ယူကရိန်းကို NATO တပ်တွေ စေလွှတ်ရင် နျူကလီးယား စစ်ပွဲကို ဖိတ်ခေါ်တာလို့ ပူတင် သတိပေး

မတ်၊ ၁

ယူကရိန်းကို NATO စစ်မဟာမိတ် တပ်ဖွဲ့ဝင်တွေ စေလွှတ်ခြင်းဟာ နျူကလီးယားစစ်ပွဲ အစပျိုးလာအောင် ရန်စတဲ့သဘော ဖြစ်လိမ့်မယ်လို့ ရုရှား သမ္မတ ဗလာဒီမာ ပူတင်က ခြိမ်းခြောက် သတိပေးခဲ့ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက ပြင်သစ် သမ္မတ အီမန်နျူရယ်လ် မာခရွန်က အနောက်မဟာမိတ် နိုင်ငံတွေ အနေနဲ့ ယူကရိန်းကို ထိထိရောက်ရောက် အကူအညီ ပေးဖို့ဆိုရင် တပ်ဖွဲ့တွေ စေလွှတ် ဖြန့်ကျက်ပေးဖို့ ရွေးချယ်မှုမျိုးကိုပါ ထည့်စဉ်းစားသင့်တယ်လို့ တိုက်တွန်းခဲ့တာကို ပူတင်က အခုလို တုံ့ပြန်ခဲ့တာပါ။ ဒါပေမဲ့ NATO အဖွဲ့ဝင် ဥရောပ နိုင်ငံတွေကတော့ ယူကရိန်းကို မြေပြင်တပ်ဖွဲ့ဝင်တွေ စေလွှတ်နိုင်ခြေ အလားအလာ မှန်သမျှကို ငြင်းဆိုထားဆဲပါ။

ပူတင်က မာခရွန် ပြောသလို NATO နိုင်ငံတွေက တကယ်ပဲ ယူကရိန်းအတွက် တပ်ဖွဲ့ဝင်တွေ စေလွှတ်ပေးမယ်ဆိုရင် ဆိုးရွားတဲ့ အကျိုးဆက်တွေကို မျှော်လင့်ထားဖို့ လိုမယ်လို့ သူ့ရဲ့ မိန့်ခွန်းတခုမှာ ထည့်သွင်း​ ပြောဆိုသွားခဲ့ပါတယ်။

NATOရဲ့ တပ်ဖွဲ့တချို့ကို ယူကရိန်းဆီ ပို့ဆောင်မယ့် သဘောမျိုး ဖြစ်နိုင်ခြေတွေကို ပြောဆိုနေတာ ကြားမိကြောင်း၊ အနောက်နိုင်ငံတွေ အနေနဲ့ နားလည်ရမှာက သူတို့ပိုင်နက် နယ်မြေတွေကို တိုက်ခိုက်နိုင်တဲ့ စစ်လက်နက်တွေ ရုရှားက ပိုင်ဆိုင်ထားတယ် ဆိုတာဖြစ်ကြောင်း၊ အခုကိစ္စမျိုးဟာ လူသားမျိုးနွယ်ကို ပျက်စီးသွားစေနိုင်တဲ့ နျူကလီးယား လက်နက်တွေ လက်တွေ့ အသုံးပြုတဲ့ စစ်ပွဲမျိုး ပေါ်ပေါက်လာနိုင်ခြေကို ခြိမ်းခြောက် တွန်းအားပေးနေကြောင်း ပူတင်က ဆိုပါတယ်။

သူက တချိန်ချိန်မှာ ရုရှားဟာ NATO နိုင်ငံတွေရဲ့ ပိုင်နက်ကို ထိပါးလာနိုင်တယ်ဆိုတဲ့ အတွေးအခေါ်တွေကိုလည်း ပယ်ချခဲ့ပြီး တကယ်တမ်းကျတော့ ရုရှားရဲ့ အရေးကိစ္စတွေကိုသာ အနောက်နိုင်ငံတွေက စွက်ဖက်ဖို့ ကြိုးစားနေတာ ဖြစ်တယ်လို့ အပြစ်ဖို့ခဲ့ပါတယ်။

နောက်ပြီး ယူကရိန်းမှာ စစ်ပြေငြိမ်းနိုင်ရေးအတွက် အမေရိကန်ရဲ့ ကြားဝင် ဆွေးနွေးမှုအတွက် ရုရှားဖက်က အသင့်ရှိနေကြောင်း၊ ဒါပေမဲ့ တဖက်မှာလည်း နိုင်ငံရဲ့ နျူကလီးယား တပ်ဖွဲ့တွေကို အသင့်အနေအထား ပြင်ဆင်ခိုင်းထားမှာဖြစ်ကြောင်း ပူတင်က ပြောကြားသွားပါတယ်။

 

Ref: Guardian