ထိုင်းကိုတိမ်းရှောင်လာတဲ့မြန်မာတွေအတွက် ဧည့်စာရင်းညွှန်ကြားချက်ကပြဿနာတခုဖြစ်လာနိုင်

ဖေဖော်ဝါရီ ၊ ၂၉

မြန်မာ-ထိုင်းနယ်စပ်မြို့ဖြစ်တဲ့ မဲဆောက်မြို့နယ်အပါအဝင် တာ့ခ်ခရိုင်အတွင်း မြို့နယ်တွေမှာ နိုင်ငံခြားဧည့်သည်တွေ ဧည့်စာရင်းတိုင်းကြားဖို့ ညွှန်ကြားချက်ဟာ နိုင်ငံရေးကြောင့် ထွက်ပြေးတိမ်းရှောင်လာတဲ့ မြန်မာနိုင်ငံသားတွေအတွက် ပြဿနာတခုဖြစ်လာနိုင်တယ်လို့ ရွေ့ပြောင်းလုပ်သားအရေးအကူအညီပေးနေသူတွေနဲ့ မဲဆောက်ရောက်မြန်မာနိုင်ငံသားတွေက ပြောပါတယ်။

“တရားဝင်အထောက်အထားရှိတဲ့သူတွေကို ဧည့်စာရင်းတိုင်ခိုင်းတာ၊ အထောက်အထားမရှိတဲ့သူတွေက ဧည့်စာရင်းတိုင်ခိုင်းတဲ့အထဲတော့မပါဘူးလို့ နားလည်ထားတယ်၊၊ ဒါပေမဲ့ ဘာမှ မရှိတဲ့သူတွေအတွက်က တင်းကြပ်လာလိမ့်မဲ့သဘောရှိတယ်” လို့ မြန်မာအလုပ်သမားအရေးဆောင်ရွက်နေတဲ့ ပညာရေးနဲ့ ဖွံဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း အမှုဆောင်ညွန်ကြားရေးမှူး ဦးထူးချစ် က DNA ကို ပြောပါတယ်။

မဲဆောက်မြို့နယ်အပါအဝင် တာ့ခ်ခရိုင်အတွင်းက မြို့နယ်ကိုးခုမှာ နေထိုင်ကြတဲ့ နိုင်ငံခြားသားတွေ မဖြစ်မနေ ဧည့်စာရင်းတိုင်ကြားဖို့ကို ထိုင်းလူဝင်မှုကြီးကြပ်ရေးအာဏာပိုင်တွေက အခုလဖေဖော်ဝါရီ ၂၂ ရက်နေ့မှာ အမိန့်ညွှန်ကြားချက်ထုတ်ပြန်ထားတာဖြစ်ပါတယ်။

မြို့နယ်ကိုးမြို့နယ်မှာ ရောက်ရှိနေတဲ့ နိုင်ငံခြားသားတွေကို အိမ်ပိုင်ရှင်တွေ၊ အိမ်ခန်း အငှားပိုင်ရှင်တွေ၊ ဟိုတယ်၊ တည်းခိုခန်းမန်နေဂျာဖြစ်သူတွေက ၂၄ နာရီအတွင်း ဧည့်စာရင်းတိုင်ကြားရမှာ ဖြစ်ပါတယ်။

ဒီလိုမျိုး နိုင်ငံခြားသားတွေ ဧည့်စာရင်းတိုင်ကြားမှုကို ထိုင်းနိုင်ငံမှာ အရင်ကတည်းက ညွှန်ကြားထားတာ ဖြစ်ပေမဲ့ အဲဒီကာလတုန်းက တရားဝင်အထောက်အထားနဲ့ နေထိုင်သူတွေကိုသာ ဧည့်စာရင်းတိုင်ရမှာ ဖြစ်ပါတယ်။

အခုထုတ်ပြန်လိုက်တဲ့ ကြေညာချက်ဟာ တရားမဝင်နိုင်ငံခြားသားတွေ ပါ၊ မပါတော့ မသိရပေမဲ့ စစ်တပ်အာဏာသိမ်းမှုကြောင့် တာ့ခ်ခရိုင်ထဲကို ထွက်ပြေးတိမ်းရှောင်လာတဲ့ မြန်မာနိုင်ငံသားတွေအတွက်တော့ အရင်ကထက် နေထိုင်သွားလာရာမှာ ပိုပြီး ကြပ်တည်းလာမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

