မြန်မာ့ ဒီမိုကရေစီ တိုက်ပွဲအတွက် အမေရိကန် အားဖြည့်ပေးရတော့မယ့် အချိန်

မတ် ၊ ၂

လွန်ခဲ့တဲ့ ၃ နှစ်ကျော်လောက်က မြန်မာစစ်တပ်ဟာ ရုတ်တရက် အာဏာသိမ်းလိုက်ပါတယ်။ အဲဒီလိုနဲ့ပဲ ကန့်သတ်မှု တချို့နဲ့ စမ်းသပ် ဖော်ဆောင်ခဲ့တဲ့ ဒီမိုကရေစီ စနစ်ရော၊ အရပ်သား အစိုးရပါ အဆုံးသတ်သွားပါတယ်။ မြန်မာနိုင်ငံဟာ ကြမ်းကြုတ် ရက်စက်ပြီး ဖိနှိပ်ချုပ်ခြယ်တဲ့ စစ်အာဏာရှင် ကြီးစိုးမှုခေတ်ဆီ တကျော့ပြန် ဦးတည်သွားပါတော့တယ်။ တချိန်တည်းမှာပဲ အဲဒီ အာဏာသိမ်းမှုဟာ သမိုင်းတလျှောက် မကြုံစဖူး ထူးထူးကဲကဲ စိတ်အားထက်သန်တဲ့၊ အရှိန်အဟုန် ပြင်းထန်တဲ့ တော်လှန်ရေး လှုပ်ရှားမှုမျိုးကို လှုံ့ဆော်မိပြီးသား ဖြစ်သွားပါတယ်။ ပြီးတော့ မြန်မာနိုင်ငံရဲ့ လူများစု ဗမာ တိုင်းရင်းသားတွေကို နှစ်ရှည်လများ ရုန်းကန်ရင်း ဆယ်စုနှစ်တွေနဲ့ချီ တိုက်ပွဲဆင်နွှဲနေခဲ့တဲ့ တိုင်းရင်းသားတွေနဲ့ တသားတည်း ပေါင်းစည်းသွားစေခဲ့ပါတော့တယ်။

 

၂၀၁၀ ပြည့်နှစ် မတိုင်ခင်ထိ မြန်မာနိုင်ငံဟာ စစ်အာဏာရှင်ရဲ့ မြဲမြံလှတဲ့ လက်တွေကြားမှာ မလူးသာ မလွန့်သာ ရှိနေခဲ့ရတယ်။ ညံ့ဖျင်းတဲ့ စီးပွားရေး မူ​ဝါဒတွေ၊ ဆိုးရွားလှတဲ့ အဂတိ လိုက်စားမှုတွေက ၁၉၄၈ ခုနှစ်မှာ လွတ်လပ်ရေး ရခဲ့ပြီးနောက်ပိုင်း အာရှတိုက်ရဲ့ အချမ်းသာဆုံး စာရင်းဝင် ဖြစ်ခဲ့ဖူးတဲ့ မြန်မာနိုင်ငံကို အထီးအကျန်ဆုံး၊ ဆင်းရဲတွင်း အနက်ဆုံး နိုင်ငံတွေ စာရင်းထဲထိ ဆွဲချသွားခဲ့ပါတယ်။

 

