားဝယ်ခရိုင်ဒီမိုကရေစီအရေး လှုပ်ရှားမှုသပိတ်ကော်မတီဝင် ကိုမင်းလွင်ဦးကလည်း သူတို့ တက္က သိုလ်စတက်တဲ့ ၂၀၁၂ ခုနှစ်လောက်အထိ ကျောင်းသားတွေ နိုင်ငံရေးမှာ မပါဝင်နိုင်အောင် စစ်တပ်က စနစ်တကျ ကြိုးပမ်းနေတုန်းပဲလို့ ဆိုပါတယ်။
“အဲကာလတွေဆို ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးအတွက် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးသိန်းစိန်တို့တောင် တွေ့ နေကြပြီ၊ ဒါပေမယ့် ကျောင်းအပ်ရင် နိုင်ငံရေးမှာမပါဘူးဆိုပြီး လက်မှတ်ထိုးရတုန်းပဲ၊ ကျောင်းထဲမှာလည်း သမဂ္ဂ ခွပ်ဒေါင်းအလံကို စိုက်ခွင့်မပေးသေးဘူး” လို့ ကိုမင်းလွင်ဦးက ပြောပါတယ်။
အတိုက်အခံ အင်အားစုတွေ မပေါ်လာအောင် တောက်လျှောက်ကြိုးပမ်းလာခဲ့တဲ့ စစ်တပ်ဟာ တဖက်မှာတော့ အာဏာချုပ်ကိုင်ထားနိုင်တဲ့ နှစ်ပေါင်း ငါးဆယ်ကျော်အတွင်း သူ့တို့ အဖွဲ့အစည်း ခိုင်မာဖို့အတွက် အစဉ်တစိုက် ကြိုးပမ်းတည်ဆောက်လာခဲ့တာပါ။
“ဆေးတက္ကသိုလ်မှာဆိုရင် စစ်ဆေးဆိုတာ သက်သက်ရှိတယ်၊ နောက်တခါ စစ်ဘက်ဆိုင်ရာ အင်ဂျင်နီယာဆိုတာ သက်သက်ရှိတယ်၊ ဗိုလ်လောင်းတွေအတွက် သင်ပေးတာက သက်သက်ရှိတယ်၊ နောက်ပြီး နိုင်ငံတကာတွေ အ ထိ လွှတ်ပြီးတော့ ပညာတွေ သင်ကြားပေးပြီး သူတို့က သူတို့ရဲ့ Institution ကို ခိုင်မာအောင် တည်ဆောက် ထားတာ” လို့ ဒေါ်နှင်းနှင်းမွှေးက ပြောပါတယ်။
အရပ်သားဒီမိုကရေစီအစိုးရခေတ်ဆိုပြီး စစ်ခေါင်းဆောင်တွေတဖွဖွ ပြောလေ့ရှိကြတဲ့ ၂၀၀၈ အခြေခံဥပဒေ ခေတ်အထိ စစ်တပ်ဟာ သီးခြားဥပဒေ၊သီးခြားဘတ်ဂျတ်၊သီးခြားအုပ်ချုပ်ရေး၊တရားစီရင်ရေးတွေနဲ့ ထိလို့မရ တဲ့နတ်နေကိုင်းအဖြစ်နဲ့ ရှိနေခဲ့ပါတယ်။
“သီးခြားကင်းလွတ်တဲ့ ဖွဲ့စည်းပုံတခုနဲ့ နိုင်ငံထဲမှာ တည်ရှိနေတဲ့ စစ်တပ်နိုင်ငံတော်လို့တောင် ပြောလို့ရ မယ့်အ ခြေအနေမျိုးအထိ သူတို့က တည်ဆောက်ထားနိုင်တယ်” လို့လည်း ဒေါ်နှင်းနှင်းမွှေးက ထောက်ပြ ပါတယ်။
သပိတ်ခေါင်းဆောင် ကိုမင်းလွင်ဦးကတော့ စစ်တပ်က သူ့ရဲ့ အဖွဲ့အစည်းကို ခိုင်မာတောင့်တင်းအောင် ကြိုးပမ်း ခဲ့တယ်ဆိုတာ နှစ်စဉ် ကာကွယ်ရေးအသုံးစရိတ်ကို ကြည့်ပြီးသိနိုင်တယ်လို့ ထောက်ပြပါတယ်။
ပြီးခဲ့တဲ့ ဒီချုပ်အစိုးရလက်ထက်မှာပဲ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွက် ပညာရေးအသုံးစရိတ်ဟာ ကျပ်ဘီ လီယံ ၂,၇၀၀ ကျော်သာရှိခဲ့ပေမယ် ကာကွယ်ရေးအသုံးစရိတ်ကတော့ ကျပ်ဘီလီယံ ၃,၄၀၀ ဝန်းကျင်ရှိခဲ့ ပါတယ်။
