မိုင်းပွန်နဲ့ ဟိုပုံးကြား တိုက်ပွဲတွေဆက်ဖြစ်နေလို့ ကားရာချီပိတ်မိနေ

ဖေဖော်ဝါရီ ၊ ၂၅
 
ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းပွန်မြို့နဲ့ ဟိုပုံးမြို့ကြားမှာ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA)နဲ့ စစ်ကောင်စီ၊ ပအိုဝ်းပြည်သူ့စစ် (PNO/PNA) ပူးပေါင်းတပ်တွေကြား တိုက်ပွဲတွေ ဆက်ဖြစ်နေလို့ မိုင်းပွန်မြို့မှာ ကုန်တင်ကုန်ကားကြီးတွေ အပါအဝင် ခရီးသွားကားတွေ ရာနဲ့ချီ ပိတ်မိနေတယ်လို့ မြို့ခံတဦးက ပြောပါတယ်။
 
” ခေါင်းနွဲ့ နဲ့ မိုင်းပွန်မြို့တံတား တောင်ကြီးမြို့ အတက်ဘက်မှာ ကားတွေရှိနေသေးတယ်၊ ကုန်ကားကြီးတွေလဲပါတယ် အိမ်စီးကားတွေရော ” လို့ သူကဆိုပါတယ်။
 
မိုင်းပွန်မြို့အထွက် တံတားမှာ စစ်ကောင်စီတပ်က တပ်ချထားပြီး တံတားကို သာမန်အရပ်သားတွေကို ဖြတ်သန်းသွားလာခွင့်မပြုဘဲ ဌာနဆိုင်ရာ ဝန်ထမ်းတွေနဲ့ စစ်တပ်နဲ့ နီးစပ်သူတွေကိုသာ ပေးသွားခိုင်းတဲ့အတွက် အခုလို ကားတွေ အများအပြားပိတ်မိနေတာပါ။
 
မြို့ပေါ်မှာ ပိတ်မိနေတဲ့ ကားသမားတွေနဲ့ ခရီးသွားပြည်သူတွေကို ဒေသခံတချို့နဲ့ အလှူရှင်တွေက စုပေါင်းပြီး ထမင်းထုပ်ဝေပြီး ကူညီပေးထားရတယ်လို့ သူကဆက်ပြောပါတယ်။
 
” မြို့ထဲမှာတော့ ရုံးတွေဖွင့်ပေးမယ် ရုံးထဲမနေကြဘူး။ ရဲစခန်းတစ်ခု တပ်တစ်ခုပဲ ရှိတာပါ၊ ကျန်တာ ရုံးအသေးလေးတွေပေါ့။ သူတို့ အသိမ်းခံရမှာကြောက်လို့ လမ်းကြောင်းပိတ်ထားမြင်မိပါတယ် ” လို့သူကဆိုပါတယ်။
 
မိုင်းပွန်မြို့မှာ ကုန်တင်ယာဉ်အကြီးတွေ ပိတ်မိနေတာ လေးရက်လောက်ရှိပြီဖြစ်တဲ့အတွက် ပုတ်သိုးလွယ်တဲ့ ကုန်ပစ္စည်းတွေ အကုန်ပျက်ဆီးသွားတယ်လို့ သူကဆက်ပြောပါတယ်။
 
” အရွက် နဲ့ ငါးတွေ ရေခဲရိုက်ထားတဲ့ပုံးတွေ ကွမ်းခြင်းတွေ ပျက်တာများတယ် ” လို့ သူကဆိုပါတယ်။
 
လက်ရှိမှာ မဖြစ်မနေ ခရီးသွားဖို့ လိုအပ်သူတချို့က ပင်လုံမြို့မှတဆင့် ကျောက်တန်းလမ်း (အရပ်ခေါ်) က သွားလာနေကြပေမယ့် အတက်အဆင်းကြမ်းတဲ့အတွက် ကားဘရိတ်ပေါက်ပြီး သေဆုံးသူတွေ ရှိတယ်လို့လည်း အဲဒီလမ်းပိုင်း အခြေအနေသိရှိသူတဦးက ပြောပါတယ်။
 
” ဘယ်သူမှ မလာရဲ ကြဘူးလေ အဲလမ်းကို၊ မတက်သာလို့သွားရတဲ့ လမ်းဖြစ်နေတာ ” လို့ သူကဆိုပါတယ်။
 
