AA ကြောင့် စစ်ရှုံးထွက်ပြေးလာတဲ့ စစ်သားခြောက်ဆယ်ဝန်းကျင်ကို ချင်းတပ်ဖွဲ့တွေ အရှင်မိ၊ တပ်ရင်းမှူးအပါအဝင် အရာရှိတချို့သေ

မတ်၊ ၁
 
ရခိုင့်တပ်တော် AA နဲ့ တိုက်ပွဲတွေမှာ စစ်ရှုံးပြီး ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို စစ်ဆင်ရေးတရပ်အနေနဲ့ လိုက်လံတိုက်ခိုက်ရာမှာ စစ်ကောင်စီတပ်ရင်းမှူးတဦးအပါအဝင် အရာရှိတချို့ကို အသေ၊ နောက်ထပ်တပ်ဖွဲ့ဝင် ၅၉ ဦးကိုတော့ အရှင်ဖမ်းမိထားတယ်လို့ CDF-Daai (ဒိုင်ရ်) အဖွဲ့ရဲ့ အထွေထွေအတွင်းရေးမှူး ဆလိုင်း အိုက်ဘတ် (Ai Bax) က DNA ကိုပြောပါတယ်။
 
“လိုအပ်တဲ့ အချက်အလက်တွေ မရသေးခင်အထိတော့ ထိန်းသိမ်းပြီးတော့ နိုင်ငံတကာ ဥပဒေနဲ့အညီ ဆောင်ရွက်သွားဖို့ ရှိတယ်” လို့ ဖမ်းမိထားသူတွေနဲ့ ပတ်သက်လို့ သူကပြောပါတယ်။
 
ပြီးခဲ့တဲ့ ဇန်နဝါရီနဲ့ ဖေဖော်ဝါရီ နှစ်လအတွင်း CDF-Daai ထိန်းချုပ်နယ်မြေထဲ ရောက်လာတဲ့ စစ်ကောင်စီတပ်တွေနဲ့ ချင်းတော်လှန်ရေးတပ်တွေ ထိတွေ့တိုက်ပွဲ လေးကြိမ်ဖြစ်ခဲ့ရာမှာ ခမရ ၂၃၃ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီးအောင်ထွန်း၊ ဗိုလ်မှူးတဦးနဲ့ ဗိုလ်ကြီးနှစ်ဦး စတဲ့အရာရှိလေးဦးကို အသေဖမ်းမိခဲ့ပြီး ကျန်တပ်ဖွဲ့ဝင်တွေကိုတော့ အရှင်ဖမ်းမိတာလို့ ဆိုပါတယ်။
 
အရှင်မိထားသူတွေထဲမှာလည်း ဗိုလ်မှူးအဆင့်ရှိသူ သုံးဦး အပါအ၀င် အရာရှိအဆင့် တဒါဇင်ကျော် ပါဝင်တယ်လို့ သိရပါတယ်။
 
“ဗိုလ်မှူးတယောက်ကတော့ ခမရ ၂၈၉ က ဖြစ်တယ်၊ ကျန်တဲ့ဟာတွေကတော့ ကျောက်တော်တို့ ဟိုဘက် ဘူးသီးတောင် နယ်အသီးသီးက ရွေ့ပြောင်းလာတဲ့သူတွေ” လို့ ဆလိုင်း အိုက်ဘတ် ကပြောပါတယ်။
 
အရှင်ဖမ်းမိထားသူတွေထဲမှာ အပြင်းအထန် ဒဏ်ရာရရှိထားသူ ခုနစ်ဦးနဲ့ အသေးစား ထိခိုက်မိထားသူ ဆယ်ငါးဦး ပါဝင်ပြီး သူတို့ကို CDF-Daai အဖွဲ့ရဲ့ ဆေးတပ်သားတွေက ဆေးကုသပေးထားရတယ်လို့ သိရပါတယ်။
 
ဖမ်းမိထားတဲ့ စစ်ကောင်စီအရာရှိတွေကို လက်ရှိအချိန်အထိ စစ်ဆေးမေးမြန်းထားချက်တွေအရ စစ်ရာဇဝတ်မှု ကျူးလွန်ထားသူ မတွေ့ရသေးဘူးလို့ ဆလိုင်း အိုက်ဘတ်က ဆိုပါတယ်။
 
“ဒါပေမယ့် ကျွန်တော်တို့ ဆက်လက်စစ်ဆေးနေတုန်းပါပဲ” လို့လည်း သူကဆက်ပြောပါတယ်။
 
CDF-Daai တပ်ဖွဲ့ဟာ ၂၀၂၁ခုနှစ် အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာတဲ့ ချင်းတော်လှန်ရေးတပ်ဖွဲ့ တခုဖြစ်ပြီး ချင်းနဲ့ရခိုင် ပြည်နယ်အစပ် ပလက်ဝမြို့နယ်အတွင်း အခြေစိုက်လှုပ်ရှားပါတယ်။
 