“အခုဆို နေ့တိုင်းလိုလို ဂိတ်ချပြီး စစ်ဆေးတာ ရှိတယ်၊ ဖမ်းခံရတဲ့သူတွေ နေ့တိုင်းလိုလို ရှိနေတာပဲ၊ အဲဒီဧည့်ရင်းကိစ္စက သူဌေး၊ ပိုင်ရှင်တွေကပဲ တိုင်တာဆိုတော့ အခုထိ အိမ်ထဲ ဝင်လာပြီး လာစစ်တာမျိုး မကြုံရသေးဘူးပေါ့” လို့ နိုင်ငံရေးကြောင့် မဲဆောက်မှာ တရားမဝင်နေထိုင်နေတဲ့ မြန်မာနိုင်ငံသားတဦးက ပြောပါတယ်။

တရားမဝင်နေထိုင်ကြတဲ့ မြန်မာနိုင်ငံသားတွေအတွက်ကတော့ ထိုင်းအာဏာပိုင်တွေဘက်က နေအိမ်အထိ ဝင်ရောက်ရှာဖွေမှုတွေ ပြုလုပ်လာရင် လက်ခံထားတဲ့ ပိုင်ရှင်တွေက အရေးယူခံရတာ မှန်ပေမဲ့ တရားမဝင်နေထိုင်မှုကြောင့် ဖမ်းဆီးခံရနိုင်ခြေက ပိုများတယ်လို့ သူက ပြောပါတယ်။

ဧည့်စာရင်းတိုင်ကြားမှုကို လူကိုယ်တိုင်ဖြစ်၊ အွန်လိုင်းကဖြစ်စေ၊ Call Centre ကဖြစ်စေ တိုင်းကြားနိုင်တယ်လို့ ထိုင်းလူဝင်မှုကြီးကြပ်ရေးက ပြောဆိုထားပါတယ်။

ဒီလိုမျိုး ဧည့်စာရင်းတိုင်ကြားဖို့ ပျက်ကွက်ရင် ထောင်ဒဏ် ၁၅ ရက်နေ တလအထိဖြစ်စေ၊ ဘတ်ငွေ ငါးထောင်ကနေ တသောင်းအထိ ဒဏ်ကြေးငွေ ပေးဆောင်ရမယ်လို့ ဆိုပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံရေးသမားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ စစ်ဘေးရှောင်ပြည်သူတွေ၊ သာမန်အရပ်သားပြည်သူတွေနဲ့ ရွှေ့ပြောင်းအလုပ်သမားတွေက ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ အဓိက ခိုလှုံနေကြတာ ဖြစ်ပါတယ်။

ဒီလိုတိမ်းရှောင်လာကြတဲ့သူတွေဟာ တရားဝင်အထောက်အထားနဲ့ နေထိုင်ကြသူများရှိပေမဲ့ အရေအတွက် နည်းပါးပြီး အများစုကတော့ တရားမဝင်နေထိုင်နေကြတာ ဖြစ်ပါတယ်။

အဲဒီထဲကမှ ထိုင်းအစိုးရက နိုင်ငံခြားအလုပ်သမားတွေအတွက် တရားဝင်နေထိုင်အလုပ်လုပ်ကိုင်ခွင့်ပန်းရောင်ဘတ်ပြုလုပ်ကာ နေထိုင်ကြသူများ ရှိပေမဲ့ အများစုကတော့ တလဘတ်သုံးရာငါးဆယ်ပေးဆောင်ရတဲ့ ရဲကတ်နဲ့ နေထိုင်ကြသူတွေ ရှိနေပါတယ်။

ရဲကတ်ပြုလုပ်ထားတဲ့သူတွေဟာ သတ်မှတ်ချိန်အတွင်း မဲဆောက်မြို့တွင်းနေရာမှအပ တခြားနေရာကို သွားလာခွင့်မရှိသလို လ.ဝ.ကအပါအဝင် သက်ဆိုင်ရာကဝင်ရောက်ဖမ်းဆီးရင်တော့ ဥပဒေအရအရေးယူခံရနိုင်တယ်လို့ သိရပါတယ်။