အခု ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်မှာလည်း စစ်အသုံးစရိတ်ဟာ ကျပ်ဘီလီယံ ၅,၆၀၀ ကျော်နဲ့ အမြင့်ဆုံးရောက်ရှိပြီး လာမယ့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်မှာ ပိုများနိုင်တယ်လို့ လည်း လေ့လာသူတွေက သုံးသပ်ပါတယ်။
တဖက်မှာလည်း စစ်တပ်က သူ့ရဲ့အင်အားကို တည်ဆောက်လာခဲ့သလို တော်လှန်ရေးအင်အားစုတွေဘက် က လည်း ခေတ်အဆက်ဆက် အင်အားတည်ဆောက်လာနိုင်ခဲ့တယ်လို့ ကိုမင်းလွင်ဦးက သုံးသပ်ပါတယ်။
“တချို့အဖွဲ့တွေတော့ တဖြည်းဖြည်းအားနည်းသွားတာရှိတယ်၊ ဒါပေမယ့် တော်တော်များများ အင်အားစုတွေ ကတော့ အင်အားတည်ဆောက်လာနိုင်ခဲ့တယ်၊ နွေဦးတော်လှန်ရေးမှာ သပိတ်ကနေ လက်နက်ကိုင်တော် လှန် ရေး ပြောင်းသွားတဲ့အချိန် လက်နက်ကိုင်တော်လှန်ရေးလည်း အရှိန်နဲ့တိုးတက်လာခဲ့တာဟာ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့တွေလည်း နဂိုကတည်းက အင်အားတည်ဆောက်ထားနိုင်ခဲ့လို့ပဲ” လို့ ကိုမင်းလွင်ဦးက မှတ် ချက် ပြုပါတယ်။
■ ၁၉၆၂ အာဏာသိမ်းမှုနဲ့ ၂၀၂၁ အာဏာသိမ်းမှု ဘာကွာလဲ
“၆၂ တုန်းကတော့ နိုင်ငံရေးအင်အားစုအားလုံးက ထောက်ခံတယ်၊ အခု ၂၀၂၁ မှာတော့ နိုင်ငံရေးအင်အားစု တွေ ရော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေရော အားလုံးက ဆန့်ကျင်တယ်ဗျာ။ အဲဒါက အဓိကပါပဲ” လို့ ဦးသန်းစိုးနိုင်က သုံးသပ်ပါတယ်။
ဒါ့အပြင်အာဏာသိမ်းစစ်တပ်ဟာ တနိုင်ငံလုံးအနှံ့ လက်နက်ကိုင်တော်လှန်တာ၊ ဝါဒဖြန့်ချိရေးယန္တရားမှာ ကျ ဆုံးတာ၊ ပြည်တွင်း၊ ပြည်ပရောက်မြန်မာတွေရဲ့ ငွေကြေးနဲ့ စိတ်ဓာတ်အရပံ့ပိုးတာ၊ လူငယ်တွေရဲ့ဆန်း သစ်တဲ့ နည်းပညာ၊အတွေးအခေါ်တွေနဲ့တော်လှန်မှုကိုလည်း ရင်ဆိုင်နေရတာပါ။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှာ အာဏာသိမ်းခဲ့တဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ သုံး နှစ်ကျော်အကြာ လက်ရှိအချိန်ထိ တိုင်းပြည်ကို မထိန်းချုပ်နိုင်သေးပါဘူး။
