ဖေဖော်ဝါရီ ၂၈
စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ် အနောက်ခြမ်းမှာရှိတဲ့ ကံထူးမရဲစခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက် ဖျက်ဆီးခဲ့ပြီးနောက် ကံထူးမရွာနဲ့ အနီးတဝိုက်ဒေသတွေမှာ စစ်ကောင်စီက အင်အားဖြည့်စစ်ကြောင်း ထိုးနေပြီး ဒေသခံ နှစ်ဦးကိုလည်းသတ်ဖြတ်ခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေကပြောပါတယ်။
သတ်ဖြတ်ခံရတဲ့ ဒေသခံနှစ်ဦးရဲ့ အသေးစိတ်အချက်အလက်တွေကိုတော့မသိရသေးပါဘူး။ တန့်ဆည်ဒေသ အခြေစိုက် တော်လှန်ရေးကင်းထောက်အဖွဲ့တခုဖြစ်တဲ့ Voice Of Taze-VOT ကတော့ စစ်ကောင်စီစစ်ကြောင်း ဟာ ကျေးရွာတချို့က ဒေသခံတွေကိုလည်းဖမ်းဆီးထားတယ်လို့ဖော်ပြပါတယ်။
ကံထူးမရဲစခန်းတိုက်ပွဲအပါအဝင် တန့်ဆည်မြို့နယ်အတွင်းမှာ အခုလ၂၁ရက်ကနေ ၂၄ရက်အထိ စစ်ကောင်စီနဲ့ တော် လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ခဲ့ကြတဲ့နောက် စစ်ကောင်စီကစုစုပေါင်း အင်အားနှစ်ရာလောက်နဲ့ စစ်ကြောင်း တွေခွဲပြီး ဒေသ တွင်း စိုးမိုးနယ်မြေခိုင်မာဖို့ ပြန်လည်ကြိုးစားနေတယ်လို့သိရပါတယ်။
အရင်ကရေဦးမြို့နယ်အတွင်းလှုပ်ရှားနေတဲ့ အင်အားရှစ်ဆယ်ပါစစ်ကောင်စီစစ်ကြောင်းဟာ ကံထူးမရဲစခန်းတိုက် ခိုက်ခံရတဲ့ ဖေဖော်ဝါရီ ၂၁ရက် ညနေပိုင်းမှာ ကံထူးမရွာကိုရောက်လာသလို နောက်တရက်မနက်မှာလည်း အင် အား ၁၃၀လောက်ပါတဲ့ စစ်တပ်နဲ့ပျူစောထီးပူးပေါင်းစစ်ကြောင်းထပ်ရောက်လာတယ်လို့ Infinity Groupကဖော် ပြပါတယ်။
Infinity Groupဟာ ကန့်ဘလူနယ်နဲ့ အနီးတဝိုက် ဒေသမြေပြင်အခြေအနေတွေဖော်ပြပေးနေတဲ့ တော်လှန်ရေး ကင်း ထောက်အဖွဲ့တခုဖြစ်ပြီး လက်ရှိတန့်ဆည်ဘက်အင်အားဖြည့်ထားတဲ့အထဲက ပျူစောထီးနဲ့စစ်တပ်ပူးပေါင်း စစ်ကြောင်းဟာ ကန့်ဘလူ နယ်ကနေ လာတာဖြစ်ပါတယ်။
အဲ့ဒီနောက်စစ်ကောင်စီနဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေဟာ ဖေဖော်ဝါရီ ၂၄ရက်အထိ တိုက်ပွဲတွေဖြစ်ခဲ့ကြပြီး ဖေဖော်ဝါရီ ၂၅ရက်ကစလို့ တန့်ဆည်-ကံထူးမကားလမ်းပိုင်းကို စစ်ကောင်စီဘက်က အသာစီးယူစိုးမိုးသွားတယ် လို့ Infinity Group ကဆိုပါတယ်။