“အစကတည်းက နည်းနည်းပါးပါးသွားလာလို့ရနေတာ၊ အခုက ဧည့်စာရင်းကြောင့်ပဲ စစ်ဆေးမှု များပါတယ်ဆိုနေမှ ရဲကတ်နဲ့နေတဲ့သူတွေတော့ မလွယ်ဘူးပဲ၊ အချိန်မရွေးဖမ်းခံရနိုင်တယ်သဘောရှိတယ်” လို့ မဲဆောက်မြို့မှာ ရဲကတ်နဲ့နေထိုင်တဲ့ မြန်မာနိုင်ငံသားတဦးက ပြောပါတယ်။

ဒါဟာ စစ်အာဏာရှင်တော်လှန်ဆန့်ကျင်ရေးမှာ ပါဝင်နေတဲ့ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားတွေကို အဓိက ပစ်မှတ်ထားလုပ်ဆောင်နေတာ ဖြစ်တယ်လို့ မြန်မာအလုပ်သမားအရေးဆောင်ရွက်နေတဲ့ ဦးထူးချစ်က ပြောပါတယ်။

” အားလုံးနဲ့တော့ ဆိုင်ပါတယ်၊ တခြားနိုင်ငံခြားသားဝန်ထမ်းတွေလည်း ရှိတယ်လေ၊ အေးပေါ့၊ ပြောရရင် မြန်မာနိုင်ငံသားတွေကို ပိုပြီး ပစ်မှတ်ဖြစ်တာပေါ့၊ သန်းနဲ့ချီရှိနေတာလေ” လို့ သူက ပြောပါတယ်။

ဒါ့ကြောင့် ထိုင်းနိုင်ငံထဲကို ရွေ့ပြောင်းဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ တရားဝင် ဝင်ရောက်နေထိုင်ကြဖို့နဲ့ ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့လည်း ထိုင်းအစိုးရက ပြုလုပ်ပေးတဲ့ နေထိုင်အလုပ်လုပ်ကိုင်ခွင့်အထောက်အထားတွေ ပြုလုပ်ထားဖို့ အကြုံပြု ပြောဆိုခဲ့ပါတယ်။

ထိုင်းအစိုးရက ဧည့်စာရင်းတိုင်ကြားဖို့ ညွှန်ကြားထားတဲ့ တာ့ခ်ခရိုင်အတွင်းမှာ မြန်မာနိုင်ငံသား ငါးသိန်းကျော်လောက်ရှိတယ်လို့ မြန်မာရွေ့ပြောင်းလုပ်သားတွေကို အကူအညီပေးနေတဲ့အဖွဲ့တွေထံကနေ သိရပါတယ်။

မြန်မာစစ်တပ်ဟာ ဧပြီလကစပြီး လူငယ်တွေကို စစ်မှုထမ်းဖို့ စတင်ဆင့်ခေါ်သွားမယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပြီးနောက်မှာ မြန်မာနိုင်ငံသားတွေက ပြည်ပထွက်ခွာဖို့ ကြိုးစားလာကြပါတယ်။

အဲဒီထဲကမှ အိမ်နီးချင်းထိုင်းနိုင်ငံဘက်က တရားဝင်လမ်းကြောင်းရော၊ တရားမဝင်လမ်းကြောင်းကရော နေ့စဉ်နဲ့အမျှ ဝင်ရောက်လာနေတာ ဖြစ်ပါတယ်။

“ဒီမှာက ထင်ထားသလောက် နေထိုင်သွားလာဖို့မလွယ်ဘူးဗျ၊ ရောက်လာရင် အားလုံးအဆင်ပြေမယ်ထင်ထားတာ၊ အခုရောက်လာတော့ အိမ်ထဲကနေ အိမ်ပြင်မထွက်ရတာ တပတ်ကျော်ပြီး ကိုယ့်မှာ ဘာမှ အထောက်အထားမရှိဘူးလေ၊ ကိုယ့်အတွက် အခွင့်အရေးရရင် တရားဝင်နဲ့ပဲ ဝင်လာကြပါ”လို့ စစ်တပ်က စစ်မှုထမ်းဥပဒေပြဌာန်းပြီးနောက် ထိုင်းနိုင်ငံ မဲဆောက်မြို့ကို တရားမဝင်တိမ်းရှောင်လာတဲ့ မြန်မာနိုင်ငံသားတဦးက ပြောပါတယ်။

Photo.NUG