အမေရိကန် လေတပ်အမှုထမ်းတဦး အစ္စရေး သံရုံးရှေ့မှာ ကိုယ့်ကိုယ်ကိုယ် မီးရှို့

ဖေဖော်ဝါရီ၊ ၂၆

အမေရိကန်ရဲ့ လေတပ် အမှုထမ်း တဦးဟာ အစ္စရေး သံရုံးရှေ့မှာ ကိုယ့်ကိုယ်ကိုယ် မီးတင်ရှို့ခဲ့တယ်လို့ သိရပါတယ်။

အမေရိကန် လေတပ်က ဝါရှင်တန်ဒီစီ မြို့တော်မှာ ဖေဖော်ဝါရီ ၂၅ ရက်နေ့က ဖြစ်ပွားတဲ့ အထိတ်တလန့် မီးလောင်မှု ဖြစ်စဉ်မှာ လေတပ်သားတဦး ပါဝင် ပတ်သက်နေကြောင်း အတည်ပြု ကြေညာခဲ့ပါတယ်။

CNN သတင်းဌာနက ရရှိထားတဲ့ ဗီဒီယိုထဲမှတော့ အေရွန် ဘွတ်ရှ်နဲလ်လို့ ကိုယ့်ကိုယ်ကိုယ် နာမည် ဖော်ပြထားတဲ့ အမျိုးသား တဦးက လူမျိုးသုဉ်း သတ်ဖြတ်မှုထဲမှာ သူဝင်ရှုပ်မနေချင်တော့ဘူးလို့ ပြောကြားထားတာ တွေ့ရပါတယ်။ သူခံစားရမယ့် ဆင်းရဲဒုက္ခသည် ပါလက်စတိုင်း ပြည်သူတွေ ကြုံနေတာနဲ့ယှဉ်ရင် အသေးအဖွဲသာ ဖြစ်လိမ့်မယ်လို့လည်း အဲဒီ အမျိုးသားက ပြောကြားထားခဲ့ပါတယ်။

 သူဟာ ပါလက်စတိုင်း လွတ်လပ်ပါစေလို့ ကြွေးကြော်ရင်း အမည်မသိ အရည်တမျိုးကို ကိုယ်ပေါ်လောင်းချရင်း မီးရှို့လိုက်တာလို့ မျက်မြင်တွေက ပြောပါတယ်။ ရဲအရာရှိတွေ သူ့ဆီ အပြေးအလွှား ရောက်သွားပြီး မီးငြှိမ်းသတ်ပေးချိန်မှာတော့ ဘွတ်ရှ်နဲလ်က လဲကျသွားခဲ့ပါတယ်။ သူဟာ ဆိုးရွားလှတဲ့ မီးလောင်ဒဏ်ရာတွေကြောင့် အသက်အန္တရာယ် စိုးရိမ်ရတဲ့ အခြေအနေမျိုးနဲ့ ဆေးရုံမှာ ကုသမှု ခံယူနေရပါတယ်။

လေတပ် ပြောရေးဆိုခွင့်ရ အမျိုးသမီး ရို့စ်ရိုင်လီက လေတပ်ရဲ့ လက်ရှိ အမှုထမ်း အမျိုးသား တဦးဟာ အစ္စရေး သံရုံးရှေ့မျာ ကိုယ့်ကိုယ်ကိုယ် မီးတင်ရှို့ခဲ့တယ် ဆိုတာကို အတည်ပြုခဲ့ပါတယ်။ အစ္စရေး သံရုံးကလည်း မီးလောင်သွားသူဟာ သံရုံးဝန်ထမ်းတွေရဲ့ အသိအကျွမ်း တဦးဖြစ်ကြောင်း၊ ဖြစ်စဉ်မှာ သံရုံး​ဝန်ထမ်းတွေ ထိခိုက်ဒဏ်ရာရတာ မရှိကြောင်း ကြေညာပေမယ့် တခြား အသေးစိတ် အချက်အလက်တွေကိုတော့ မထုတ်ပြန်ခဲ့ပါဘူး။

မီးသတ်တပ်ဖွဲ့တွေ ရောက်သွားတဲ့ အချိန်မှာတော့ ဘွတ်ရှ်နဲလ်ရဲ့ ခန္ဓာကိုယ်ပေါ် လောင်ကျွမ်းနေတဲ့ မီးတွေကို ရဲတွေနဲ့ အထူးလုံခြုံရေး အေးဂျင့်တွေက ငြှိမ်းသတ်ထားပြီး ဖြစ်နေပါတယ်။ အခုဖြစ်စဉ်ဟာ အစ္စရေးရဲ့ ဂါဇာ ထိုးစစ်အပေါ် ရှုတ်ချတဲ့ ဆန္ဒပြ လှုပ်ရှားမှု တခုလို့ ယူဆရပေမယ့် နောက်ဆက်တွဲ အသေးစိတ် အချက်အလက်တွေကို ဆက်လက် စုံစမ်းနေဆဲပါ။

အဲဒီ လေတပ်သား စီးနင်းလာတဲ့ ကားကိုလည်း ဗုံးရှင်းလင်းရေး အဖွဲ့တွေက ရှာဖွေခဲ့ပေမယ့် အန္တရာယ်ဖြစ်တဲ့ ပစ္စည်းတွေတော့ ယူဆောင်လာတာ မတွေ့ခဲ့ရပါဘူး။

ဒီဇင်ဘာလတုန်းကလည်း အတ္တလန္တာမှာရှိတဲ့ အစ္စရေး ကောင်စစ်ဝန်ရုံးရှေ့မှာ ပါလက်စတိုင်းအလံ ယူဆောင်လာသူ တဦးက ကိုယ့်ကိုယ်ကိုယ် ဓာတ်ဆီလောင်း မီးရှို့ပြီး ဆန္ဒပြရာက အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရပါတယ်။

 

Ref: CNN