ပုဏ္ဏားကျွန်းကို စစ်ကူလာတဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး သံချပ်ကာနှစ်စီးလည်း ပျက်စီး

မတ်၊ ၁
စစ်ကောင်စီ လက်လွှတ်ရဖို့ နီးစပ်နေပြီး တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ပုဏ္ဏားကျွန်းဘက်ကို စစ်တွေမြို့ကနေ စစ်ကူလာတဲ့ စစ်ကောင်စီတပ်ကို ဖေဖော်ဝါရီ ၂၈ ရက်နေ့လယ်ပိုင်းက တိုက်ခိုက်ဟန့်တားနိုင်ခဲ့ပြီး သံချပ်ကာကား နှစ်စီးကိုပါ ဖျက်ဆီးနိုင်ခဲ့တယ်လို့ ရခိုင့်တပ်တော် AA က ထုတ်ပြန်အသိပေးပါတယ်။
 
အဲဒီတိုက်ပွဲအခြေအနေ အသေးစိတ်ကို မသိရသေးပေမယ့် ရခိုင့်တပ်တော်ဘက်က ဒီကနေ့ ထုတ်ပြန်လာတဲ့ ရုပ်သံဖိုင်တခုအတွင်း တစီးလုံး အကြီးအကျယ်မီးလောင်နေပြီး ထိခိုက်ပျက်စီးနေတဲ့ သံချပ်ကာကားတစီးကို တွေ့ရပါတယ်။
 
စစ်ကောင်စီရဲ့ စစ်ကူစစ်ကြောင်းကို စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့ကြား အမြင့်ကျွန်းတံတား (မင်းချောင်းတံတား)ထိပ်မှာ မနေ့ကနေ့လယ် နှစ်နာရီခွဲလောက်က တိုက်ခိုက်ဟန့်တားနိုင်ခဲ့တာလို့ AA ကဖော်ပြထားပါတယ်။
 
တိုက်ပွဲအတွင်း နှစ်ဖက် ထိခိုက်သေဆုံးမှု အခြေအနေတွေကိုတော့ ဖော်ပြထားခြင်း မရှိသေးပါဘူး။
 
ပုဏ္ဏားကျွန်းမြို့နယ်တခုလုံးအတွင်း စစ်ကောင်စီရဲ့ နောက်ဆုံးလက်ကျန်တပ်ဖြစ်တဲ့ မြို့အခြေစိုက် ခမရ (၅၅၀) တပ်ရင်းကို ရက္ခိုင့်တပ်တော် (AA) က ပြီးခဲ့တဲ့ တပတ်လောက်ကစ ထိုးစစ်ဆင်နေတာကြောင့် တိုက်ပွဲပြင်းထန်နေတာပါ။
 
စစ်ကောင်စီက လေကြောင်း၊ လက်နက်ကြီး ပစ်ကူတွေသုံးပြီး ခုခံနေပေမယ့် ခမရ (၅၅၀) ကိုသိမ်းပိုက်နိုင်ဖို့ လက်တကမ်းအလိုရောက်နေပြီလို့ ရခိုင့်တပ်တော် AA က မနေ့ည စစ်ရေးသတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
 
ပုဏ္ဏားကျွန်းမြို့ဟာ ပြည်နယ်အုပ်ချုပ်ရေးရုံးစိုက်ရာ မြို့တော်စစ်တွေနဲ့ မိုင်နှစ်ဆယ်ဝန်းကျင်သာ ဝေးပြီး စစ်ကောင်စီအနေနဲ့ ပုဏ္ဏားကျွန်းကိုပါ လက်လွှတ်ရမယ်ဆိုရင် စစ်တွေကနေ ကုန်းလမ်းထွက်ပေါက် လုံးဝပိတ်ဆို့သွားမယ့် အခြေအနေ ဖြစ်ပါတယ်။
 
လက်ရှိမှာလည်း ပုဏ္ဏားကျွန်းနဲ့ စစ်တွေမြို့ကြားက အရေးပါတဲ့ တံတားတစင်း ဖောက်ခွဲဖျက်ဆီးခံထားရတာကြောင့် စစ်တွေဘက်ကနေ ကုန်လမ်းခရီး ထွက်ပေါက်အတွက် ခက်ခဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
 
ဓာတ်ပုံ – AA Info Desk