မတ်၊ ၁
တားမြစ်ဆေးကိစ္စ ငြိစွန်းမှုကြောင့် ၄ နှစ်ပွဲပယ် ပြစ်ဒဏ် ချမှတ် ခံလိုက်ရတဲ့ အခြေအနေကြောင့် အကြီးအကျယ် ဝမ်းနည်း တုန်လှုပ်မိတယ်လို့ ဂျူဗင်းတပ် ကွင်းလယ်လူ ပေါလ်ပေါ့ဂ်ဘာက ဖွင့်ဟခဲ့ပါတယ်။
အသက် ၃၀ အရွယ် ပြင်သစ် လက်ရွေးစင် ကစားသမားဟာ သူ့ရဲ့ ခန္ဓာကိုယ်ထဲမှာ တက်စ်စတိုစတီရုန်း ဟိုမုန်းတွေ လွန်လွန်ကဲကဲ မြင့်တက်နေတာကို ဆေးစစ် တွေ့ရှိခဲ့တဲ့နောက် စက်တင်ဘာလ ကတည်းက ပရော်ဖက်ရှင်နယ် ပြိုင်ပွဲတွေမှာ ပါဝင်ကစားခွင့် ဆိုင်းငံ့ခံထားခဲ့ရပါတယ်။
ဖေဖော်ဝါရီ ၂၉ ရက်နေ့မှာတော့ သူဟာ အီတလီ အမျိုးသား တားမြစ်ဆေး တိုက်ဖျက်ရေးခုံရုံး (NADO)ဆီကနေ ပွဲပယ်ပြစ်ဒဏ် ၄ နှစ် ချမှတ် ခံလိုက်ရတာ ဖြစ်ပါတယ်။
ပေါ့ဂ်ဘာဟာ ဒဏ်ရာကြောင့် ကာလရှည်ကြာ အနားယူခဲ့ပြီးတဲ့နောက် ဩဂုတ်လ ၂၀ ရက်နေ့တုန်းက ဂျူဗင်းတပ်အတွက် ပထမဆုံး ပွဲစဉ်ကို ပြန်လည် ကစားပေးခဲ့ပါတယ်။ အဲဒီပွဲအပြီးမှာ ကစားသမား တချို့ကို အလျဉ်းသင့်သလို ရွေးထုတ်ပြီး ဆေးစစ်စေခဲ့တဲ့နောက် ပေါ့ဂ်ဘာရဲ့ ဆေးစစ်ရလဒ်က တက်စ်တိုစတီရုန်း လွန်ကဲနေကြောင်း အဖြေထွက်လာခဲ့ပါတယ်။ အောက်တိုဘာလမှာ ဒုတိယတစ်ကြိမ် ထပ်စစ်တော့လည်း အဲဒီရလဒ်က မပြောင်းလဲခဲ့ဘူးလို့ ဆိုပါတယ်။ တက်စ်စတိုစတီရုန်းဟာ အားကစားသမားတွေရဲ့ ကြံ့ခိုင်မှု၊ အကြမ်းပတမ်း ခံမှုတွေကို အားပေးတဲ့ ဟိုမုန်းဖြစ်ပြီး တားမြစ်ဆေး စာရင်းထဲ ထည့်သွင်းထားပါတယ်။
ပေါ့ဂ်ဘာက အခုစီရင်ချက်နဲ့ ပတ်သက်လို့ နိုင်ငံတကာ အားကစား အယူခံခုံရုံး (CAS)မှာ အယူခံ ဝင်သွားမယ်လို့ ပြောပါတယ်။ သူ့ဘဝ တလျှောက်လုံး ပျိုးထောင် တည်ဆောက်ယူလာတဲ့ အားကစားသမား ဘဝကို ဒီစီရင်ချက်က ဖျက်ဆီးပစ်လိုက်တာ ဖြစ်တယ်လို့လည်း မန်ချက်စတာ ယူနိုက်တက် ကစားသမားဟောင်းက ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
လက်ရှိ ပြစ်ဒဏ်သာ အတည်ဖြစ်မယ်ဆိုရင် ပေါ့ဂ်ဘာဟာ အသက် ၃၄ နှစ်ထိ ပရော်ဖက်ရှင်နယ်အဖြစ် ကစားခွင့် မရတော့ပါဘူး။ တနည်းအားဖြင့် သူ့ရဲ့ ထိပ်တန်းဘောလုံးသမားဘဝ ပြီးဆုံးသွားပြီဆိုတဲ့ အဓိပ္ပါယ်လည်း ဖြစ်ပါတယ်။
ပေါ့ဂ်ဘာက သူဟာ တားမြစ်ဆေးကို သိလျက်နဲ့ဖြစ်စေ၊ တမင်ရည်ရွယ်ပြီးဖြစ်စေ သုံးစွဲခဲ့တာမျိုး လုံးဝမရှိဘူးလို့လည်း ငြင်းဆန်ထားပါတယ်။ အီတလီ စီးရီးအေ ဘောလုံးကလပ် ဂျူဗင်းတပ်ကတော့ ကစားသမားရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး ဘယ်လို ဆုံးဖြတ်မလဲ ဆိုတာကို လောလောဆယ် ဘာမှတ်ချက်မှ မပေးသေးပါဘူး။ အသင်းရဲ့ မန်နေဂျာဖြစ်သူ မက်စီမီလီယာနို အယ်လီဂရီကတော့ သူ့ရဲ့ ကစားသမားအတွက် ဝမ်းနည်းမိကြောင်း ပြောကြားသွားပါတယ်။
Ref: BBC