၂၀၁၁ ကနေ ၂၀၂၁ ခုနှစ်ထိ အတောအတွင်းကတော့ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုကို အကန့်အသတ်နဲ့ ပုံဖော်ခဲ့တဲ့ ကာလတွေလို့ ဆိုရမှာပါ။ အဲဒီနှစ်တွေမှာ မြန်မာနိုင်ငံဟာ ကုန်သွယ်ရေး ကဏ္ဍမှာ ပွင့်လင်းမှုတွေ ရှိလာသလို ခေတ်မီ ဆက်သွယ်ရေး နည်းပညာတွေနဲ့ ထိတွေ့ခွင့် ရလာတယ်။ နိုင်ငံလူဦးရေရဲ့ ၂၀ ရာခိုင်နှုန်းလောက် ထပ်တိုးပြီး လျှပ်စစ်မီး ရလာကြတယ်။ နိုင်ငံရဲ့ နှစ်အလိုက် စီးပွားရေး တိုးတက်မှု နှုန်းကလည်း ၅ ရာခိုင်နှုန်း၊ ၆ ရာခိုင်နှုန်းလောက် တက်ရိပ်ပြလာပြီး ကလေးတွေ သေဆုံးမှုနှုန်းနဲ့ အာဟာရ ချို့တဲ့မှုတွေလည်း လျော့ပါးလာတယ်။ နိုင်ငံသား တဦးချင်း ပျမ်းမျှဝင်ငွေကလည်း ၅၀ ရာခိုင်နှုန်းလောက် တိုးလာပါတယ်။ တဖက်မှာတော့ စစ်တပ်က ဆက်ပြီး ထင်တိုင်းကြဲနေတဲ့ လုပ်ရပ်တွေကနေ ပြစ်ဒဏ် ကင်းလွတ်ခွင့် ရနေတယ်။ ရွာတွေကို မီးရှို့တယ်။ ဗုံးကြဲတယ်။ လူသတ်မှု၊ မုဒိမ်းမှု၊ မီးရှို့မှု၊ ညှင်းပန်းနှိပ်စက်မှုတွေကို ဆက်လက် ကျူးလွန်နေရင်း ရိုဟင်ဂျာတွေနဲ့ လူနည်းစု တိုင်းရင်းသားတွေ နေရပ်စွန့်ခွာရအောင် အဓမ္မ ဖိအားပေးတာတွေ ရှိနေဆဲပါပဲ။

 

ကိုဗစ်ရော၊ အာဏာသိမ်းမှုကိုပါ ဆက်တိုက် ကြုံရတဲ့နောက် နိုင်ငံ စီးပွားရေး တိုးတက်မှုဟာ နောက်ကြောင်းပြန်လှည့်သွားတယ်။ ပဋိပက္ခတွေကလည်း အရှိန်မြင့်လာတယ်။ စစ်တပ်ရဲ့ လက်ချက်ကြောင့် အရပ်သားပြည်သူ ထောင်နဲ့ချီ သေဆုံးပြီး စစ်ရှောင်ဦးရေက ခန့်မှန်းခြေ ၂ သန်းခွဲလောက်ထိ များပြားလာတယ်။

 

စီးပွားရေး ဆုတ်ယုတ်မှုကြောင့် နိုင်ငံဝင်ငွေဟာ ၂၀၁၉ မတိုင်ခင် အဆင့်ဆီ နောက်ကြောင်းပြန်လှည့်သွားတယ်။ ကုန်သွယ်ရေး၊ စက်မှုလုပ်ငန်း၊ စီးပွားရေး လုပ်ငန်းတွေဟာ လမ်းပန်းဆက်သွယ်ရေး မကြာခဏ နှောင့်နှေးတာတွေ၊ တကျော့ပြန် ဆိုးရွားလာတဲ့ လျှပ်စစ်မီး ပြတ်တောက်မှုတွေကြောင့် အကြီးအကျယ် အထိနာလာတယ်။ ကုန်စျေးနှုန်း မြင့်တက်မှုကြောင့် ကျန်းမာရေးနဲ့ သင့်တော်တဲ့ စားနပ်ရိက္ခာ စျေးတွေက နှစ်ဆ ခုန်တက်သွားတယ်။ အိမ်ထောင်စုတွေရဲ့ စားဝတ်နေရေးက ပိုကျပ်တည်းလာတယ်။ နှစ်စဉ် ပညာရေးနဲ့ ကျန်းမာရေးဆိုင်ရာ အသုံးစရိတ်တွေဟာ ၂၀၂၀ ပြည့်နှစ်မှာ GDPရဲ့ ၄ ရာခိုင်နှုန်း ရှိခဲ့ရာက ၂၀၂၃ မှာ ၂ ရာခိုင်နှုန်းအောက်ထိ ထိုးဆင်းသွားပါတယ်။ စစ်တပ်နဲ့ စစ်တပ် ဆက်စပ်လုပ်ငန်းတွေ လက်ဝါးကြီး အုပ်ထားသမျှရဲ့ အဖျားအနားလေး လောက်ကိုသာ အဲဒီကဏ္ဍတွေမှာ သုံးစွဲခဲ့တဲ့ သဘောပါပဲ။

 

