AAသိမ်းပိုက်ရန်လက်တကမ်းသာလို​တော့တဲ့ပုဏ္ဏားကျွန်းကို စစ်တပ်က လေကြောင်းမှပြင်းထန်စွာတိုက်ခိုက်နေ

ဖေဖော်ဝါရီ ၊ ၂၉

စစ်ကောင်စီတပ်ဟာ နောက်ဆုံးလက်ကျန်တပ်ရင်းတိုက်ခိုက်ခံနေရတဲ့ ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့ကို  လေကြောင်းကပြင်းထန်စွာတိုက်ခိုက်နေပြီး ဒီနေ့တရက်တည်းမှာပဲ အကြိမ်ဆယ်ချီရှိပြီလို့ ဒေသခံတွေက ပြောပါတယ်။

ပုဏ္ဏားကျွန်းမြို့နယ်တခုလုံးအတွင်း စစ်ကောင်စီရဲ့ နောက်ဆုံးလက်ကျန်ဖြစ်တဲ့ မြို့အခြေစိုက် ခမရ ၅၅၀ တပ်ရင်းကို ရက္ခိုင့်တပ်တော်(AA)က ပြီးခဲ့တဲ့ တပတ်လောက်ကစ ထိုးစစ်ဆင်ခဲ့ပြီး တိုက်ပွဲပြင်းထန်နေခဲ့တာပါ။

“ဒီနေ့ မနက် သုံးနာရီလောက်ကတည်းက တိုက်ပွဲတော်တော်ပြင်းတယ်၊ မိုးလင်းလို့ နည်းနည်းကြာတော့ ဂျက်တွေ၊ လေ ယာဉ်တွေ တစီးပြီး တစီး လာပစ်တော့တာ၊ အခုထိ ပစ်နေတုန်း၊ အခေါက် တဆယ်၊ နှစ်ဆယ်ရှိပြီ၊ ကျင်းထဲ ပုန်းနေရတယ်”လို့ ပုဏ္ဏားကျွန်းမြို့နယ်မှ ဒေသခံတဦးက DNA ကိုဒီကနေ့ နေ့လည် နှစ်နာရီ၀န်းကျင်မှာ ပြောပါတယ်။

ပုဏ္ဏားကျွန်းမြို့နယ်နဲ့ ကပ်ရပ် ပေါက်တောမြို့နယ်မှ ဒေသခံအမျိုးသမီးတဦးကလည်း စစ်ကောင်စီတပ်က ဂျက်တိုက် လေယာဉ်၊ တိုက်ခိုက်ရေးရဟတ်ယာဉ်တွေနဲ့ တနေ့လုံး ပစ်ခတ်နေတာမို့ တိမ်း ရှောင်နေကြရတယ်လို့ ဆိုပါတယ်။

AA ဟာ စစ်ကောင်စီရဲ့နောက်ဆုံးလက်ကျန် ၅၅၀ တပ်ရင်းကို ဒီနေ့မနက်ပိုင်းမှာ သိမ်းပိုက်ရရှိခဲ့ပြီလို့လည်း ဒေသခံအချို့က DNA ကို ပြောကြပါတယ်။ 

“တပ်ရင်း သိမ်းလိုက်ပြီလို့ ပြောနေကြတယ်၊ သေချာတော့ အတည်ပြုလို့မရဘူး၊ ဒါပေမယ့် ရသွားလို့ လာပစ်နေတာဖြစ်မယ်၊ အရင်ရက်တွေက ဒီလို မပစ်ဘူး” လို့ ပုဏ္ဏားကျွန်းမြို့နယ်မှ နောက် ထပ် ဒေသခံလူငယ်တဦးက ပြောပါတယ်။ 

အဲဒီအပေါ်  DNA က သီးသန့်အတည်မပြုနိုင်သေးသလို AA ကလည်း ထုတ်ပြန်အသိပေးတာ မရှိသေးပါဘူး။