ဟိုပုံးမြို့အရှေ့ဘက် ၁၅ မိုင်ခန့်အကွာ၊ မိုင်းပွန်မြို့ရဲ့ အနောက်ဘက် ဆယ်မိုင်ကျော်အကွာမှာရှိတဲ့ ထမ်းဆန်းဂူ တဝိုက်မှာ စစ်ကောင်စီတပ်နဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်တွေကြား ထိတွေ့တိုက်ပွဲ ဖြစ်နေတာပါ။
 
ဒီကနေ့မနက်ပိုင်းက စစ်ကောင်စီတပ်က မိုင်းပွန်မြို့အနီးက ကျေးရွာတွေကို လေကြောင်း ကတဆင့် လာရောက်ပစ်ခတ်ခဲ့သလို လက်နက်ကြီးတွေနဲ့လည်း ပစ်ခတ်နေတယ်လို့ အထက်ပါ ဒေသခံတွေက ဆိုပါတယ်။
 
” လောလောဆယ်တော့ မြို့ထဲမှာ တချို့ တဝက်ကျန်နေသေးတယ်။ ရွာကလူတွေကတော့ စစ်ရှောင်နေကြရတယ် ” လို့ သူကဆိုပါတယ်။
 
တိုက်ပွဲတွေကြောင့် ဟိုပုံးနဲ့ မိုင်းပွန်က ဒေသခံတွေဟာ တောင်ကြီးမြို့ပေါ်နဲ့ လွိုင်လင်မြို့ဖက်ကို ထွက်ပြေးတိမ်းရှောင်နေရတာလို့ သူကဆိုပါတယ်။
 
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်တဲ့ ဟိုပုံးမြို့အရှေ့ဖက်ခြမ်းရှိ စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ် ပူးပေါင်းအဖွဲ့တို့ တပ်စွဲနေရာယူထားတဲ့ လွယ်ဝိုးတုတ် စခန်းကို PNLA က ဒီလ ၂၃ ရက်နေ့မှာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်။
 
စစ်ကောင်စီက မနေ့က ဖေဖော်ဝါရီလ ၂၄ ရက်နေ့မှာ တိုက်ပွဲဖြစ်ပွားတာ မရှိတော့ဘဲ လေကြောင်းကတဆင့် ခြောက်ကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်ခဲ့လို့ လွယ်ဝိုးတုတ်ရွာက ပြည်သူပိုင်နေအိမ် ရှစ်လုံး မီးလောင်သွားတယ်လို့ PNLA ကထုတ်ပြန်ထားပါတယ်။
 
ဒါ့အပြင် စစ်ကောင်စီတပ်က ထမ်းဆန်းဂူ ဒေသနဲ့ ထမ်းဆန်းရွှေတိဂုံ စေတီတော်မှာ လက်နက်ကြီးတွေနဲ့ အထိုင်ချထားပြီး မဲနယ်တောင်ဒေသကို ပစ်ခတ်တိုက်ခိုက်နေတာ ဖြစ်သလို ခရီးသွားပြည်သူတွေရဲ့ ကားတွေကိုလည်း ပစ်ခတ်မှုတွေ လုပ်နေတယ်လို့ ဆိုပါတယ်။
 
ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသဖြစ်တဲ့ ဆီဆိုင်မြို့ကို ပြီးခဲ့တဲ့ ဇန်နဝါရီလကုန်လောက်မှာ PNLA နဲ့ မဟာမိတ်တပ်တွေက သိမ်းပိုက်ထိန်းချုပ်ထားပြီးနောက် လက်ရှိမှာတော့ ဆီဆိုင်မြို့နဲ့ ထိစပ်နေတဲ့ ဟိုပုံးဘက်မှာပါ တိုက်ပွဲတွေ ပြင်းထန်လာတာပါ။
 
နှစ်ဖက်တိုက်ပွဲတွေကြောင့် ဟိုပုံး၊ ဆီဆိုင် နဲ့ လွိုင်လင်မြို့နယ် သုံးခုရှိ ကျေးရွာပေါင်း ၁၂၀ ကျော်နဲ့ ရပ်ကွက် ခြောက်ခုက ဒေသခံ ကိုးသောင်းကျော်လောက် နီးစပ်ရာ ဒေသတွေမှာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ပအိုဝ်းလူငယ်အဖွဲ့က ထုတ်ပြန်ထားပါတယ်။
 
ဓာတ်ပုံ – Social Media