စစ်ပွဲကာလ နှစ်နှစ်အတွင်း ယူကရိန်းစစ်သည် သုံးသောင်းကျော် ကျဆုံးခဲ့တယ်လို့ သမ္မတပြော

ဖေဖော်ဝါရီ၊ ၂၆

ရုရှားရဲ့ ကျူးကျော်စစ်ပွဲကို တွန်းလှန်ရင်း ယူကရိန်းစစ်သည် ၃၁၀၀၀ လောက် ကျဆုံးခဲ့ရကြောင်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ပြောကြားခဲ့ပါတယ်။

ဒါဟာ စစ်ပွဲကာလ ၂ နှစ်အတွင်း နိုင်ငံရဲ့ စစ်မှုထမ်း အသေအပျောက် စာရင်းကို ယူကရိန်း အစိုးရက ပထမဆုံးအကြိမ် တရားဝင် ထုတ်ပြန်ခဲ့ခြင်းလည်း ဖြစ်ပါတယ်။ ရုရှားတပ်တွေ အိမ်နီးချင်း ယူကရိန်း နိုင်ငံထဲ ကျူးကျော်စစ် ဆင်နွှဲခဲ့တာဟာ ဖေဖော်ဝါရီ ၂၄ ရက်မှာတော့ ၂ နှစ်တင်းတင်း ပြည့်မြောက်ခဲ့ပါတယ်။ 

ဇီလန်စကီးက ခက်ခဲကြမ်းတမ်းလှတဲ့ ခုခံစစ်ပွဲ ကာလတလျှောက် အသေအပျောက် စာရင်းကို ထုတ်ဖော် ပြောကြားခဲ့သလို ယူကရိန်းရဲ့ စစ်ရေး အနာဂတ်ဟာ အနောက်မဟာမိတ် နိုင်ငံတွေဆီက အထောက်အပံ့တွေအပေါ် အများကြီး မူတည်နေတဲ့အတွက် စစ်ရေး အကူအညီတွေ ဆက်လက် ပေးပို့ဖို့လည်း တိုက်တွန်း တောင်းဆိုခဲ့ပါတယ်။

ဇီလန်စကီးက ရုရှားဖက်က သမ္မတ ဗလာဒီမာ ပူတင်နဲ့ အတွင်းစည်းက မသမာသူတွေ လိမ်လည် ပြောဆိုနေသလို ယူကရိန်းစစ်သည် တသိန်းခွဲ၊ ဒါမှမဟုတ် သုံးသိန်းလောက် သေကြေပျက်စီးခဲ့တာမျိုး မဟုတ်ကြောင်း၊ ဒါပေမဲ့ ၃၁၀၀၀ လောက်ကတော့ နိုင်ငံကို ကာကွယ်ရင်း အသက်ပေးခဲ့ရကြောင်း ပြောကြားခဲ့ပါတယ်။

သူက ထိခိုက်ဒဏ်ရာရမှု ဦးရေကိုတော့ တိတိကျကျ ထုတ်ပြောဖို့ ငြင်းဆိုခဲ့ပါတယ်။ ဒါဆိုရင် စစ်မြေပြင်ကနေ အင်အား ဘယ်လောက်လောက် စွန့်ခွာသွားရသလဲ ဆိုတာကို ရုရှားဆီ အသိပေးလိုက်သလို ဖြစ်သွားနိုင်တာကြောင့် အဲဒီ ကိန်းဂဏန်းကိုတော့ ထုတ်မပြောနိုင်ဘူးလို့ ဇီလန်စကီးက ဆိုပါတယ်။

ဇီလန်စကီး ထုတ်ပြောတဲ့ အကျအဆုံး အရေအတွက်ဟာ မနှစ်တုန်းက အမေရိကန်ရဲ့ ခန့်မှန်းခဲ့ဖူးတဲ့ အခြေအနေထက် အများကြီး လျော့နည်းနေပါတယ်။ New York Times သတင်းစာက အမေရိကန် အစိုးရ အတွင်းစည်း အရာရှိ တချို့ရဲ့ အဆိုကို ကိုးကားပြီး ယူကရိန်းဟာ စစ်ပွဲမှာ အသေအပျောက် ၇ သောင်းလောက်ထိ ရှိခဲ့ပြီး ဖြစ်တယ်လို့ ဖော်ပြခဲ့ပါတယ်။

လောလောဆယ်မှာတော့ အကြောင်းအမျိုးမျိုးကြောင့် အမေရိကန်နဲ့ အနောက်မဟာမိတ် နိုင်ငံတွေရဲ့ စစ်လက်နက် အထောက်အပံ့တွေ မရရှိဘဲ ကြန့်ကြာနေခြင်းက ယူကရိန်းကို အကြီးအကျယ် အကျပ်တွေ့နေစေပါတယ်။ ဇီလန်စကီးကတော့ အဲဒီအခြေအနေနဲ့ ပတ်သက်လို့ မဟာမိတ်တွေအပေါ် အပြစ်တင်ဖို့ ငြင်းဆိုခဲ့ပါတယ်။ အမေရိကန်ဟာ ယူကရိန်းအတွက် စစ်သုံးစရိတ် ဒေါ်လာ ၆၀ ဘီလီယံလောက် ထောက်ပံ့ဖို့ လျာထားပေမယ့်လည်း လွှတ်တော်ထဲက မူဝါဒရေးရာ အားပြိုင်မှုတွေကြောင့် အဲဒီငွေကြေးတွေကို လက်တွေ့ မလွှဲပြောင်းနိုင်သေးဘဲ အရှုပ်အထွေးတွေ ကြုံနေတာလည်း ဖြစ်ပါတယ်။

 

Ref: Axios