အရွယ်ငယ်ပေမယ့် အသံကျယ်တဲ့ ငါးမျိုးစိတ်ကို အမှတ်မထင် ရှာတွေ့

ဖေဖော်ဝါရီ၊ ၂၈

အရွယ်အစား အရမ်းသေးငယ်ပေမယ့် သေနတ်သံလို ကျယ်လောင်တဲ့ အသံမျိုး ထုတ်လွှတ်နိုင်တဲ့ ငါးမျိုးစိတ်ကို သိပ္ပံပညာရှင်တွေက အမှတ်မထင် ရှာဖွေ တွေ့ရှိခဲ့ပါတယ်။

Danionella Cerebrumလို့ နာမည်ပေးထားတဲ့ ငါးတွေဟာ သိပ္ပံပညာရှင်တွေ မှတ်တမ်းမတင်ရသေးတဲ့ မျိုးစိတ်သစ်တော့ မဟုတ်ပါဘူး။ ဒါပေမဲ့ လူ့လက်သည်းခွံ အရွယ်လောက်သာရှိတဲ့ ငါးလေးတွေဟာ အင်မတန် ကျယ်လောင်တဲ့ အသံမျိုး ဖန်တီးနိုင်တယ် ဆိုတာကိုတော့ ဂျာမနီနိုင်ငံ၊ ဘာလင်မြို့က သိပ္ပံပညာရှင်တွေဟာ မကြာသေးခင်ကမှ ဖော်ထုတ်လာနိုင်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီ ငါးလေးတွေဟာ Swim bladderလို့ခေါ်တဲ့ ကိုယ်အင်္ဂါ အစိတ်အပိုင်းကို အသုံးပြုပြီး အသံကျယ်ကြီးတွေ ဖန်တီးနိုင်တာလို့ ဆိုပါတယ်။

သိပ္ပံပညာရှင်တွေက ဓာတ်ခွဲခန်းမှာ မွေးမြူထားရာ ငါးကန်တွေကနေ စူးရှကျယ်လောင်လှတဲ့ ပဟေဠိဆန်ဆန် အသံတွေကို ကြားခဲ့ရတဲ့နောက် အကြောင်းရင်းကို စုံစမ်းရင်း အဲဒီငါးလေးတွေရဲ့ ထူးခြားတဲ့ စွမ်းရည်ကို ရှာတွေ့ခဲ့တာပါ။

ငါးလေးတွေနဲ့ ကပ်လျက်ရှိတဲ့ ရေထုထဲမှာ အသံဟာ ၁၄၀ ဒက်စီဘယ်လ် ယူနစ်နဲ့ ဖြတ်သန်းသွားပါတယ်။ အဲဒီ အတိုင်းအတာဟာ သေနတ်သံရဲ့ ကျယ်လောင်မှုနဲ့ တူညီပါတယ်။

၁၂ မီလီမီတာလောက်သာ ရှည်လျားတဲ့ ငါးလေးတွေဟာ မှတ်တမ်းတင် တွေ့ရှိဖူးသမျှ သက်ရှိ အားလုံးထဲမှာ အရွယ်အစားနဲ့ယှဉ်ရင် အသံအကျယ်ဆုံး ထုတ်လွှတ်နိုင်တဲ့ မျိုးစိတ်လို့ ယုံကြည်နေပါတယ်။ အဲဒီအသံကို ငါးလေးတွေက အချင်းချင်း ဆက်သွယ်ရာမှာ အသုံးပြုတယ်လို့လည်း ပညာရှင်တွေက ယူဆထားပါတယ်။

သဘာဝအရ တိရစ္ဆာန်တွေဟာ အရွယ်ကြီးလေ၊ ပိုပြီးကျယ်လောင်တဲ့ အသံကို ဖန်တီးနိုင်လေ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း Danionella Cerebrumတွေကတော့ အဲဒီ သီအိုရီကို သွေဖယ်ပြလိုက်တာ ဖြစ်ပါတယ်။ ရေအောက်ကမ္ဘာမှာတော့ အသံထုတ်လွှတ်မှုနဲ့ ပတ်သက်ရင် သမားရိုးကျ အမြင်တွေကို ချိုးဖောက်တဲ့ သက်ရှိ မျိုးစိတ်တွေ ရှိနေပါတယ်။

ဥပမာ ပစ္စတိုပုစွန်ဆိတ်လို့ ခေါ်တဲ့ ပုစွန်မျိုးဆိတ်ဟာ အရွယ်ငယ်ပေမယ့် သားကောင်တွေကို ဖမ်းစားဖို့နဲ့ ရန်သူတွေကို တွန်းလှန်ဖို့အတွက် ၂၀၀ ဒက်စီဘယ်လ်လောက် ကျယ်လောင်တဲ့ အသံလှိုင်းမျိုး ထုတ်လွှတ်ပြီး လက်နက်အဖြစ် အသုံးချလေ့ ရှိတယ်လို့ သိရပါတယ်။

 

Ref: Guardian