ဂါဇာမှာ ထောက်ပံ့ရေး အစီအစဉ်ကို ကြေညာရာမှာ ယူကရိန်းလို့ နှစ်ခါမှားပြောခဲ့တဲ့ ဘိုင်ဒန်

မတ် ၊ ၂

အမေရိကန်ရဲ့ ဂါဇာ ထောက်ပံ့ရေး အစီအစဉ်သစ်ကို ကြေညာချိန်မှာ သမ္မတ ဂျိုးဘိုင်ဒန်က ဂါဇာနဲ့ ယူကရိန်း နှစ်ကြိမ် မှားပြောခဲ့ပါတယ်။

 မတ်လ ၁ ရက်နေ့တုန်းက ဘိုင်ဒန်ဟာ ယူကရိန်းမှာ အမေရိကန်က ပထမဆုံး အကြိမ်အဖြစ် လူသားချင်း စာနာမှု ပစ္စည်းတွေကို လေထီးနဲ့ ကြဲချပေးဖို့ စတင် စီစဉ်နေပြီလို့ အတည်ပြု ကြေညာခဲ့ပါတယ်။ လာမယ့် ရက်ပိုင်းအတွင်း ရိက္ခာနဲ့ တခြားအထောက်အပံ့တွေ ပါရှိမယ့် အထောက်အပံ့တွေ ဂါဇာကို စတင် ပို့ဆောင်မယ်လို့ ဘိုင်ဒန်က ဆိုပါတယ်။

 အဲဒီ အကြောင်းကို ပြောကြားချိန်မှာ သူက ဂါဇာအစား ယူကရိန်းလို့ နှစ်ကြိမ်တိုင် မှားယွင်း သုံးနှုန်းခဲ့တာ ဖြစ်ပါတယ်။ အသက် ၈၁ နှစ်အရွယ် ဘိုင်ဒန်ဟာ သမ္မတ သက်တမ်းတလျှောက် အဲဒီလို စကားမှားမှုတွေ ခဏခဏ ကြုံခဲ့ဖူးပါတယ်။ နောက်ပိုင်းမှာတော့ အိမ်ဖြူတော် တာဝန်ရှိသူတွေက သမ္မတဟာ ယူကရိန်းကို ရည်ညွှန်းတာ မဟုတ်ဘဲ ဂါဇာကိုသာ ဆိုလိုတာလို့ ပြန်လည် ဖြေရှင်းခဲ့ရပါတယ်။

 အခုနှစ်ကုန်ပိုင်းမှာ ရွေးကောက်ပွဲ တကျော့ပြန် ယှဉ်ပြိုင်ဦးမယ့် ဘိုင်ဒန်နဲ့ ပတ်သက်လို့ သူ့ရဲ့ အသက်အရွယ် ကြီးရင့်မှုဟာ အမေရိကန် ပြည်သူတွေကြားမှာ အဓိက အစိုးရိမ်ဆုံး အကြောင်းအရာတခု ဖြစ်နေခဲ့ပါတယ်။

 ဘိုင်ဒန်ရဲ့ ကြေညာချက်ထဲမှာတော့ လောလောဆယ် ဂါဇာကို ပေးပို့နေတဲ့ ထောက်ပံ့ရေး ပစ္စည်းတွေ ပမာဏဟာ လုံလောက်မှု မရှိဘူးလို့ ဖော်ပြထားပါတယ်။ ဂါဇာကို ထောက်ပံ့ရေး ပစ္စည်းတွေ ပို့ဆောင်နေတဲ့ ထရပ်ကားကြီးတွေဟာ ဆယ်ဂဏန်း မပြည့်တဲ့ အရေအတွက်မျိုး မဟုတ်ဘဲ ရာနဲ့ချီ များပြားဖို့ လိုကြောင်းလည်း သူက ဆိုပါတယ်။

 ဂါဇာမှာ ထောက်ပံ့ရေး ယာဉ်တန်းနား အစ္စရေးရဲ့ ခြောက်လှန့် ပစ်ခတ်မှုကြောင့် ဝရုန်းသုန်းကားဖြစ်ပြီး ပါလက်စတိုင်း ၁၁၅ ဦးထက်မနည်း သေဆုံးခဲ့တဲ့ ကိစ္စအပြီး နောက်တနေ့မှာ ဘိုင်ဒန်က ထောက်ပံ့ရေး ပစ္စည်းတွေ လေထီးနဲ့ ကြဲချမယ့် အစီအစဉ်ကို ကြေညာခဲ့တာ ဖြစ်ပါတယ်။

 အစ္စရေးကတော့ ထောက်ပံ့ရေး ယာဉ်တန်းကို ဝန်းရံချဉ်းကပ်သူတွေ အရမ်းများလာပြီး ရုန်းရင်းဆန်ခတ်တွေ ဖြစ်လာနိုင်တာကြောင့် ခြောက်လှန့် ပစ်ခတ်ခဲ့ရုံသာ ဖြစ်တယ်လို့ ဖြေရှင်းထားပေမယ့် လူတွေ အစုလိုက် သေဆုံးခဲ့တဲ့ အဲဒီကိစ္စကို ထိထိရောက်ရောက် စုံစမ်းပေးဖို့ နိုင်ငံတကာ တောင်းဆိုမှုတွေလည်း တရိပ်ရိပ် တိုးပွားလာခဲ့ပါတယ်။

Ref: Sky