“စစ်တပ်ရဲ့ နေရာတကာမှာ လွှမ်းမိုးချုပ်ခြယ်နေတဲ့ အခြေအနေကို နှစ်ပေါင်းများစွာ ခံလာရတဲ့အချိန်မှာ ပိုပို ပြီးတော့ သိလာကြတယ်၊ အဲဒီအခြေအနေကို လက်မခံနိုင်ကြတော့ဘူး၊ ဒီမိုကရေစီ အချိန်းအပြောင်းဆိုတဲ့ ရောင် ခြည်ပျပျလေးကိုလည်း ပြည်သူတွေ မြင်ခဲ့ရတာ၊ အားလုံးကို စစ်တပ်က ရိုက်ချိုးဖျက်စီးပြီး အမှောင်ထုထဲ တွန်းပို့ မှာကို ပြည်သူလူထုက လက်မခံတော့ဘူး” လို့လည်း ဒေါ်နှင်းနှင်းမွှေးက ပြောပါတယ်။
အာဏာသိမ်းစမှာ ပြည်သူတွေရဲ့ အုံကြွဆန့်ကျင်မှုကိုသာ အဓိကခံခဲ့ရတဲ့ စစ်ကောင်စီဟာ လက်ရှိမှာတော့ ဝါရင့် တိုင်းရင်းသားတော်လှန်ရေးအင်အားစုတွေရဲ့ တော်လှန်မှုကိုပါ ခံလာနေရပါတယ်။
နိုင်ငံအနှံ့က လက်နက်ကိုင် တိုက်ပွဲတွေမှာ တပ်ရင်း၊ တပ်မတွေအလိုက် ထိခိုက်သေဆုံးတာတွေ ရှိလာနေတဲ့ မြန် မာစစ်တပ်ဟာ လက်ရှိမှာတော့ အရွယ်ရောက်တဲ့ နိုင်ငံသားတိုင်းကို စစ်တပ်ထဲဝင်ခိုင်းမယ့် ပြည်သူ့စစ်မှုထမ်း ဥပ ဒေကိုပါ ပြဋ္ဌာန်းပြီး အင်အားဖြည့်တင်းဖို့ ကြိုးပမ်းလာနေပါတယ်။
ရှမ်းမြောက်က မြို့ပေါင်း ၁၇ မြို့ခန့်အပြင် ရခိုင်၊ ချင်း၊ ကရင်နီ၊ ကရင်၊ စစ်ကိုင်းစတဲ့ ဒေသတွေမှာ မြို့ပေါင်း လေး ဆယ်ဝန်းကျင်လက်လွှတ်ဆုံးရှုံးထားတာဟာလည်း လွတ်လပ်ရေးရကာစ ရန်ကုန်အစိုးရအခြေအနေပြီးရင် အဆိုး ဆုံးလို့ပြောရမှာပါ။
လက်ရှိမြန်မာနိုင်ငံရဲအခြေအနေကိုပြောကြတဲ့အခါ လွတ်လပ်ပြီးခေတ်သမိုင်းတလျှောက်အဆိုးရွားဆုံးအခြေ အနေလို့ ပြောလေ့ရှိသလို မြန်မာစစ်တပ်ဟာလည်း နှစ်ခြောက်ဆယ်ကျော်ကြာ သူ့ရဲ့ အာဏာရှင်ကွန်ရက် ဖြိုလှဲခံရဖို့ အနီးစပ်ဆုံး အခြေအနေနဲ့ရင်ဆိုင်နေရတယ်လို့ သုံးသပ်လေ့ရှိကြပါတယ်။
စစ်တပ်ဟာ တခါမှ သမိုင်းတလျှောက် မကြုံဖူးလောက်အောင် ကျယ်ပြန့်တဲ့ဒေသတွေကတပြိုင်တည်းခုခံတော် လှန်မှုတွေ၊ ဆန့်ကျင်ပုန်ကန်သူတွေကို ရင်ဆိုင်နေရပါတယ်။
နွေဦးတော်လှန်ရေးဟာ မြန်မာစစ်အာဏာရှင်တွေကိုနေဝင်စေလိမ့်မယ်လို့ ရှုမြင်ကြသူတွေကနဦးကတည်း ကရှိခဲ့တာပါ။ အာဏာသိမ်းစစ်တပ်ဟာ လက်တွေ့မှာလည်း ရှမ်းမြောက်နဲ့ ရခိုင်လို တိုက်ပွဲတွေမှာ အရှုံးကြီး ရှုံးထားသလို တခြားဒေသတွေမှာလည်း ထိန်းချုပ်နယ်မြေတွေ နေ့စဉ်လျော့နည်းလာနေပါတယ်။
“အခုက တပြည်လုံး အုံကြွဆန့်ကျင်တယ်၊ တိုင်းရင်းသားအားလုံး အုံကြွဆန့်ကျင်တယ်၊ ဒါကြောင့်မို့ ဒါဟာ ဗမာ ပြည်မှာ စစ်အာဏာရှင်စနစ်ရဲ့ ဇာတ်သိမ်းခန်းလို့ ကောက်ချက်ချလို့ရတယ်” လို့လည်း ဦးသန်းစိုးနိုင်က သူ့ယူဆ ချက်ကို ပြောပါတယ်။