အမ်းမြို့ တိုင်းစစ်ဌာနချုပ်(နပခ) အနီးရှိ ရွာတွေကို စစ်တပ်က နှင်ထုတ်နေ

ဖေဖော်ဝါရီ၊ ၂၅
 
စစ်ကောင်စီရဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ) တည်ရှိရာ အမ်းမြို့နယ်မှာ စစ်ကောင်စီတပ် အနီးဝန်းကျင်ရှိ ရွာတွေမှ ဒေသခံပြည်သူတွေကို ရွေ့ပြောင်းကြဖို့ စစ်ကောင်စီတပ်သားတွေက လာရောက်သတိပေးနေတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
 
“အနားက ရွာတွေအကုန် ပြောင်းကြဆိုပြီး စစ်သားတွေက လာပြောတာ၊ မြို့နားကရွာတွေ တော်တော်များများပါတယ်၊ ဘယ်နေ့အပြီး ရွှေ့ရမယ်၊ ဘယ်ကိုရွှေ့ရမယ်လို့တော့ မပြောဘူး၊ ပြေးစရာနေရာလည်း မရှိဘူး” လို့ အမ်းမြို့မှ ဒေသခံအမျိုးသားတဦးက DNA ကို ပြောပါတယ်။
 
အမ်းမြို့ နပခအနီးပတ်လည်ရှိ ပဲပဒုံ၊ ဆင်တိုး၊ ပြောင်းချောင်း၊ ချင်းကုန်း စတဲ့ရွာတွေကို နှင်ထုတ်နေတာဖြစ်ပြီး အဲဒီရွာတွေမှာ လူဦးရေထောင်ဂဏန်းရှိတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
 
ရခိုင်ပြည်နယ်အတွင်း ရက္ခိုင့်တပ်တော်(AA) ရဲ့ မြို့သိမ်းတိုက်ပွဲတွေနဲ့ ထိုးစစ်တွေ အရှိန်မြင့်လာချိန်မှာ စစ်ကောင်စီတပ်က ရွာတွေကို ရွှေ့ပြောင်းခိုင်းနေတာပါ။ စစ်ကောင်စီတပ်အနေနဲ့ အဲဒီလိုရွာတွေကို ရွှေ့ပြောင်းခိုင်းနေတာဟာ လုံခြုံရေးအရ စိုးရိမ်တာမို့ အကာအကွယ်ကင်းစခန်းတွေ ထပ်ချဖို့ ဖြစ်နိုင်တယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။
 
“ဘယ်တော့ တိုက်ခံရမလဲဆိုပြီး စိုးရိမ်နေကြရတဲ့ အနေအထား ဖြစ်နေပြီလေ၊ ဆိုတော့ ကြောက်လို့ လူတွေကို ဒုက္ခလိုက်ပေးနေတာ” လို့ အမ်းမြို့နယ်မှ လူမှုရေးတက်ကြွလှုပ်ရှားသူတဦးက ဆိုပါတယ်။
 
ဒါ့အပြင် အမ်းမြို့ပေါ်မှာ နေထိုင်တဲ့ ပြည်သူတွေကိုလည်း မြို့ပြင်ထွက် သွားလာခွင့်တွေ ကန့်သတ်ထားပြီး တိုက်ပွဲတွေ ဖြစ်လာခဲ့ရင် လူသားဒိုင်းကာအဖြစ် အသုံးချဖို့ ပြင်ဆင်နေတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
 
“မြို့ထဲက အဝင်အထွက်တွေ အကုန် ပိတ်ထားတယ်၊ မြို့ထဲမှာလည်း ဗုံးခိုကျင်းတွေ မတူးရဘူး၊ တူးရင်လာဖျက်ခိုင်းတယ်၊ ပြည်သူတွေကို ဒိုင်းကာလုပ်ထားတာ၊ ဘယ်မှလည်း သွားလို့မရဘူး” လို့ အမ်းမြို့ခံနောက်တဦးက ပြောပါတယ်။
 
လက်ရှိမှာ AA ဟာ ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ မြို့နယ်အများစုကို သိမ်းပိုက်ထားပြီး အမ်းမြို့နယ်မှာလည်း မြို့ပေါ် နပခနဲ့ မိုင်နှစ်ဆယ်ဝန်းကျင်အကွာ ကစုကိုင်းရွာအနီးရှိ စစ်ကောင်စီတပ်စခန်းအချို့ကို သိမ်းပိုက်ထားပါတယ်။
 
ပြီးခဲ့တဲ့ ၂၀၂၃ နိုဝင်ဘာ ၁၃ ရက်က စခဲ့တဲ့ ရခိုင်ဒေသတိုက်ပွဲတွေဟာ ပြည်နယ်မြို့တော် စစ်တွေအနီးသို့ ရောက်လာပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တည်ရှိရာ အမ်းမြို့နယ်အပြင် တောင်ပိုင်းမြို့နယ်တွေအထိပါ ကျယ်ပြန့်လာနေတာပါ။
 
ပြည်နယ်တောင်ပိုင်းမြို့တွေဖြစ်တဲ့ တောင်ကုတ်၊ သံတွဲ၊ ဂွမြို့နယ်တို့မှာလည်း စစ်ကောင်စီတပ်က အင်အားဖြည့်၊ စစ်ရေးပြင်ဆင်တာတွေ ဆက်တိုက်လုပ်နေပြီး အရပ်သားပြည်သူတွေကို ဖမ်းဆီးတာ၊ သွားလာခွင့်ပိတ်ဆို့တာတွေလည်း ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
 
စစ်ကောင်စီတပ်ဟာ ဒေသကွပ်ကွဲမှုစစ်ဌာနချုပ်(ဒကစ) တည်ရှိတဲ့ မြို့တော်စစ်တွေမှာလည်း စစ်ကောင်စီတပ်ရင်းနဲ့ မြို့အနီးပတ်လည်ရှိ ရွာတွေကို ဝင်ရောက်စစ်ကြောင်းထိုး၊ ဖမ်းဆီးတာ၊ မီးရှို့တာတွေ လုပ်ကာ ဒေသခံတွေ ရွှေ့ပြောင်းကြဖို့ ဖိအားပေးခဲ့ပြီး စစ်စခန်းသစ်တွေ တိုးချထားပါတယ်။
 
ရခိုင်ဒေသ တကျော့ပြန်တိုက်ပွဲ သုံးလကျော်အတွင်း ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ပေါက်တော၊ မောင်တောမြို့နယ် တောင်ပြိုနဲ့ တောင်ကုတ်မြို့နယ် မအီမြို့တို့ကို AA က သိမ်းပိုက်ထားပြီး ရသေ့တောင်၊ ပုဏ္ဏာကျွန်း၊ ရမ်းဗြဲမြို့တို့ကိုလည်း သိမ်းပိုက်နိုင်ရေး ထိုးစစ်ဆင်နေပါတယ်။
 
ဒါ့အပြင် မောင်တော၊ ဘူးသီးတောင်နဲ့ ကျောက်ဖြူမြို့နယ်တို့မှာလည်း နှစ်ဖက်တိုက်ပွဲတွေ ရှိနေပါတယ်။ AA ဟာ ရခိုင်ပြည်နယ်အတွင်းရှိ စစ်ကောင်စီစခန်းတွေ အားလုံးကို တခုမကျန် တိုက်ခိုက်သိမ်းပိုက်သွားမယ်လို့ ကြေငြာထားပြီး စစ်ကောင်စီတပ်တွေအနေနဲ့ လက်နက်ချအညံ့ခံကြဖို့ သတိပေးထားပါတယ်။
 
ဓာတ်ပုံ – Social Media