မင်းပြားရှိ စစ်ကောင်စီနောက်ဆုံးလက်ကျန် တိုင်းဗဟိုသင်တန်းကျောင်းကို AA သိမ်းပိုက်

ဖေဖော်ဝါရီ၊ ၂၇
 
မင်းပြားမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်ရဲ့နောက်ဆုံးလက်ကျန်ဖြစ်တဲ့ အမှတ် (၉) တိုင်းဗဟိုလေ့ကျင့်ရေးသင်တန်းကျောင်းကို ရက္ခိုင့်တပ်တော် (AA) က မနေ့က ဖေဖော်ဝါရီလ ၂၆ ရက်မှာ အပြီးသတ် သိမ်းပိုက်လိုက်ပြီလို့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေနဲ့ ဒေသခံတွေက ပြောပါတယ်။
 
AA ဟာ အဲဒီတိုင်းဗဟိုသင်တန်းကျောင်းကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၇ ရက်နေ့ မနက်ပိုင်းကတည်းက စတင်ထိုးစစ်ဆင်နေခဲ့တာဖြစ်ပြီး ဆယ်ရက်အကြာမှာ အပြီးသတ်သိမ်းနိုင်ခဲ့တာပါ။
 
“ကိုယ့်ဖက်(AA)က (တိုင်းဗဟို ၉)တခုလုံးကို ရသွားပါပြီ၊ စစ်တပ်ကတော့ လေယာဉ်တွေနဲ့ တညနေလုံး လာပစ်တယ်” လို့ AA နဲ့ နီးစပ်တဲ့ ဒေသခံသတင်းရင်းမြစ်က DNA ကို ဖေဖော်ဝါရီ ၂၆ ရက်က ပြောပါတယ်။
 
AA ဟာ မင်းပြားမြို့ပေါ်ရှိ အခြေစိုက်တပ်ရင်းသုံးခုနဲ့ တပ်စခန်းတွေကို ဇန်နဝါရီလနဲ့ ဖေဖော်ဝါရီ လဆန်းပိုင်းတွေမှာ သိမ်းပိုက်ခဲ့ပြီး မြို့ကို ထိန်းချုပ်ထားခဲ့ပါတယ်။
 
အခုအခါမှာတော့ မင်းပြားမြို့နယ်တခုလုံးအတွင်း စစ်ကောင်စီရဲ့နောက်ဆုံးလက်ကျန် တိုင်းဗဟို (၉) သင်တန်းကျောင်းကို ထပ်မံသိမ်းပိုက် ရရှိလိုက်တာပါ။
 
ဒါ့ကြောင့် မင်းပြားမြို့နယ်တခုလုံးအတွင်း စစ်ကောင်စီတပ်စခန်းတွေ ကင်းစင်သွားပြီဖြစ်ပြီး ဒေသတခုလုံး AA ထိန်းချုပ်မှုအောက် ရောက်သွားခဲ့ပြီလို့ ဒေသခံတွေက ဆိုပါတယ်။
 
“မင်းပြားမှာ တခုမကျန်တော့ဘူး၊ စစ်ကောင်စီစခန်းတွေ ကင်းရှင်းသွားပြီ” လို့ မင်းပြားဒေသခံတဦးက ပြောပါတယ်။
 
စစ်ကောင်စီတပ်ရဲ့ အမှတ် (၉) တိုင်းဗဟိုလေ့ကျင့်ရေးသင်တန်းကျောင်းဟာ မင်းပြားမြို့ရဲ့ အရှေ့တောင်ဘက် ၁၁ မိုင်ဝန်းကျင်အကွာ ကမ်းနီရွာ အနီးတောင်ခြေမှာ တည်ရှိတာဖြစ်ပြီး စစ်ကောင်စီတပ်သားတွေနဲ့ လက်အောက်ခံတွေကို လေ့ကျင့်ပေးတဲ့ သင်တန်းကျောင်း တခုဖြစ်ပါတယ်။
 
ရက္ခိုင့်တပ်တော် (AA) ဟာ ပြီးခဲ့တဲ့ တိုက်ပွဲကာလ ၂၀၁၉ နှစ်ကုန်ပိုင်းကလည်း တိုင်းဗဟို (၉) သင်တန်းကျောင်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ဖူးပြီး အပြီးသတ်သိမ်းပိုက်နိုင်ခြင်း မရှိခဲ့ပေမယ့် အသင့်အနေအထား ဝိုင်းရံပိတ်ဆို့ထားခဲ့တယ်လို့ နီးစပ်တဲ့ဒေသခံတွေက ပြောထားကြပါတယ်။
 
အပစ်ရပ်ကာလတွေနဲ့ အခုတိုက်ပွဲကာလတွေအတွင်း တိုင်းဗဟို (၉) သင်တန်းကျောင်းဝင်းထဲကနေ လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်လေ့ကျင့်တာ၊ အနီးတဝိုက်ပြည်သူတွေကို ခြောက်လှန့်ပစ်ခတ်တာတွေ ဆက်တိုက်လုပ်နေခဲ့ပြီး အဲဒီလက်နက်တွေကြောင့် အရပ်သားပြည်သူတွေနဲ့ ကျွဲနွားသေဆုံးမှုတွေလည်း ရှိခဲ့ပါတယ်။
 
ဒါ့အပြင် အဲဒီတိုင်းဗဟို (၉) အနီးပတ်လည်မှာလည်း စစ်ကောင်စီတပ်က မိုင်းတွေထောင်ထားတာကြောင့် ဒေသခံတွေမှာ သူတို့ရဲ့လယ်ယာနဲ့ စားကျက်မြေတွေကို အသုံးပြု၊ ထွက်ယက်နိုင်ခြင်း မရှိခဲ့ကြဘူးလို့လည်း ဆိုကြပါတယ်။
 
AA ဟာ ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်တို့အတွင်းမှ စစ်ကောင်စီလက်အောက်ခံ တပ်မဌာနချုပ်၊ တပ်ရင်း၊ တပ်စခန်းတွေကိုလည်း အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ AA နဲ့ ဒေသခံတွေ ပြောကြပါတယ်။
 
လက်ရှိမှာ မင်းပြား၊ ပေါက်တော၊ မြောက်ဦး၊ ကျောက်တော်၊ မောင်တောမြို့နယ် တောင်ပြိုမြို့၊ တောင်ကုတ်မြို့နယ် မအီမြို့နဲ့ ချင်းပြည်နယ် ပလက်၀မြို့တို့ကို သိမ်းပိုက်ထားပြီး ရမ်းဗြဲ၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်းတို့မှာလည်း မြို့သိမ်းနိုင်ရေး မြို့ပေါ်စခန်းတွေကို တိုက်ခိုက်နေပါတယ်။
 
ရခိုင်ပြည်နယ်အတွင်းမှာရှိတဲ့ စစ်ကောင်စီလက်အောက်ခံ စခန်းတွေအားလုံးကို တခုမကျန်တိုက်ခိုက်သွားမှာဖြစ်ပြီး လက်နက်ချအညံ့ခံကြဖို့လည်း AA ရဲ့ ထုတ်ပြန်ချက်တွေမှာ မကြာခဏ သတိထားပါတယ်။
 
ဓာတ်ပုံ – AA Info Desk