စစ်အာဏာရှင်တွေမို့ စီးပွားရေး မျက်နှာစာမှာ မလုပ်တတ် မကိုင်တတ်နဲ့ ကျရှုံးတယ် ဆိုတာက နည်းနည်း လူကြားကောင်းပါသေးတယ်။ ပိုပြီး အံ့ဩစရာ ကောင်းတာက ၂၀၂၃ နောက်ပိုင်း စစ်တပ်ဟာ တော်လှန်ရေး အင်အားစုတွေကို ခွက်ခွက်လန် ရှုံးပွဲတွေ တွေ့လာတယ်။ တပ်ထဲမှာ အသေအပျောက်နဲ့ ပြုန်းတီးမှုက အရမ်းများနေပြီး စိတ်ဓာတ်တွေက ကျနေတယ်။ အလွယ်တကူ လက်နက်ချလိုက်တဲ့ စစ်သားတွေ၊ အလင်းဝင်ပြီး ပြည်သူ့ရင်ခွင် ခိုလှုံသူတွေ တရိပ်ရိပ် တိုးလာတယ်။ ဒီအခြေအနေမှာ သွေးရူးသွေးတမ်း တုံ့ပြန်မှုအဖြစ် စစ်အာဏာရှင်တွေဟာ အရင်တုန်းက ပြဋ္ဌာန်းထားပေမယ့် အသက်မသွင်းခဲ့တဲ့ စစ်မှုထမ်း ဥပဒေဟောင်းကြီးကို ဆွဲထုတ်လာတယ်။ အမျိုးသား၊ အမျိုးသမီးတွေကို သူတို့အတွက် စစ်မှုထမ်းပြီး တိုက်ခိုက်ပေးရမယ်ဆိုတဲ့ အကြံအစည်နဲ့ပါ။ အကျိုးဆက်ကတော့ လက်ရှိ အချိန်ထိ မြန်မာ လူငယ် အမြောက်အမြားဟာ ပြည်ပကို ထွက်ပြေးတာ၊ တော်လှန်ရေး အင်အားစုတွေနဲ့ သွားရောက် ပေါင်းစည်းတာတွေကိုပဲ မြင်နေရပါတယ်။

 

လတ်တလော စစ်ရေး အောင်မြင်မှုတွေက နှစ်ရှည်လများ တည်တံ့ခဲ့ပြီး သီးခြား ရပ်တည်ခဲ့တဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေကြား ပိုမိုခိုင်မာ အားကောင်းတဲ့ မဟာမိတ် ဆက်ဆံရေးမျိုးတွေ ပေါ်ထွန်းလာစေတယ်။ ပြီးတော့ အာဏာသိမ်းမှု နောက်ပိုင်းမှာ ပေါ်ထွန်းလာတဲ့ အမျိုးသား ညီညွတ်ရေး အစိုးရ (NUG)၊ NUGရဲ့ လက်အောက်ခံ ပြည်သူ့ ကာကွယ်ရေး တပ်မတော် (PDF)တို့နဲ့ လက်တွဲ လုပ်ဆောင်မှုတွေလည်း ပိုမို ကောင်းမွန်လာတယ်။ အဲဒီ အလှည့်အပြောင်းတွေကပဲ မြန်မာအပေါ် ကာလရှည်ကြာ ဩဇာလွှမ်းမိုးထားတဲ့ တရုတ်ရဲ့ အတွေးအမြင် တချို့ကိုလည်း ပြောင်းလဲလာစေဟန် ရှိပါတယ်။

 

အဲဒီ အပြောင်းအလဲက အရေးကြီးလာနိုင်ပါတယ်။ တရုတ်က အမျိုးသား အကျိုးစီးပွားနဲ့ ပထဝီနိုင်ငံရေး ရှုထောင့်တွေအရ မြန်မာ့ ပြည်တွင်းရေးကို တည်ငြိမ်စေချင်တယ်။ အထူးသဖြင့် မြန်မာနိုင်ငံကို ဖြတ်သန်းသွားပြီး ဘင်္ဂလား ပင်လယ်အော်ဆီ ဆက်သွယ်ထားတဲ့ သယ်ယူပို့ဆောင်ရေး စင်္ကြံ နယ်မြေတွေကို အထိအခိုက် မရှိစေချင်ဘူး။ နိုင်ငံရဲ့ တည်ငြိမ် အေးချမ်းမှုကို ပြန်လည် ဆောင်ကြဉ်းပေးပါ့မယ်ဆိုတဲ့ အခြေခံ အကျဆုံး ကတိကိုတောင် မတည်နိုင်တဲ့အခါ တရုတ်ဟာ တော်လှန်ရေး အင်အားစုတွေဖက်က အောင်ပွဲရမှုကို အားပေးရမလား ဆိုတာမျိုး စဉ်းစားလာနိုင်မလားလို့ သံသယ အတွေးပွားသူတွေ အများအပြား ရှိလာတယ်။ အခြေအနေတွေ ပြန်လည် ငြိမ်သက်သွားအောင် စစ်တပ်က အလျှော့ပေး ဆွေးနွေးတဲ့ အဆင့်မျိုး ရောက်လာအောင် ဖိအားပေးတာမျိုးတွေကို ဆိုလိုတာပါ။