စစ်ကောင်စီတပ်ဟာ ပုဏ္ဏားကျွန်းနဲ့ မြို့အနီး၀န်းကျင်တွေကို လေကြောင်းအပြင် စစ်တွေမြို့ပေါ် တပ်ရင်းတွေကပါ  လက်နက်ကြီးနဲ့ လှမ်းပစ်နေပြီး လက် နက်ကြီးကြောင့် မြို့ပေါ်နဲ့ အနီး၀န်းကျင်ရွာတွေမှာ နေအိမ်အပျက်အစီးနဲ့ ထိခိုက်ဒဏ်ရာရသူတွေ ရှိနေတယ်လို့လည်း ဒေသခံတွေက ပြောကြပါတယ်။

ဒါပေမယ့် အပျက်အစီး၊ အထိအခိုက်အခြေအနေအသေးစိတ်တွေကိုတော့ မသိရသေးပါဘူး။

AA ဟာ ပုဏ္ဏားကျွန်းမြို့မ ရဲစခန်းကို ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှာ သိမ်းပိုက်ခဲ့ပြီး ခမရ၅၅၀ တပ်ရင်းကို ဆက်တိုက်ထိုးစစ်ဆင်နေခဲ့တာပါ။

ပုဏ္ဏားကျွန်းမြို့ဟာ ပြည်နယ်မြို့တော် စစ်တွေရဲ့ မြောက်ဘက် ၂၁ မိုင်၀န်းကျင်အကွာမှာ တည်ရှိပြီး ကျောက်တော်၊ ပေါက်တော၊ ရသေ့တောင်မြို့နယ်တို့နဲ့ ထိစပ်နေပါတယ်။ အဲဒီထိစပ်နေတဲ့မြိုနယ်တွေထဲက ကျောက်တော်နဲ့ ပေါက်တောကို AA က သိမ်းပိုက်ထိန်းချုပ်ထားပြီး ရသေ့တောင်ကိုလည်း မြို့သိမ်းနိုင်ရေး လက်ကျန်တပ်ရင်း သုံးခုကို ထိုးစစ်ဆင်နေပါတယ်။

စစ်ကောင်စီတပ်ဟာ ပုဏ္ဏားကျွန်းမြို့ပေါ်စခန်းတွေ တိုက်ခိုက်မခံရခင်ကတည်းက ပုဏ္ဏားကျွန်းမြို့မဈေးကြီးနဲ့ လူနေရပ်ကွက်တွေကို ၀ငျရောကျမီးရှို့ခဲ့ပွီး ဆိုင်ခန်းနဲ့ နေအိမ်ရာချီ မီးလောင်ပြာကျခဲ့ရပါတယ်။

AA ဟာ ဘူးသီးတောင်၊ မောင်တော၊ ရမ်းဗြဲမြို့နယ်တို့အတွင်းမှ စစ်ကောင်စီလက်အောက်ခံတပ်မဌာနချုပ်၊ တပ် ရင်း၊ တပ်စခန်းတွေကိုလည်း ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။

လက်ရှိမှာ မင်းပြား၊ ပေါက်တော၊ မြောက်ဦး၊ ကျောက်တော်၊ မြေပုံနဲ့ ချင်းပြည်နယ် ပလက်၀မြို့နယ်တို့ကို အလုံးစုံ သိမ်းပိုက်ထိန်းချုပ်ထားပါတယ်။

ရခိုင်ပြည်နယ်အတွင်းမှာရှိတဲ့ စစ်ကောင်စီလက်အောက်ခံ စခန်းတွေအားလုံးကို တခုမကျန်တိုက်ခိုက်သွားမှာဖြစ်ပြီး လက်နက်ချအညံ့ခံကြဖို့လည်း AA ရဲ့ ထုတ်ပြန်ချက်တွေမှာ မကြာခဏ သတိပေးထားပါတယ်။