ရခိုင့်တပ်တော် AA ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၃ ရက်ကစလို့ ရခိုင်နဲ့ ပလက်ဝဒေသက စစ်ကောင်စီတပ်တွေကို ထိုးစစ်ဆင်ခဲ့ပြီး ပလက်ဝ မြို့နယ်တခုလုံးကိုတော့ ဇန်နဝါရီ ၁၃ရက်မှာ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့တယ်လို့ AA က ထုတ်ပြန်ထားပါတယ်။
 
ရခိုင့်တပ်တော်နဲ့ စစ်ကောင်စီတို့ကြား ပလက်ဝဒေသ တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်ရာချီ နယ်စပ်ဖြတ်ကျော်ကာ အိန္ဒိယနိုင်ငံထဲ ထွက်ပြေးခဲ့ကြတာရှိသလို ဒေသတွင်းလှုပ်ရှားတဲ့ ချင်းတော်လှန်ရေးတပ်တွေကလည်း ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်တွေကို တိုက်ခိုက်ခဲ့ကြတာပါ။
 
အဲဒီလို ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေထဲကနေ လက်နက်ချ အညံ့ခံလာသူတွေလည်း ရှိတယ်လို့ CDF-Daai (ဒိုင်ရ်)တပ်ဖွဲ့ အထွေထွေအတွင်းရေးမှူး ဆလိုင်း အိုက်ဘတ်က ပြောပါတယ်။
 
“သူတို့ကို ဝိုင်း၀န်းပိတ်ဆို့ပြီးတော့ ခင်ဗျာတို့ လက်နက်ချပါပေါ့၊ မဟုတ်ရင် ပစ်ခတ်ရလိမ့်မယ်ဆိုပြီး သူတို့ကို ချဉ်းကပ်မှုတွေလုပ်တော့ အလွယ်တကူပဲ လက်နက်အပ်အဖမ်းခံခဲ့တာပါ” လို့ သူက ပြောပါတယ်။
 
စစ်ကောင်စီတပ်ရဲ့ ဘူးသီးတောင်အခြေစိုက် စကခ (၁၅) လက်အောက်ခံ ခမရ (၂၃၃) တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး အောင်ထွန်း၊ ဗိုလ်မှူး တဦး နဲ့ ဗိုလ်ကြီး နှစ်ဦးကတော့ ဖေဖော်ဝါရီ ၇ ရက်က လှိန်းရှိန်တောင် တိုက်ပွဲအတွင်း သေဆုံးခဲ့ကြတာလို့ သိရပါတယ်။
 
အဲဒီတိုက်ပွဲအတွင်း စစ်ကောင်စီ ဗိုလ်မှူး တဦး၊ ဗိုလ်ကြီး ငါးဦးနဲ့ တပ်ဖွဲ့ဝင်ရှစ်ဦး ကိုလည်း အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ CDF-Daai ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
 
နှစ်လအတွင်း ထိတွေ့တိုက်ပွဲ တွေကနေ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဆီက လက်နက်ငယ်တွေ ဗုံးသီးတွေနဲ့ အရာရှိကိုင် ပစ္စတို စတဲ့လက်နက်ခဲယမ်း ရာနဲ့ချီ သိမ်းဆည်းရရှိခဲ့တယ်လို့ ဆလိုင်း အိုက်လတ်က ဆက်ပြောပါတယ်။
 
“ပထမ လက်နက်ချ အညံခံသူတွေကတော့ လက်နက်ခဲယမ်း အပြည့်အစုံနဲ့ ရလိုက်တာပေါ့နော်၊ ကျန်တဲ့ အညံ့မခံလို့ လိုက်လံရှင်းလင်းပြီးတော့ သူတို့ဆီက သိမ်းဆည်းရမိတာတွေလည်း ရှိတယ်” လို့ သူကပြောပါတယ်။
 
နှစ်လတာ တိုက်ပွဲတွေအတွင်း စစ်တပ်က အဲဒီဒေသတဝိုက်ကို လေကြောင်းကတဆင့် ဗုံးသီးပေါင်း ငါးဆယ်နီးပါး ကြဲချတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ခုနစ်ဦး သေဆုံးပြီး သုံးဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ သိရပါတယ်။
 
လက်ရှိမှာလည်း ပလက်ဝဒေသမှာ ပြန့်ကျဲနေတဲ့ စစ်ကောင်စီတပ်သားတွေကို ချင်းတော်လှန်ရေး ပူးပေါင်းအဖွဲ့တွေက လိုက်လံရှင်းလင်းတာတွေ လုပ်ဆောင်နေသလို စစ်တပ်ကလည်း အဲဒီဒေသတွေမှာ ကုလားတန်မြစ်ကြောင်း အတိုင်း သွားလာနေသူတွေကို လေကြောင်းကတဆင့် ဗုံးကြဲတိုက်ခိုက်တာတွေ လုပ်နေတယ်လို့ သိရပါတယ်။
 
ဓာတ်ပုံ – CDF Daai