 

ဒီအခြေအနေတွေမှာ အမေရိကန်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒတွေကို ဘယ်လို အဓိပ္ပါယ် သက်ရောက်လာစေမလဲ။ အမေရိကန် အနေနဲ့ကရော မြန်မာ့ ဒီမိုကရေစီ ရုန်းကန်မှုမှာ ဘာတွေ ကူညီပေးနိုင်မလဲ။

 

သတင်းကောင်းကတော့ ဘားမားအက် ဥပဒေကို ၂၀၂၂ ခုနှစ်မှာ ဥပဒေအဖြစ် အသက်ဝင်အောင် လက်မှတ်ရေးထိုး အတည်ပြုနိုင်ခဲ့ခြင်းပါပဲ။ အဲဒီကနေတဆင့် ကျယ်ကျယ်ပြန့်ပြန့် ဆက်လုပ်လို့ ရတာတွေ အများကြီးကို လမ်းဖွင့်ပေးထားပါတယ်။ ဘားမားအက်ဟာ ၂၀၂၇ ထိ အတောအတွင်း မြန်မာစစ်တပ်ရဲ့ ကြမ်းကြုတ် ရက်စက်မှုတွေကို အရေးယူဖို့၊ ထိထိရောက်ရောက် တုံ့ပြန်ဖို့ အခွင့်အာဏာ အပ်နှင်းထားသလို ဒီမိုကရေစီအတွက် ရုန်းကန် လှုပ်ရှားနေတဲ့ တော်လှန်ရေး အင်အားစုတွေကိုလည်း အထောက်အပံ့တွေ ပေးအပ်နိုင်ပါတယ်။

 

ပြဿနာ တက်နေတဲ့ ကိစ္စကတော့ ဘားမားအက်နဲ့ ပတ်သက်ပြီး ပေးထားသလောက် ကတိတွေကို လက်တွေ့ အကောင်အထည် မဖော်နိုင်သေးတာပါပဲ။ အခုတော့ တော်လှန်ရေး အင်အားစုတွေက ဆက်တိုက် အောင်ပွဲတွေ ဆင်နေပါပြီ။ အမေရိကန်ကလည်း ကိုယ်တာဝန်ယူနိုင်တဲ့ အပိုင်းတွေမှာ ပိုပြီး အားထုတ်ရတော့မယ့် အချိန်ပါပဲ။

 

ပထမဆုံးအဖြစ် မြန်မာ့အရေးနဲ့ ပတ်သက်လို့ တရုတ်နဲ့ ဆွေးနွေးမှုတွေကို အမေရိကန်က မြှင့်တင်သင့်ပါတယ်။ ပြောရမယ်ဆိုရင် မြန်မာနိုင်ငံအတွက် အမေရိကန်က မျှော်လင့်တာနဲ့ ဘုံသဘောထား တူညီတဲ့ ကိစ္စမျိုးမှာ တရုတ်က ကူညီဖို့ အခွင့်အလမ်းမျိုး ရှိနေဆဲ ဖြစ်ပါတယ်။ အရင်တုန်းက အမေရိကန်သာ လိုလားခဲ့တယ်ဆိုတဲ့ အခြေအနေမျိုးက အခုအခါ တရုတ်အတွက်လည်း အဆင်ပြေချင် ပြေနေနိုင်ပါတယ်။ ဒါပေမဲ့ တရုတ်ကသာ စစ်တပ်ကို လုပ်ချင်တာ လုပ်ခွင့်ပေးပြီး ဆက်လွှတ်ထားပေးမယ် ဆိုရင်တော့ မြန်မာ ပြည်သူတွေအတွက် ဘယ်လိုမှ ကောင်းကျိုး ရှိမလာနိုင်ပါဘူး။ အမေရိကန်ကတော့ ဒါမျိုး လက်လွတ်စပယ် မလုပ်သင့်သလို ပြည်သူတွေကိုလည်း မထိခိုက်စေသင့်ပါဘူး။

