မန္တလေးတိုင်း ဒီချုပ်ပါတီ အတွင်းရေးမှူး ဦးတင်ကိုကို လွတ်ရက်စေ့လို့ ပြန်လွတ်လာ

မတ်၊ ၁
 
အာဏာသိမ်းတဲ့နေ့ မနက်ပိုင်းကတည်းက ဖမ်းဆီးခံထားရတဲ့ မန္တလေးတိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ် အတွင်းရေးမှူး ဦးတင်ကိုကို ဟာ ဒီကနေ့မနက်က လွတ်ရက်စေ့တာကြောင့် မန္တလေးဗဟိုအကျဉ်းထောင် (အိုးဘို)ကနေ ပြန်လွတ်လာတယ်လို့ ပါတီနဲ့ နီးစပ်သူတဦးက DNA ကို အတည်ပြုပြောပါတယ်။
 
“ လွတ်ရက်စေ့တာပါ၊ ကျန်းမာရေးလည်း ကောင်းပါတယ်၊ လွတ်လာတဲ့အတွက်လည်း ၀မ်းသာတယ်၊ ကျန်နေသေးတဲ့ သူတွေကိုလည်း အမြန်ဆုံးလွတ်စေချင်တယ် ” လို့ သူကဆိုပါတယ်။
 
အသက် ၅၀ ကျော်အရွယ် ဦးတင်ကိုကိုဟာ စစ်တပ်က အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် မနက်ပိုင်းက တည်းက ၆၂ လမ်း ၃၃ လမ်းနဲ့ ၃၄ လမ်းကြားရှိ မန္တလေးတိုင်း NLD ပါတီရုံးကနေ ဖမ်းဆီးခေါ်ဆောင်ခြင်း ခံခဲ့ရတာဖြစ်ပြီး
စစ်ကောင်စီက သူ့ကို သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ ဥပဒေပုဒ်မ ၂၅ ၊ ၃၀(က) အမှု နှစ်မှုနဲ့ တရားစွဲဆိုခဲ့ပါတယ်။
 
ဒီချုပ်အစိုးရလက်ထက် မန္တလေးကျုံးဘေးမှာ ပြုလုပ်ခဲ့တဲ့ ကိုဗစ်ကပ်ရောဂါကာကွယ်ရေး အသိပညာပေး ဆွေးနွေးပွဲတခုနဲ့ ၂၀၂၀ ပြည့်နှစ် နို၀င်ဘာလ ၈ ရက် ရွေးကောက်ပွဲနေ့ ညပိုင်း ချမ်းအေးသာစံမြို့နယ်က မန္တလေးတိုင်း ဒီချုပ်ပါတီရုံးရှေ့ အောင်ပွဲခံ အခမ်းအနားကြောင့် လူစုလူဝေး ဖြစ်စေခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ တိုင်းအစိုးရ အဖွဲ့ဝင်တွေနဲ့အတူ သူ့ကို ပုဒ်မနှစ်ခုတပ် တရားစွဲဆိုခဲ့တာပါ။
 
“ သူဖမ်းခံရချိန်ကလည်း ၀န်ကြီးချုပ် (ဒေါက်တာဇော်မြင့်မောင်) ၀န်ကြီးတွေနဲ့ အတူတူပါပဲ ” လို့ အထက်ပါ နီးစပ်သူက ပြောပါတယ်။
 
စစ်ကောင်စီက ဦးတင်ကိုကို ကို ၂၀၂၁ ဒီဇင်ဘာလအတွင်း ထောင်ဒဏ်နှစ်နှစ် စတင်ချမှတ်ခဲ့သလို ၂၀၂၂ ခုနှစ် စက်တင်ဘာလ အတွင်းမှာလည်း နောက်ထပ်ထောင်ဒဏ်နှစ်နှစ် ထပ်မံချမှတ်ခဲ့ပြီး ကြားကာလအတွင်း လျှော့ရက်ရထားတာတွေရှိတာကြောင့် ဒီကနေ့ လွတ်ရက်စေ့ပြီး ပြန်လွတ်လာတာလို့ သိရပါတယ်။
 
ဦးတင်ကိုကိုဟာ ပြီးခဲ့တဲ့ ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲမှာ မန္တလေးတိုင်းပါတီ အောင်နိုင်ရေးအဖွဲ့ ခေါင်းဆောင်အဖြစ်လည်း တာ၀န်ယူခဲ့သူဖြစ်ပါတယ်။
 
စစ်ကောင်စီ ဖမ်းဆီးထားတဲ့ မန္တလေးတိုင်းက ထင်ရှားတဲ့ ဒီချုပ်ပါတီ၀င် ဒေါ်၀င်းမြမြ၊ မန္တလေးတိုင်း အစိုးရအဖွဲ့က မြို့တော်၀န် ဒေါက်တာရဲလွင်နဲ့ စည်ပင်ကော်မတီ၀င် ဦးကျော်ဇေယျ တို့ကတော့ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်အတွင်းမှာ ပြန်လည်လွတ်မြောက်ခဲ့ကြပါတယ်။
 
ဒါပေမယ့် မန္တလေးတိုင်း ၀န်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် နဲ့ တိုင်းအစိုးရအဖွဲ့၀င်တချို့အပါအ၀င် ဒီချုပ်ပါတီ နာယက ဦး၀င်းထိန်၊ ပါတီ၀င် ရှေ့နေ ဒေါ်ရွက်နုအောင် နဲ့ ပါတီခေါင်းဆောင်တချို့လည်း အိုးဘိုထောင်မှာ ဆက်လက်ဖမ်းဆီးခံနေရဆဲ ဖြစ်ပါတယ်။
 
မန္တလေးအိုးဘိုထောင်မှာ ဦးတင်ကိုကို အပါအ၀င် ဒေါက်တာဇော်မြင့်မောင်၊ ဦး၀င်းထိန်နဲ့ အခြားပါတီထိပ်ပိုင်းခေါင်းဆောင်တွေကို တခြားအကျဉ်းသားတွေနဲ့ ရောနှောမထားဘဲ သီးသန့်ခွဲထားတယ်လို့ အထက်ပါ နီးစပ်သူက ပြောပါတယ်။
 
အာဏာသိမ်းပြီးနောက် ဒီချုပ်ပါတီလွှတ်တော်ကိုယ်စားလှယ် ၁၄၄ ဦးအပါအဝင် ပါတီဝင် ၁၉၀၅ ဦးကို စစ်ကောင်စီက ဖမ်းဆီးထားတယ်လို့ NLD ပါတီက အခုလ ဖေဖော်ဝါရီ ၉ ရက်မှာ ထုတ်ပြန်ထားပါတယ်။
 
ဓာတ်ပုံ – Social Media