အမျိုးသားညီညွတ်ရေး အစိုးရ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ အမှတ်(၁)စစ်ဒေသကတော့ ကံထူးမရဲစခန်းတိုက်ပွဲ အပါအဝင်တန့်ဆည်မြို့နယ်အတွင်း လေးရက်ကြာ တိုက်ပွဲတွေမှာစစ်ကောင်စီဘက်က သုံးဆယ်ကျော်သေဆုံးခဲ့ တယ် လို့ထုတ်ပြန်ထားပါတယ်။
ကံထူးမရဲစခန်းသိမ်းတိုက်ပွဲမှာ တော်လှန်ရေးတပ်တွေဘက်က တဦး ကျဆုံးခဲ့တယ်လို့လည်း အမှတ်(၁)စစ် ဒေသရဲ့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။နောက်ထပ် တိုက်ပွဲတွေမှာ ကျဆုံးထိခိုက်တာရှိမရှိဆိုတာတော့ အသေးစိတ်ဖော်ပြမ ထားပါဘူး။
အဲ့ဒီတိုက်ပွဲမှာ စစ်ကောင်စီက ဂျက်ဖိုက်တာ၊Y-12နဲ့ MI-35 တို့ကိုအသုံးပြုကာ လေကြောင်းကနေ ၂၃ကြိမ်အထိတိုက်ခိုက်ခဲ့ တယ်လို့ဆိုပါတယ်။
ကံထူးမရဲစခန်းကနေ G-3သေနတ် ငါးလက်၊ ကျည် ၁၆၀၀ကျော်နဲ့ ငွေသား ကျပ် ၃၈သိန်းအပါအဝင် ခဲယမ်းတချို့ သိမ်း ဆည်းရရှိခဲ့တယ်လို့လည်း ဆိုထားပါတယ်။
စစ်ကောင်စီဟာ ကံထူးမရဲစခန်းတိုက်ပွဲအပြီးမှာ ကံထူးမကျေးရွာထဲက နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တာကြောင့် တရွာလုံး နီးပါး မီးလောင်ပျက်စီးသွားပြီလို့ တော်လှန်ရေးအင်အားစုတွေနဲ့ ဒေသခံတွေကပြောပါတယ်။
ဒါ့အပြင် အဲ့ဒီအနီးတဝိုက်က သပြေရင်း၊ကော်တက်၊ဖိုနုတ်၊ပဲခင်းကြီးစတဲ့ကျေးရွာတွေကိုလည်း စစ်ကောင်စီ တပ် က မီး ရှို့ဖျက်ဆီးထားတယ်လို့ Infinity Groupကဖော်ပြပါတယ်။
နှစ်ဖက်တိုက်ပွဲတွေအပြီး ဖေဖော်ဝါရီ ၂၆ရက်မှာ စစ်ကောင်စီက တန့်ဆည်မြို့ပေါ် ဘောလုံးကွင်းထဲကို လက်နက် ခဲယမ်းတွေလည်းပါတဲ့ အထုပ် ၂၄ထုပ်ကို Y-8 ထောက်ပို့လေယာဉ်နဲ့ ပို့ခဲ့ပြီး အဲ့ဒီထောက်ပို့ပစ္စည်းတွေကို မနေ့က စလို့ ကံထူးမရွာဘက်ကို ခြေလျင်စစ်ကြောင်းတွေနဲ့ ပို့ပေးနေတယ်လို့ဆိုပါတယ်။
ကံထူးမကျေးရွာဟာ တန့်ဆည်မြို့အနောက်ဘက် ဆယ်မိုင်လောက်အကွာ တန့်ဆည်-မဟာမြိုင်-ကလေးဝ လမ်း ပေါ်မှာရှိတာဖြစ်ပါတယ်။
လက်ရှိမှာတော့ စစ်ကောင်စီတပ်ဟာ တန့်ဆည်-ကံထူးမကားလမ်းအနီးက ကျေးရွာတွေကိုအခြေပြု စစ်ရေးလှုပ် ရှားနေတာကြောင့် ဒေသခံတွေအထူးသတိထားရမယ့်အခြေအနေဖြစ်သလို ရက်ရှည်စစ်ဘေးရှောင်ရနိုင်တယ်လို့ Infinity Groupကသတိပေးထားပါတယ်။
ဒါကြောင့် ဒေသခံ စစ်ရှောင်တွေအတွက် စားနပ်ရိက္ခာ အခက်အခဲကြုံတွေ့လာနိုင်တယ်လို့လည်း အသိပေး ထား ပါတယ်။