 

ဒုတိယ အနေနဲ့ အမေရိကန်ဟာ ဘားမားအက်ရဲ့ ပြဋ္ဌာန်းချက်တွေမှာ ခွင့်ပြုပေးထားသမျှ အကူအညီ မှန်သမျှ ပုံအောပြီး ထောက်ပံ့သင့်ပါတယ်။ အာဏာသိမ်းမှု အပြီးမှာ အမေရိကန်ဟာ မြန်မာအတွက် လူသားချင်း စာနာမှု အကူအညီတွေသာ စဉ်ဆက်မပြတ် ထောက်ပံ့နေပေမယ့် ဒီမိုကရေစီကို ပျိုးထောင်ပေးဖို့ ကူညီတဲ့ အပိုင်းမှာ ပိုအားထည့်သင့်တယ်။ ဒီမိုကရေစီအတွက် တိုက်ပွဲဝင်နေတဲ့ အင်အားစုတွေကို စစ်လက်နက်တွေ မကူညီချင်ဘူး ဆိုရင်တောင်မှ ကျည်ကာတွေ၊ ဒရုန်းတွေ၊ ဆေးဝါး အထောက်အပံ့တွေ ပေးအပ်လို့ ရပါတယ်။ ယူကရိန်းနဲ့ တခြား ဖြစ်သင့်ဖြစ်ထိုက်တဲ့ နိုင်ငံတွေမှာလည်း အမေရိကန်က ဒါမျိုး အကူအညီတွေ ပေးနေပြီးသားပါ။

 

တတိယ အရေးကြီးတာကတော့ အနာဂတ် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းလာရေးအတွက် အမေရိကန်ဟာ မြန်မာကို ကူညီနေမှုတွေ အစွမ်းကုန် မြှင့်တင်ဖို့ပါပဲ။ အဲဒီ လုပ်ငန်းစဉ်ကိုတော့ အကောင်အထည် ဖော်နေပုံ ပေါ်ပါတယ်။ ဒါပေမဲ့ NUGနဲ့ တိုင်းရင်းသား တော်လှန်ရေး အင်အားစုတွေကို ငွေကြေးနဲ့ နည်းပညာပိုင်း ထောက်ပံ့မှုတွေ အရှိန်မြှင့်ပေးပြီး ၂၀၁၁ ကနေ ၂၀၂၁ ခုနှစ် အတောအတွင်း ဒီမိုကရေစီ ဖော်ဆောင်ရေး ကဏ္ဍမှာ ရှိခဲ့တဲ့ အပြစ်အနာအဆာတွေကိုလည်း သင်ခန်းစာယူ ဖာထေးပေးဖို့ လိုပါတယ်။ အရေးအကြီးဆုံး ကိစ္စတခုကတော့ စစ်တပ်ဆိုတာ အစိုးရ အမိန့်ကို နာခံတဲ့ အဖွဲ့အစည်း ဖြစ်သွားဖို့ပါပဲ။ ပြီးတော့ ရိုဟင်ဂျာတွေ အပါအဝင် နိုင်ငံသား အခွင့်အရေး ဆုံးရှုံးနေသူတွေကိုလည်း မျက်နှာမူရင်း ဖက်ဒရယ်စနစ်ကို အားပေးပြီး လက်တွေ့ အလုပ်ဖြစ်တဲ့ စနစ်တခုလည်း ထွန်းကားလာရပါလိမ့်မယ်။

 

မြန်မာ ပြည်သူတွေဟာ ဒီမိုကရေစီအတွက် တိုက်ပွဲဝင်ရာမှာ အံ့ဩစရာ အရှိန်အဟုန်ကောင်းတွေကို ပြသနေပါတယ်။ အမေရိကန်ဟာ သူတို့ကို ပိုပြီး ကူညီနိုင်စွမ်း ရှိသလို ကူလည်း ကူညီရပါမယ်။

 

(The Hill၏ Now is the time to help Myanmar win its battle for democracy ဆောင်းပါးကို DNAက ဘာသာပြန်ဆိုသည်)